Oct 7, 2008

Changing Of Holidays & DV2010

စင်္ကာပူရောက် သူငယ်ချင်း ဘလော်ဂါအပေါင်း သူတော်ကောင်းတို့။ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ပျော်ရွှင်စရာ သတင်းကောင်းဝေမျှလိုပါတယ်။ များမကြာမီမှာ ကျရောက်တော့မဲ့ ဒီပါဝါလီ ရုံးပိတ်ရက်ဟာဖြင့် ယခင်နှစ် ရုံးပိတ်ရက်များ ထုတ်ပြန်ကြော်ငြာရာမှာ အောက်တိုဘာလ 28 ရက် (အင်္ဂါနေ့)လို့ ဖော်ပြ ထားခဲ့ပေမဲ့လို့ သက်ဆိုင်ရာ အိန္ဒိယ ဘာသာရေး ပြက္ခဒိန်များနဲ့ ညှိနှိုင်း၊ တွက်ချက်လိုက်တဲ့ခါကျတော့ အောက်တိုဘာလ 27 ရက် (တနင်္လာနေ့) ကျရောက်နေတာမို့လို့၊ 28/10/2008 ကနေပြီးတော့ 27/10/2008 ကို ပြောင်းလဲလိုက်တယ်လို့သိရပါတယ်။ ဒါကြောင့်မို့ တစ်နှစ်တာ ရက်များအတွင်း ရှားပါးလှစွာသော 3 ရက်ဆက်တိုက် ရုံးပိတ်ရက်ကို ပျော်ရွှင်စွာ ဖြတ်သန်းကြနိုင်စေဖို့ လက်တို့လိုက်ရပါတယ်။ ယမန်နှစ်က ရုံးပိတ်ရက်များ ကြေငြာချက်ကို ဒီနေရာမှာ ဖတ်ရှုနိုင်ပြီး၊ ပြင်ဆင်ချက်ကိုတော့ ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

နောက်သတင်းထူးလေး တစ်ခုကတော့ ရန်ကုန်မြို့က အင်တာနက် ကဖေးဆိုင်တွေမှာ ခါတော်မီ လုပ်စားနိုင်စေဖို့ (အဲလေ…) ၀န်ဆောင်မှု ပေးနိုင်ဖို့ အမေရိကန်ဗီဇာ ကံစမ်းမဲ 2010 ကတော့ အောက်တိုဘာ 2 ရက်နေ့ကနေ စတင်ပါပြီ။ အောက်တိုဘာလ 2 ရက်နေ့ကနေ နိုဝင်ဘာလ 31 ရက်နေ့ အထိ လျှောက်လွှာများ တင်သွင်းလျှောက်ထားနိုင်ပြီး အကယ်၍များ ပေါက်ခဲ့မယ်ဆိုရင်တော့ နောက်နှစ် နှောက်နှစ်မှာ အန်ကယ်ဆမ်ဆီကို ပြောင်းရွှေ့သွားရောက် နေထိုင်နိုင်မှာ ဖြစ်တဲ့အတွက် ရတဲ့ အခွင့်အရေး လက်လွှတ်မခံဘဲ လျှောက်ထားနိုင်စေဖို့ ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာ ဖတ်ရှု၊ လေ့လာ လျှောက်ထားနိုင်ပါတယ်။

Sep 29, 2008

Online Business

မောင်လူအေး အွန်လိုင်းပေါ်တက်ပြီး လျှာရှည်ခြင်း လုပ်ငန်း စတင်ပါတော့မယ်။ မျက်စိလည် လမ်းမှားပြီး လာရောက် ဖတ်ရှုကြတဲ့ စာရှုသူများ မျက်စိ အညောင်း ခံကြခြင်း အတွက် ကျေးဇူး ဥပကာရ တင်ရှိပါတယ်ဗျာ။ ကိုယ်ပြောချင်ရာ ပြောဖို့အတွက် ကြိုတောင်းပန်ထားရတာပေါ့လေ။

