ခင်ဗျား မှတ်ပုံတင်က တရားမ၀င်ဘူး။ အဲဒီတော့ ခင်ဗျားကို ပေးသွားလို့ မရဘူး။ ခင်ဗျား သွားချင်ရင်တော့ ဒဏ်ကြေး ၅၀၀ ဆောင်ခဲ့ပါ။ မဟုတ်ရင်တော့ ခင်ဗျား နေခဲ့လိုက်တော့။
ဖြစ်တဲ့ အချိန်က ညနေစောင်း ၃ နာရီလောက်။ ဖြစ်တဲ့နေရာက သံတွဲမြို့ရဲ့ အထွက် လုံခြုံရေး စခန်း တစ်ခုမှာ။ သံတွဲကနေ အလုပ်ကိစ္စ ဆောင်ရွက်ပြီးလို့ ပြန်လာတဲ့ သူတို့ ခရီးသည်တင်ကားကို ၀ါးလုံးဂိတ်လို့ အလွယ်ခေါ်ကြတဲ့ နေရာ တစ်ခုမှာ မှတ်ပုံတင် စစ်ရင်းနဲ့ ဖြစ်တာ။ သမားရိုးကျလို ဖြစ်နေတဲ့ ခရီးသွား ကားစီး ပရိသတ်တွေကတော့ အစောကတည်းက မှတ်ပုံတင်လေးကိုင်၊ ပိုက်ဆံ ၅၀၀ တန် တစ်ရွက်ကို လက်ကြားမှာ ညှပ်လို့။ သူတန်းစီတဲ့ အထဲ တော်တော်လေး နောက်ကျပါတယ်။ ကားပေါ်ပါလာတဲ့ ခရီးသည်နဲ့ သူကိုင်လာတဲ့ မှတ်ပုံတင်နဲ့ တိုက်စစ်၊ အမည် မှန်တယ် မှတ်ပုံတင်နံပတ် မှန်တယ်ဆိုရင် သွားပေါ့။ နည်းနည်းလေး စကားသံထွက်လာရင် ဆရာ ရော့ဆိုပြီး ၅၀၀ တန်လေး ထိုးပေးလိုက်။ ကိစ္စ၊ ၀ိစ္စ အကုန်ငြိမ်း။
သူ့အလှည့်ကျတော့ မှတ်ပုံတင်ကို ကြည့်တယ်။ သူ့ရဲ့ မှတ်ပုံတင်က အုပ်ထားတဲ့ ပလပ်စတစ် လေကမလုံလေတော့ စာလုံးတွေက တဖြည်းဖြည်း မှုံဝါးလို့ တော်တော်လေး သေသေချာချာ ဖတ်မှ မြင်ရတဲ့ အနေအထား။ မှတ်ပုံတင် ရုံးမှာ သွားလဲရင် အနည်းလေး ၃ ၄ လလောက် ကြာမယ်ဆိုတဲ့ အခါ ခရီးသွားဖို့ လိုနေတဲ့ သူ့အတွက် လဲဖို့က အချိန်မရှိ။ အလာခရီးစဉ် တောက်လျှောက် စစ်လိုက်တဲ့ မှတ်ပုံတင်၊ ဘာပြဿနာမှသာ မရှိတယ်။ ခဏခဏကို ကားကရပ်လိုက်။ အောက်ဆင်း လမ်းလျှောက်လိုက်။ ကားပေါ်ပြန်တက်လိုက်နဲ့။ အခု အပြန်ကျတော့ စကားက ပြောရပြီ။ ပြောတဲ့ သူက (အရာရှိလို့တော့ ယူဆပါတယ်) စွပ်ကျယ်နဲ့ ပုဆိုးတိုတိုဝတ်လို့။ တာဝန်ချိန် တာဝန် ထမ်းဆောင်နေသူ တစ်ဦးက တာဝန်အရ ပြောတဲ့စကားကို လိုက်နာချင်တဲ့ သူတောင် ၀တ်ဆင်ထားတဲ့ ယူနီဖောင်းကြောင့် လိုက်နာချင်စိတ် ကုန်သွားတယ်။
