Jun 26, 2008

World Longest Email Address

ဘလော့မှာ စာတွေဖတ်ပြီး မောင်လူအေးဆီ စာရေးချင်တယ် ဆိုရင် (ဘယ်သူမှတော့ ရေးမှာ မဟုတ်ပါဘူး။ ကိုယ့်ဖာသာကိုယ် ကိုယ်ထင် ကုတင် ခြေလေးချောင်း လုပ်တာပါ။) မောင်လူအေးဆီ ဆက်သွယ်လို့ရတဲ့ အီးမေးလ် လိပ်စာလေး ပေးချင်ပါတယ်။

mgluaye@abcdefghijklmnopqrstuvwxyzabcdefghijklmnopqrstuvwxyzabcdefghijk.com

စိတ်များ ညစ်သွားလား မသိနော်။ စိတ်မညစ်ပါနဲ့ဗျာ။ မောင်လူအေးလည်း အီးမေးလ်လိပ်စာကို Log In လုပ်ဖို့ ၀ဗ်ဆိုက်လိပ်စာကို မမှတ်နိုင်လို့ Bookmark Bar ပေါ်မှာ တစ်ခါတည်း မှတ်ထားရပါတယ်။ သူငယ်ချင်းတို့လည်း ကမ္ဘာ့အရှည်ဆုံး အီးမေးလ် လိပ်စာလေး လိုချင်သပ ဆိုရင် ဒီ လိပ်စာ လေးမှာ Sign Up လုပ်နိုင်ပါကြောင်း။ အီးမေးလ် Storage ကတော့ 1GB ပဲ ပေးထားပါတယ်။ အီးမေးလ် အမြဲတမ်း အသက်ဝင်နေစေဖို့ အနည်းဆုံး တစ်လတစ်ခါ Log In လုပ်ပေးဖို့တော့ လိုမယ်လို့ ဆိုပါတယ်။

Time, June 16, 2008

America's Medicated Army

As wars in Afghanistan and Iraq have stretched the U.S. military to the breaking point, the Pentagon has quietly okayed the use of antidepressants by stressed-out troops.

How Obama Did It
By building a new political machine, Barack Obama became the first insurgent Democrat in decades to dethrone a front runner. In an exclusive interview, he describes his path to a historic victory.

How to Live With Just 100 Things
For Americans tired of being weighed down by clutter, a new movement advocates cutting back to the bare minimum.

Who Will Rule the New Internet?
Apple, Google and Facebook all want to build the next great platform. Inside the struggle for Web supremacy.

Will the Oil Bubble Burst?
After making billions on rising energy prices, a big investor cashes in. Why that signals cheaper times.

Can Coldplay Do Anything Else?
The band got big, and annoying, singing one kind of song. The goal on its new album is to "get better rather than bigger".

PDF | 1.2 MB

Download

Jun 25, 2008

အလုပ်တွေပေါတဲ့ မြန်မာပြည်


ပြီးခဲ့တဲ့နှစ် ဝါဆို လပြည့်နေ့က မတွေ့တာ ကြာပြီဖြစ်တဲ့ တပည့် ကျောင်းသားဟောင်း တစ်ယောက် လာကန်တော့ ပါတယ်။ မာကြောင်း သာကြောင်း ထုံးစံအတိုင်း ပြောဆိုပြီးကြတဲ့ အခါကျတော့ သူ့အလုပ်အကိုင် အကြောင်း မေးမိပါတယ်။ သူက အဆင်ပြေပါတယ် လို့ပဲ ဖြေပါတယ်။ သေသေချာချာ ဆက်ပြီး မေးတော့မှ သူ့အလုပ်ဟာ အကြီး အကျယ် အောင်မြင်တဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်နေပါလား ဆိုတာ သိရပါတယ်။ သူ့လုပ်ငန်းက ပရိဘောဂ လုပ်ငန်းပါ။ စက်မှုဇုန် တစ်ခုမှာ စက် ယန္တရားတွေနဲ့ အလုပ်သမားပေါင်း ၁၅ဝ လောက်နဲ့ လုပ်နေတဲ့ လုပ်ငန်းကြီး တစ်ခု ဖြစ်ပါတယ်။ အင်္ဂလိပ် စကားပြော သင်တန်း လာတက်နေစဉ်က သူဟာ ကျောင်းသားပဲ ရှိပါသေးတယ်။ သူငယ်ချင်း သုံးလေးယောက်နဲ့ အတူ ကျောင်းပြီး ရင် နိုင်ငံခြား သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာတက်တာပါ။