ဘလော့ဆိုတဲ့ ရပ်ဝန်းကြီးမှာ အမည်နာမ အမျိုးမျိုး၊ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဘလော့တွေ ရေးသား လာကြတာ ခုဆိုရင် မြန်မာ ဘလော့တွေ တော်တော်များများ ရှိနေပါပြီ။ တကယ်ဆို ဖတ်ကို မနိုင်တော့လောက်အောင် များပြား နေတာပါ။ ရေးသားကြတဲ့ အကြောင်းအရာ အရရော အရေးအသားပိုင်းပါ အလွန်တရာမှ ကောင်းမွန်ကြတာ တွေ့ရပါတယ်။

ဘလော့ရေးကြတဲ့ အရွယ်တွေဆိုရင် လူငယ်၊ မြီးကောင်ပေါက် ဘ၀ကနေ လူကြီး အသက်တော်တော် ကြီးကြီးအထိ၊ ရေးတဲ့ အကြောင်းအရာတွေကလည်း လူမှုရေး၊ ပညာရေး၊ အနုပညာ၊ အတတ်ပညာ ကဏ္ဍတွေ တော်တော်ကလေးကို စုံလင်တာတွေ့ရပါတယ်။ အဲဒီထဲမှာ မောင်လူအေး မသိတာလည်း ဖြစ်နိုင်သလို၊ ရှာမတွေ့ သေးတာလည်း ဖြစ်နိုင်တာ ဖြစ်ပါမယ်။ စီးပွားရေး ဘလော့တွေ မတွေ့ရသလောက် ပါပဲ။

အခု ဘလော့ ရေးသားနေကြတဲ့ လူငယ်တွေ ထဲမှာ ကျွမ်းကျင်မှု၊ အတတ်ပညာတွေ ကိုယ်စီ ရှိကြတာတော့ ငြင်းစရာ မရှိပါဘူး။ ဆိုတော့ကာ သူများ နိုင်ငံတွေက ဘလော့တွေ လိုက်ရှာဖွေ မွှေနှောက် ကြည့်တဲ့ခါကျတော့ အတော်များများမှာ စီးပွားရေး ဘလော့လေးတွေ တွေ့ရတယ်ဗျ။ စီးပွားရေး ဘလော့ဆိုလို့ ကုမ္ပဏီကြီးတစ်ခု ထောင်မှ မဟုတ်ပါဘူးဗျာ။ လောလောဆယ် ကိုယ်တိုင် လုပ်ဆောင်နေတဲ့ လုပ်ငန်းခွင်ထဲက ကိုယ့်ရဲ့ ကျွမ်းကျင်မှုရှိတဲ့ ပညာရပ် နယ်ပယ် တစ်ခုခုထဲက ကျွမ်းကျင်မှုလေးကို အွန်လိုင်းပေါ်ကနေ ရောင်းချမယ်ဆိုရင် ဘာမှ ပိုမို ကုန်ကျစရာ မရှိဘဲ လုပ်ငန်း အဆက်အသွယ် ရလာနိုင်စရာ ရှိပါတယ်။