အိုကေ၊ ဒါဆို ကျွန်တော် ဒဏ်ကြေးဆောင်မယ်။ ခင်ဗျား အဲဒီမှတ်ပုံတင် တရားမ၀င်ပါကြောင်း စာရွက်တစ်ရွက်နဲ့ ရေး၊ ပြီးရင် ခင်ဗျားရဲ့ လ၀က နံပတ်ကိုရေး လက်မှတ်ထိုး။ ဒဏ်ကြေး ၅၀၀ မဟုတ်ဘူး။ တစ်ထောင်ဆိုလည်း ဆောင်မယ်ဗျာ။ အဲဒီလက်မှတ်ထိုးထားတဲ့ စာရွက်လေးတော့ ကျွန်တော့ကို ချီးမြှင့်။
ဆိုတော့ ခုနက မှတ်ပုံတင် တရားမ၀င်ပါဘူးဆိုတဲ့ တစ်ယောက်က (ခေတ်စကားနဲ့ ပြောမယ်ဆိုရင်) ဘုရှိုးပြန်ရှိုးတယ်။ လူဝင်မှု ကြီးကြပ်ရေးက တရားဝင်ထုတ်ပေးထားတဲ့ မှတ်ပုံတင်ကို သူ့အနေနဲ့ တရားမ၀င်ပါဘူးလို့ လက်မှတ်က မထိုးရဲ။ ဒဏ်ကြေး ၅၀၀ ကို လိုချင်တာသာ ပဓာန။ တစ်ယောက်ကို ၅၀၀၊ ကားတစ်စီးကို အနည်းလေး လူ ၄၀ ပါတဲ့အထဲ အယောက် ၂၀လောက်ကတော့ တစ်ကြောင်းမဟုတ် တစ်ကြောင်း ကျပ် ၅၀၀ ကိုတော့ စကားမပြောချင်တာနဲ့ပဲ ပေးလှုနေကျ။ ကားတစ်စီးကို ငွေ ၁၀၀၀၀၊ တစ်နေ့ကို အဲဒီ ခရီးလမ်းက ကားစီးရေ ၅၀ ဆိုတာ အနည်းဆုံး ဖြတ်သန်း သွားလာနေကျ ဆိုတော့ ကားစီးရေ ၅၀ အတွက် ငွေကျပ် ၅ သိန်း။ ရုံးကို ဒဏ်ကြေးအနေနဲ့ ဘယ်လောက် ပြန်ရောက် မရောက်တော့ မသိ။ သေချာတာတော့ အကုန်ပြန်မရောက်တာက မြေကြီး လက်ခတ်မလွဲ။
သူ တစ်ယောက်တည်းကြောင့် ကားကထွက်မရ ဖြစ်နေတဲ့ ခါကျတော့ စပယ်ယာ လုပ်တဲ့သူက လာတောင်းပန်တယ်။
အစ်ကိုရယ် ပိုက်ဆံ ၅၀၀ လောက်နဲ့တော့ စကားပြောမနေပါနဲ့တော့။ ဟိုမှာ ကျန်တဲ့သူတွေလည်း ကားပေါ်ရောက်နေကြပြီ။ ပေးလိုက်ပါ အစ်ကိုရယ်။ အစ်ကို မပေးလို့ရှိရင် နောက်အခေါက်တွေမှာ ကျွန်တော်တို့ ကားဒီနေရာကို ဖြတ်ရင် ပြဿနာတက်မှာ အစ်ကိုရဲ့။
သူ့မှာ ဘာမှ ပြောစရာ မကျန်တော့။ ကားပေါ်က တစ်ခရီးတည်းသွား ခရီးသည်တွေကို တလှည့် စပယ်ယာကို တစ်လှည့် ကြည့်ရင်း နောက်ဆုံးမတော့ အိပ်ထောင်ထဲက ငွေကျပ် ၅၀၀ ကို သဒ္ဓါတရား တစ်စက်မှ မပါဘဲ ပေးကမ်းလှုဒါန်းရင်း ခရီးစဉ် ကို ဆက်လက် ထွက်ခွာခဲ့ရပါတော့တယ်။
ကားပေါ်ရောက်တော့မှ အတူခရီးသွား တွေရဲ့ ပြောစကားအရ သိရတယ်။ မှတ်ပုံတင်က အဓိက မဟုတ်ပါဘူး အစ်ကိုရာ။ ၅၀၀ က အဓိကပါ တဲ့။
သူ့ရဲ့ စိတ်ထဲမှာတော့ …. အော်… ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်… လို့ပဲ တွေးရင်း……