ဒါပေမဲ့လို့ သွားဖို့ စိုင်းပြင်း နေဆဲမှာပဲ သူ့အဖေ မကျန်းမာ တာကြောင့် မသွားလိုက် ရပါဘူး။ သူငယ်ချင်း တွေကတော့ ဂျပန် ရောက်သူရောက်၊ တရုတ်တိုင်ပေ သွားသူ သွား၊ သင်္ဘော တက်သူတက်နဲ့ ထွက်ဖြစ် သွားကြပါတယ်။

သူကတော့ သူ့အဖေရဲ့အလုပ် ဖြစ်တဲ့ လက်သမား အလုပ်မှာပဲ ဝင်ကူ ရပါတယ်။ သူ့အဖေက အတော်လေး နာမည်ရတဲ့ လက်သမား ဆရာကြီး ဖြစ်ပါတယ်။ ရှေးခေတ်က တရုတ် လက်ဖက်ရည် ဆိုင်တွေက မှန်ဗီရိုကြီးတွေ၊ ရှိုးကေ့စ်တွေ တော်တော် များများဟာ သူ့အဖေရဲ့ လက်ရာတွေ များပါတယ်။ ဆက်တီ ကုလားထိုင် ခုံတွေ ဘာတွေ လည်း လုပ်ပါတယ်။ အစကတော့ တပည့်ဟာ လက် သမား အလုပ် ဘာမှ မတတ်ပါဘူး။ အဖေ မမာတာကြောင့် စာရင်းလေး ဘာလေး ကူလုပ်ရင်း အလုပ်သမား လေးငါးယောက်ကို စီမံ အုပ်ချုပ် ပေးရပါတယ်။

အဲဒီလို လုပ်ရင်းက စာအုပ် အဟောင်းဆိုင်တွေမှာ တွေ့ရတတ်တဲ့ ပရိဘောဂ ဒီဇိုင်းစာအုပ်လေးတွေ၊ Home ဆိုတဲ့ မဂ္ဂဇင်းလေးတွေ တွေ့ ရင်ဝယ်ပြီး စုပါတယ်။ ဒီဇိုင်း နမူနာ လေးတွေကို အတုယူပြီး လက်သမား ဆရာတွေကို လုပ်ခိုင်းပါတယ်။ တစ်ခါ တစ်ခါ စာအုပ်ထဲက သူ နားမလည်တဲ့ စာတွေ ယူလာပြီး ဖတ်ခိုင်းလေ့ ရှိပါ တယ်။ အဲဒီလိုနဲ့ပဲ လေးငါးနှစ် အတွင်း မှာ သူ့လုပ်ငန်းလေး တော်တော် နာမည်ရလာပါတယ်။ လွှတိုက်၊ ရွေဘော်ထိုး စတဲ့ လုပ်ငန်းတွေကို စက်နဲ့ လုပ်တဲ့အထိ တိုးတက် လာပါတယ်။ ဟိုတယ်တွေ ထွန်းကားတဲ့ခေတ် ရောက်လာတော့ သူ့လုပ်ငန်း တစ် ဟုန်ထိုး ကြီးထွား လာပါတယ်။ မြို့ထဲ မှာ လုပ်လို့ မရတော့တာကြောင့် စက် မှုဇုန်မှာ ထွက်ပြီး လုပ်ရပါတယ်။ လုပ်ငန်း အားလုံးလောက် နီးနီး စက်ယန္တရား တွေနဲ့ လုပ်ပါတယ်။ မြို့ထဲမှာ ပရိ ဘောဂဆိုင်ကြီး တစ်ဆိုင်လည်း ဖွင့်ပါ တယ်။ စက်ရုံရော၊ ဆိုင်ပါ အလုပ် သမား စုစုပေါင်း ၁၅ဝကျော်ရှိတယ်လို့ သိရပါတယ်။