ဆိုပါတော့ဗျာ။ လက်ရှိ အဲယားကွန်း ဆားဗစ်တစ်ခုမှာ အလုပ်လုပ်နေတဲ့ ဘလော့ဂါတစ်ယောက်၊ အဲယားကွန်း တပ်ဆင်ပြုပြင်မှု ကျွမ်းကျင်ပြီးသား ဆိုရင် ဘလော့လေးတစ်ခု တည်ဆောက် အဲယားကွန်း ဆားဗစ်လုပ်တယ်ပေါ့ဗျာ။ ဒီလိုဆိုတော့ မေးစရာ ရှိပါတယ်။ လက်ရှိ အလုပ်လုပ်နေရတာက တစ်ပတ် ၆ ရက် လုပ်နေရတယ်ဗျာ။ ဆက်သွယ်လာတယ် ထားဦး။ ဘယ်အချိန် သွားလုပ်မလဲ။ မေးစရာ ရှိပါတယ်။ ဒါကတော့ ဥာဏ်ရှိသလို အသုံးပြုနိုင်သည် ဆိုတဲ့ ဗမာဆေးညွှန်းတွေထဲကလိုပဲ။ ကိုယ်အားတဲ့ အချိန်လေး၊ စနေ၊ တနင်္ဂနွေလို နေ့မျိုး ချိန်းပေါ့ဗျာ။ အကယ်၍ ညနေဖက် လာလုပ်ပေးနိုင်တယ် ဆိုတဲ့ ကာစတမ်မာနဲ့ တွေ့ရင်တော့လည်း ညနေဖက် သွားလုပ်ပေါ့ဗျာ။ အဲဒီအတွက် ကျွန်တော်တို့ လိုအပ်တဲ့ အရင်းအနှီးက ကြော်ငြာ ဘလော့လေး တစ်ခုရယ်။ ဆက်သွယ်ရန် ဖုန်းနံပတ်လေး တစ်ခုရယ် ပေါ့ဗျာ။

ဒါမှ မဟုတ် အင်တာနက် အသုံးပြုတဲ့ အများစုသော ဘလော့ဂါတွေက ကွန်ပျူတာနဲ့ ဆက်နွယ်တဲ့ ကွန်ပျူတာ ပညာရှင်တွေ ဖြစ်ကြတော့ကာ ကွန်ပျူတာနဲ့ ဆက်နွယ်တဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေ ဆောင်ရွက်ပါတယ် ဆိုတဲ့ ဘလော့လေး တည်ဆောက်ပြီး ကြော်ငြာ ၀န်ဆောင်မှုပေးမယ်ဆိုရင် နေရင်းထိုင်ရင်း ကိုယ့်လုပ်ငန်းကို လူပိုသိလာပြီး လုပ်ငန်းတွေ လုပ်ဆောင်နိုင်တယ်ပေါ့ဗျာ။

၁၀တန်းပြီးလို့ Study Guide လုပ်တယ်ဆိုတဲ့ ညီအစ်ကို မောင်နှမတွေအတွက်လည်း ဘာသာစုံ Study Guide လုပ်သည်ဆိုတဲ့ ကြော်ငြာဘလော့လေး တစ်ခု တည်ဆောက်ပြီး လုပ်ကိုင်မယ်ဆိုရင် ပိုပြီး အဆက်အသွယ်တွေ ရလာနိုင်စရာ ရှိတယ် မဟုတ်ပါလားဗျာ။

ဒါက အင်တာနက်ဆက်သွယ်မှု နှေးကွေးတယ်၊ ကြံ့ကြာတယ် ဆိုတဲ့ ကျွန်တော်တို့ မြန်မာပြည် အတွက် လုပ်နိုင်တဲ့ အွန်လိုင်းပေါ်ကနေ ကြော်ငြာပြီး အော့ဖ်လိုင်း အနေနဲ့ ပေးနိုင်တဲ့ ဆားဗစ်လုပ်ငန်းတွေ ပေါ့ဗျာ။ အကယ်၍ စာဖတ်သူသာ အင်တာနက် ဆက်သွယ်မှု ကောင်းတဲ့ ပြည်ပနိုင်ငံ တစ်ခုခုကို အကြောင်းတစ်ခုခုနဲ့ ရောက်နေခဲ့မယ်ဆိုရင်တော့ ပိုပြီး လုပ်လို့ကောင်းသွားပြီပေါ့ဗျာ။ ကိုယ်လုပ်နိုင်တဲ့ ကျွမ်းကျင်မှုတစ်ခုကို အခမဲ့ ရတဲ့ ဘလော့ဆိုတဲ့ စာမျက်နှာကို အသုံးချပြီး လုပ်ငန်း ချဲ့ထွင်လို့ရပါတယ်ဗျာ။

အခု မောင်လူအေး ရှာထားတဲ့ စီးပွားရေး ဘလော့ နမူနာ တချို့ကိုတော့ မောင်လူအေး စာမျက်နှာရဲ့ Sidebar မှာ ရှိတဲ့ စီးပွားရေး ဘလော့များ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖွင့်ကြည့်နိုင်ပါတယ်။ စင်္ကာပူနိုင်ငံက ဘလော့လေးတွေကတော့ တော်တော်များများက အမျိုးသမီး အလှဆင်ပစ္စည်းများ၊ ဖက်ရှင်နဲ့ အ၀တ်အထည် အသုံးအဆောင်တွေ ကို ကြော်ငြာထားကြတာတွေ့ရတယ်ဗျ။ သူတို့ဆီမှာတော့ အင်တာနက်ကလည်း ကောင်း၊ အွန်လိုင်းကနေ ငွေပေးချေမှုကလည်း လုပ်ဆောင်နိုင် ဆိုတဲ့ခါကျတော့ အစပထမမှာ ၀ယ်သူက ရောင်းတဲ့ ပစ္စည်းကို ကြိုက်တယ်ဆိုရင် ကိုယ်ဝယ်မဲ့ ပစ္စည်းရဲ့ နံပတ်ကို အီးမေးလ် ပို့ပြီး မှာကြားရပါတယ်။ ရောင်းသူက ကျသင့်ငွေကို အီးမေးလ်နဲ့ ပြန်ပြီး အတည်ပြုပေးပြီးတဲ့ နောက်မှာ သူပေးတဲ့ ဘဏ်စာရင်းထဲကို ကျသင့်ငွေ လွှဲပေးရပါတယ်။ အဲဒီနောက်မှာ ပစ္စည်းပို့ပေးပါတယ်။

ကိုယ်တို့ အမိမြေမှာတော့ အွန်လိုင်းဘဏ်စနစ် မရှိသေးလေတော့ ဒီတစ်ချက်တော့ မလုပ်နိုင်သေးဘူးပေါ့ဗျာ။ သို့ပေမဲ့ အွန်လိုင်းကနေ မိတ်ဆွေရှာပြီး အော့ဖ်လိုင်း အနေနဲ့ လုပ်နိုင်တဲ့ လုပ်ငန်းတွေကတော့ ရှိနေပြီးသားပါ။ နောက်တစ်ချက်က ပြောစရာ ရှိပါတယ်။ ဘလော့ကို ဘန်းထားတာ ဘယ့်နှာလုပ် ကြော်ငြာရမတုံး ငါ့လူရယ် လို့ မေးစရာ ရှိပါတယ်။ ဘလော့ကို Banned တာလည်း Banned တာပါပဲဗျာ။ ဖတ်တာလည်း ဖတ်တာပေါ့။ ဒါက မြန်မာပြည်က အင်တာနက် အသုံးပြုသူတွေ ကျွမ်းကျင်ပြီးသား ကိစ္စတွေပါ။

တစ်ခု ထပ်ကွန့်နိုင်တာက ကျွန်တော်တို့ဆီက မြန်မာမှု လက်ရာ ပစ္စည်းတွေ၊ အမှတ်တရ ပစ္စည်းတွေ ဒါတွေကိုရော ဘလော့အနေနဲ့ တည်ဆောက် ကြော်ငြာပြီးတော့ရော မလုပ်နိုင်ဘူးလားဗျာ။ လုပ်နိုင်ပါတယ်။ ဥပဒေနဲ့ လွတ်ကင်းတဲ့ ပစ္စည်းတွေ ပေါ့နော။ မြန်မာပြည်ရဲ့ သဘာဝဖြစ် မြန်မာမှု လက်ရာ ပစ္စည်းတွေကို နိုင်ငံတကာက ကြိုက်နှစ်သက်ပြီးသားပါ။ အကြောင်း အမျိုးမျိုးကြောင့် မြန်မာပြည်ကို လာရောက်နိုင်ဖို့ မလွယ်တဲ့ နိုင်ငံခြားသားတွေ မြန်မာမှု လက်ရာ ပစ္စည်းတွေ လိုချင်တယ်၊ ၀ယ်ချင်တယ်ဆိုရင် ရောင်းလို့ရနိုင်ပါတယ်။