ဂျပန်သွားတဲ့ သူ့သူငယ်ချင်းက မြို့ထဲရှိ ပရိဘောဂဆိုင်မှာ မန်နေဂျာ လုပ်နေပြီး၊ သင်္ဘော တက်သွားတဲ့ သူငယ်ချင်းကတော့ စက်ရုံမှာ မန်နေဂျာ ဖြစ်နေပါတယ်။ တရုတ် တိုင်ပေသွားတဲ့ သူငယ်ချင်း ကတော့ ပြန်မလာ တော့ဘူး။ အဆက်ပြတ်နေ တယ်လို့ သူက ပြောပြပါတယ်။ သူပြန်သွားတော့ ဒီခေတ် လူငယ် တွေရဲ့အကြောင်းကို ဆက်ပြီး စဉ်းစား နေမိပါတယ်။

လွန်ခဲ့တဲ့ နှစ်၂ဝ လောက်က လူငယ်တွေ နိုင်ငံခြားသွား ဖို့ ကြိုးပမ်းခဲ့ကြသလို၊ ဒီခေတ်လူငယ် တွေလည်း ကြိုးပမ်း နေကြတာပါပဲ။ ပြောခဲ့တဲ့ တပည့်လည်း နိုင်ငံခြား သွားဖို့ ကြိုးပမ်းခဲ့တာပါပဲ။ ဒါပေမဲ့ သူ့အတွက် ကံဆိုးတာလား၊ ကံ ကောင်းတာလား မသိသူ၊ နိုင်ငံခြား မထွက်လိုက် ရပါဘူး။ ဒါပေမဲ့ အခုတော့ သူဟာ အတော်အသင့် အောင်မြင်တဲ့ လုပ်ငန်း ရှင်တစ်ယောက် ဖြစ်နေပါပြီ။ မြန်မာ ပြည်မှာ လုပ်စရာတွေ အများကြီးရှိပါ တယ်။ ခေတ်လူငယ်တွေရဲ့အမြင်နဲ့ ဆိုရင် နေရာတိုင်းမှာ တိုးချဲ့လုပ်နိုင် တာတွေ ချည်းပါပဲ။ တပည့်လူငယ်သာ ရည်ရွယ်တဲ့ အတိုင်း နိုင်ငံခြား ထွက်ဖြစ် ခဲ့ရင် ဟိုမှာအလုပ်ကြမ်းတွေလုပ်ပြီး ပြန်လာတဲ့ အခါ ကျတော့ ဘာမှလုပ်စရာမရှိဘဲ ပွဲစားယောင်ယောင်၊ ဘာ ယောင်ယောင်နဲ့ ဖြစ်နေမှာ သေချာပါ တယ်။ အခုတော့ ဂျပန်ပြန်၊ ကမ္ဘာ လှည့် ပြန်လာသူတွေ ကိုတောင် အလုပ်ပေးထားနိုင်တဲ့ လုပ်ငန်းရှင်လေး တစ်ယောက် ဖြစ်နေပြီလေ။ မြန်မာ ပြည်မှာ လုပ်စရာတွေ အင်မတန်ပေါ ပါတယ်။

လူထုစိန်ဝင်း


(ဇွန် လ ၁၇၊ ၂၀၀၈) ထုတ် အခွင့်အလမ်း ဂျာနယ် အမှတ်စဉ် ၁၄၀ ပါ စာရေးဆရာ လူထုစိန်ဝင်းရဲ့ ဆောင်းပါးကို ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။