အပြောက လွယ်တယ် ကိုလူအေးရေတဲ့။ ရောင်းပါပြီတဲ့ဗျာ။ ပိုက်ပိုက် ဘယ်လိုပို့မလဲတဲ့။ အခု ကမ္ဘာမှာ မြန်မာလူမျိုး မရှိတဲ့ နိုင်ငံ ခပ်ရှားရှားပါဗျာ။ မြန်မာလူမျိုး ရှိနေတဲ့ နိုင်ငံနဲ့ မြန်မာနိုင်ငံ ပစ္စည်းပေး ပိုက်ဆံယူလုပ်တာ မခက်ပါဘူး။ သက်ဆိုင်ရာနဲ့ ပတ်သက်တဲ့ အခွန်အခကိစ္စတော့ လိုအပ်သလို စီစဉ်ညွှန်ကြား…… အဲလေ … ဟုတ်ပါဘူး ….. လိုအပ်သလို စီစဉ်ရမှာပေါ့ဗျာ။

အလကားရတဲ့ ၀န်ဆောင်မှုကို အသုံးချပြီး ဖွက်ကလိ ဒင်္ဂါးလုပ်ဖို့ နည်းလမ်းလေးတွေပေါ့ဗျာ။ ဆက်လက်တွေးခေါ်ဖို့ အစကလေး ဆွဲထုတ်ခြင်းသာ ဖြစ်ပါတယ်ဗျာ။

Sep 26, 2008

Blogs Introduction

ဘလော့မိတ်ဆက်လို့ ပြောရမယ် ထင်ပါတယ်။ ဒါပေမဲ့ ထူးခြားတာက ပုံစံတူ၊ ရည်ရွယ်ချက်တူ ဘလော့၂ခု ဖြစ်နေတာ ပါပဲ။ ကိုယ်မလုပ်နိုင်ဘဲ သူများ လုပ်နေတာကို ဘေးထိုင်၊ ဘုပြောတာ မဟုတ်ပါဘူး။

၂၀၀၇ နှစ်ကုန်ပိုင်းလောက်ကနေ စပြီး တဖွဲဖွဲနဲ့ ပေါ်ထွက်လာကြတဲ့ မြန်မာဘလော့တွေ အမြောက်အမြားပါ။ အဲလိုများပြားလှတဲ့ ဘလော့တွေမှာ ဘယ်သူက ဘာအကြောင်းအရာရေးလို့ ဘယ်သူက ဘာအကြောင်းအရာ ရေးတယ်ဆိုတာ အမြဲတစေ ဖတ်လေ့ရှိတဲ့ ဘလော့တွေကလွဲရင် တော်ရုံ သိဖို့ မလွယ်ကူလှပါဘူး။ အဲဒီတော့ ဒါကို တွေးမိတဲ့ မြန်မာဘလော့ဂါများက ဘလော့မှာ ပို့စ်အသစ်တက်တိုင်း တက်တိုင်း ခေါင်းစဉ်လေးနဲ့ မိတ်ဆက် စာကြောင်းလေး တင်ပေးပြီး အမြည်းလေးတွေ ပေးလို့ စာဖတ်သူနဲ့ စာရေးသူ နှစ်ဦးကြား ဆက်နွှယ်ပေါင်းကူးပေးလာကြတာ အင်မတန်မှ ချစ်စရာကောင်းတဲ့ ရည်ရွယ်ချက်ကောင်းတဲ့ ဘလော့တွေ ဖြစ်ကြပါတယ်။

အဲ.. အဲဒီထဲမှာ ထူးခြားတာက အဲဒီလို မိတ်ဆက်ဘလော့လေး ၂ ခုကိုပါ။ တစ်ခုက http://myanmarblognewpost.blogspot.com/ ဖြစ်ပြီး နောက်တစ်ခုက http://myanmarbloggerposts.blogspot.com/ ဖြစ်ပါတယ်။ နှစ်ခုလုံးသော ဘလော့တွေက ရည်ရွယ်ချက်တူ၊ ရည်မှန်းချက်တူ ဖြစ်ကြတော့ ဘာအတွက်များ ဘလော့ နှစ်ခု ဖြစ်နေဦးမလဲ။ ထူထောင်သူ နှစ်ဦး တစ်ပေါင်းတစ်စည်းတည်းနဲ့ ဘလော့တစ်ခုတည်း ဖြစ်မယ်ဆိုရင် ဖတ်ရတဲ့သူများအတွက် ပိုအဆင်ပြေမလား ဆိုပြီးတွေးမိရင်း….


Sep 21, 2008

Digital Thermometer

ကနေ့ Peninsula Plaza ကို ရောက်တော့ တစ်ဖက်လမ်းက Funan Shopping Mall အောက်က Watson အရောင်းဆိုင်မှာ Thermometer သွားဝယ်ဖြစ်ပါတယ်။ သွားစဉ်တုံးကတော့ ရိုးရိုး ပြဒါးနဲ့တိုင်းတဲ့ Thermometer ၀ယ်မယ်ဆိုပြီး သွားတာပါ။ ဆိုင်ကို ရောက်တော့ ပြဒါးတိုင် Thermometer က မရှိ။ Digital Thermometer ပဲ ရှိတယ် ဆိုတာနဲ့ ပုံမှာ ပြထားတဲ့ Digital Thermometer ပဲ ၀ယ်ဖြစ်ပါတယ်။ ဈေးနှုံးကတော့ စင်္ကာပူ ဖွက်ကလိ ဒင်္ဂါး ခြောက်ကျပ်နဲ့ ကိုးဆယ့်ငါးပြား ပေးရပါတယ်။ ဒီက အရောင်းဆိုင်တွေမှာ ၀ယ်ရင်သာ 5 ပြားစေ့ကို ပေးဝယ်လို့မရတယ်။ ရောင်းလိုက်တဲ့ ပစ္စည်းတော်တော်များများမှာ 7 ကျပ်ဆိုလည်း 7 ကျပ် တိတိပပ မရောင်းဘဲ ဘာမှ ပြန်သုံးလို့မရတဲ့ 5 ပြားစေ့တွေ ပြန်ပြန် အမ်းတတ်ပါတယ်။ အဲဒီသုံးမရတဲ့ 5 ပြားစေ့တွေ ဆိုတာ တစ်ခါဝယ် တစ်ခါအမ်းနဲ့ စုပုံ နေတတ်ပါတယ်။ ဘယ်နေရာမှ ပြန်သုံးလို့ရတယ်တော့ မကြားမိပါ။

Thermometer ၀ယ်လာတယ် ဆိုတော့ အိမ်ပြန် ရောက်ရောက်ချင်းပဲ ကလိ ဖြစ်ပါတယ်။ တရုတ် နိုင်ငံထုတ် သာမိုမီတာလေးက LR-41 Type နာရီဓာတ်ခဲ အမျိုးအစားလေး တစ်လုံး သုံးပါတယ်။ စစချင်း သူ့ကို ပါဝါ ဖွင့်ဖို့ ပုံပြမျက်နှာပြင်လေးရဲ့ နံဘေးက အ၀ိုင်းသဏ္ဍာန် ခလုတ်လေးကို နှိပ်ပေးရပါတယ်။ ပါးစပ်ထဲထည့်ပြီး တိုင်းရင် သာမန် ပြဒါးတိုင်လိုပဲ စက္ကန့် 60 အချိန်ယူရပါတယ်။ တိုင်းထွာနေတုံးမှာ အပူချိန် ငြိမ်သွားပြီဆိုရင် အချက်ပေးသံလေး 2 ချက်တွဲ 8 ခါ မြည်ပါတယ်။ မောင်လူအေးတို့ မိရိုးဖလာ အပူချိန် တိုင်းထွာခဲ့ ကြတာက အများအားဖြင့် ဖာရင်ဟိုက် အပူချိန်အတိုင်း မှတ်သားထားတာများတဲ့ အတွက် 98.6 ပြမလား စောင့်ကြည့်ဖြစ်ပါတယ်။ သကောင့်သားက တိုင်းထွာပြီးချိန်မှာ 37.1 ဒီဂရီ စဲလ်စိယပ်ဆိုပြီး ပြပါတယ်။ အဲဒီတော့ ဒီဂရီစဲလ်စိယပ် အပူချိန်ကို သိချင်တဲ့အခါကျတော့ ၀ီကီကိုပဲ အားကိုးပြီး ရှာကြည့် လိုက်တဲ့ အခါမှာ ဒီလို ဒီလိုလေးတွေ တွေ့ရှိရပါတယ်ဗျာ။

လူ့ခန္ဓာကိုယ်၏ သာမာန်အပူချိန် ဆိုသည်မှာ လူခန္ဓာကိုယ်တွင် တိုင်းတာရရှိသော အပူချိန် ဖြစ်ပါတယ်။ အာခေါင်တွင်း တိုင်းတာ ရရှိသော ယေဘုယျ အပူချိန် တန်ဖိုးသည် 36.8 ဒီဂရီ စဲလ်စိယပ်စ် +/- 0.7သို့မဟုတ် 98.2 ဒီဂရီ ဖာရင်ဟိုက် +/- 1.3 ဒီဂရီ ဖာရင်ဟိုက် ဖြစ်ပါတယ်။ စအိုတွင်း တိုင်းထွာရရှိသော အပူချိန် (သို့မဟုတ်) ခန္ဓာကိုယ်၏ အတွင်းပိုင်းတွင် ထည့်သွင်း၊ တိုင်းတာ ရရှိသော အပူချိန်ဟာ 0.5 ဒီဂရီ စဲလ်စိယပ် (သို့မဟုတ်) 1 ဒီဂရီ ဖာရင်ဟိုက် ပိုမိုတတ်ပါတယ်။ လူတစ်ဦးချင်း၏ ခန္ဓာကိုယ်တွင်း အပူချိန်သည် လှုပ်ရှားမှုများသော နေ့အချိန်တွင် မြင့်မားပြီး အိပ်စက်အနားယူချိန်၏ ဒုတိယ တစ်ဝက်တွင် အနိမ့်ဆုံးသို့ရောက်ရှိကာ ပြောင်းလဲတတ်ပါတယ်။ သက္ကရာဇ် 1861 ခုနှစ်တွင် ကားလ်ရိန်းဟိုးလ်ဒ် အောဂတ်စ်ဝမ်းဒါးလစ်ခ်ျက လူဦးရေ တစ်သန်းအထိ တိုင်းတာကာ ပျမ်းမျှ အပူချိန်သည် 37 ဒီဂရီ စဲလ်စိယပ် ဖြစ်ကြောင်း မှတ်တမ်း တင်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုတွင် လူတစ်ဦး၏ သာမာန် အပူချိန်ဟာ 37 ဒီဂရီ ဖာရင်ဟိုက်ကို အတိအကျ ပြောင်းထားတဲ့ 98.6 ဒီဂရီ စဲလ်စိယပ်စ်ဟု သတ်မှတ် သုံးစွဲကြပြီး ရုရှနိုင်ငံတွင်မူ 36.6 ဒီဂရီ စဲလ်စိယပ်စ်ဟု သတ်မှတ် သုံးစွဲ ကြပါတယ်။

Sep 19, 2008

Sep 18, 2008

Gmail Drive

ယနေ့ ခေတ်ကာလမှာ မှတ်ဥာဏ်ချောင်းလို့ ခေါ်တဲ့ (ဘယ်သူမှ ခေါ်တာတော့ မတွေ့မိပါဘူး) Memory Stick တွေ ဈေး တော်တော်ပေါပေါနဲ့ကို ရနေပြီ ဖြစ်တဲ့အတွက် လူတိုင်းရဲ့ လက်ထဲမှာ အလွယ်တကူ မြင်နိုင်၊ တွေ့နိုင်ပါတယ်။ သို့ပေမဲ့ Memory Stick မရှိလို့တော့ မဟုတ်ဘူး။ ရံဖန်ရံခါ အပြင်သွား၊ ဘာသွား လုပ်တဲ့ အချိန်မျိုးမှာ တော်ရုံနဲ့ Memory Stick ကို ထည့်သွားလေ့ နည်းကြပါတယ်။ အဲဒီ အချိန်မှာ မတော်တဆ ကူးယူစရာ ဖိုင်တွေများ ရှိခဲ့မယ်ဆိုရင် တော်တော်လေး ကသီလင်တ ဖြစ်ပါတယ်။ အဲဒီလို အချိန်ကျရင် မောင်လူအေး လုပ်နေကျ နည်း ၂ နည်းရှိပါတယ်။ တစ်နည်းက Gmail ကို ဖွင့်တယ်။ Compose Mail ထဲ ၀င်တယ်။ Attachment အနေနဲ့ File ကို ချိတ်တယ်။ ပြီးရင် Draft အနေနဲ့ သိမ်းလိုက်တယ်။ နောက်တစ်နည်းကတော့ Fileden တို့လို 4Shared တို့လို File Sharing လုပ်တဲ့ Site တစ်ခုခုမှာ Account ဖွင့်ထားလိုက်တယ်။ အဲဒီ Account ထဲကို ဆွဲတင်ထားလိုက်တယ်။ Upload လုပ်ထားလိုက်တယ်။

အဲဒီလို အဲဒီလို အခက်အခဲလေးတွေကို ထောက်ကူပေးမဲ့ ဆော့ဖ်ဝဲလေးတစ်ခု။ နာမည်က GmailDrive တဲ့။ အထူးသဖြင့် ရုံးမှာ ကွန်ပျူတာတစ်လုံး၊ အိမ်မှာ ကွန်ပျူတာတစ်လုံး သုံးရတဲ့ သူတွေအတွက် ပိုအဆင်ပြေမယ် ထင်ပါတယ်။ သတင်းပဲဖြစ်ဖြစ်၊ စာတစ်ပုဒ်ပဲဖြစ်ဖြစ်၊ တောင်းလုပ်တော့ ဆွဲချပြီး ဖတ်ချိန်မရလို့ မဖတ်ဖြစ်တာတွေ၊ ဒါမှမဟုတ်အမှတ်တရ သိမ်းထားချင်တဲ့ ဓာတ်ပုံဖြစ်စေ၊ ဖိုင်အမျိုးမျိုး သိမ်းဆည်းနိုင်ပါတယ်။

EXE အနေနဲ့ 154 KB ပဲ ရှိတဲ့ Application သေးသေးလေးပါ။ Download လုပ်ပြီး Run ကြည့်လိုက်ပါ။ Run ပြီးတဲ့နောက် My Computer မှာ Gmail Drive ဆိုတဲ့ Partition တစ်ခု ထပ်တိုးလာပါလိမ့်မယ်။ သူ့ကို Double Click ခေါက်ရင် Gmail ရဲ့ Username နဲ့ Password မျိုး Sign In လုပ်ခိုင်းပါလိမ့်မယ်။ Sign In လုပ်ပြီးတဲ့နောက်မှာ ကိုယ်သိမ်းချင်တဲ့ File ကို အဲဒီ Drive ထဲ Copy ၊ Paste သာ လုပ်ချလိုက်ပါတော့ဗျာ။ အဲ… ကိုသိမ်းချင်တဲ့ File တွေ အားလုံး အဲဒီ Drive ထဲ ခေါ်တင် သိမ်းဆည်းပြီးပြီ ဆိုရင်တော့ Gmail လိုပဲ ပေါ့ဗျာ။ Sign Out ပေါ့။

Download လုပ်ရန် ဒီနေရာလေးကို နှိပ်ပါ။

Cooking Books

BAY OF HUNTERS