************************************************************************************

နိုင်ငံခြားထွက်တယ် ဆိုတာနဲ့ ပတ်သက်ပြီး အယူအဆတွေ၊ အမြင်တွေ အမျိုးမျိုး ရှိတတ် ကြပါတယ်။ နိုင်ငံခြားထွက် အလုပ်လုပ်ခြင်းအားဖြင့် ဘာတွေ ရလာမလဲ။ သေချာတာတော့ ပိုက်ဆံ နည်းနည်း ရရာကနေ ပိုက်ဆံ များများရတဲ့ နေရာကို သွားရောက် အလုပ်လုပ်ကြ တာပါ။ စထွက် လာစဉ်က မျှော်လင့်ချက် တစ်ခွဲသားနဲ့ပေါ့။ ဥပမာ စင်္ကာပူဆိုရင် တစ်လ လုပ်ခလစာ ၁၈၀၀ ရမယ်။ ၁၈၀၀ ကို ၈၃၀ နဲ့ မြှောက်လိုက်ရင်.... တစ်လတာ နေထိုင် စားသောက် စားရိတ်က (ရန်ကုန်မှာ နေစဉ်က ရန်ကုန် ကုန်ကျမှုနဲ့ နှိုင်းပြီးတော့... ) တစ်လ ၃ သိန်းဆို သုံးစမ်းပါလေ့။ ကျန်တာ ခြိုးခြိုးခြံခြံ ချွေချွေတာတာနဲ့ ဆိုရင် ကျန်တဲ့ ပိုက်ဆံ အိမ်ပြန်ပို့ တစ်လကို ဆယ်သိန်းနဲ့ တစ်နှစ်ဆိုရင်.... ဆိုတာမျိုး ဆောက်ခဲ့တဲ့ လေထဲက တိုက်အိမ်တွေ အများအပြား။ အမှန်တကယ် ထွက်လာကြတဲ့အခါ ကုန်ကျမှုက အိမ်ခန်းငှားခတင် တစ်လ စင်္ကာပူ ၃၀၀ (မြန်မာငွေ ၂ သိန်းကျော်...) တစ်နေ့ အလုပ်သွားရတာ အမ်အာတီ စီးတာတင် အသွားအပြန် (စင်္ကာပူငွေ) ၄-၅ ကျပ်- မြန်မာငွေနဲ့ဆို ၄ ထောင်ကျော်... ရန်ကုန်မှာ အင်းစိန်၊ ဆူးလေ အသွားအပြန် တက်စီ ငှားစီးလို့ရတဲ့ ပမာဏ၊ တစ်လတာ တစ်လတာ အိမ်ပြန်ပို့တာနဲ့ အလျင်မီအောင် မနည်းသုံးနေကြရ။ ဒါက စင်္ကာပူနိုင်ငံက မြန်မာနိုင်ငံသား အလုပ်သမား အများစု ကြုံဆုံနေကြရတဲ့ ဘ၀။

နိုင်ငံခြားထွက်ခြင်းသည် မှန်ကန်တဲ့ အဖြေတစ်ခုလား။ အခု လောလောလတ်လတ် နာဂစ်ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ စင်္ကာပူကို ရွှေမြန်မာ အလုပ်သမားများတထောကြီး လှိမ့်ဝင်လာကြတာ တွေ့ရတယ်။ အလုပ်သမားက များပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းတဲ့ အလုပ်အပြောင်းအရွှေ့အေးတဲ့ အချိန်ကာလဆိုတော့ အချို့ အလုပ်မရဘဲ ပြန်ကြရသူတွေ ရှိတယ်။ အေးဂျင့်နဲ့ လာသူတွေကလည်း အချို့ အဆင်ပြေတယ်၊ အချို့ အဆင်မပြေဘူး ဆိုတာတွေ နည်းပေါင်းစုံ ကြားနေကြရတယ်။ သေချာတာ တစ်ခုက အဆင်ပြေသည် ဖြစ်စေ အဆင်မပြေသည်ဖြစ်စေ မိမိနိုင်ငံမဟုတ်တဲ့ အတွက် မိမိသည် ပထမဦးစားပေး လူတန်းစား စာရင်းထဲ မပါတာ သေချာတယ်။ အခက်အခဲ အမျိုးမျိုးကြားမှာ လူမျိုးခြားတွေကြားထဲ အနှိမ်ခံပြီး အလုပ်လုပ်ရဖို့ အရေး သိန်း လေးဆယ်လောက် ရှိတဲ့ ငွေပမာဏကို အထုပ်ထုပ်ပြီး ကိုယ်ထွက်ရမဲ့ အလှည့်ရောက်ဖို့ စောင့်နေကြရသူတွေ အများကြီးလို့ ကြားသိရပါတယ်။

Brain Drain တို့၊ Human Resource တို့ ဆိုတဲ့ စကားလုံးတွေ ထည့်သုံးရင် အရမ်း စာလေးသွား ပါလိမ့်မယ်။ အရေးကြီးတာက နိုင်ငံခြားထွက်သည် ဖြစ်စေ၊ နိုင်ငံခြား မထွက်သည်ဖြစ်စေ အချိန်တစ်ခုမှာ မိမိနိုင်ငံမှာ ကိုယ်ပိုင်လုပ်ငန်း လုပ်နိုင်စေမဲ့ ပညာရပ်မျိုး ကျွမ်းကျင်မှုမျိုးနဲ့ အသက်မွေး ၀မ်းကျောင်းပြုနိုင်အောင် ကြိုးစားမယ် ဆိုရင် နိုင်ငံခြားပဲ နေနေ၊ မြန်မာပြည်မှာပဲ လုပ်လုပ် အချိန်တစ်ခုမှာ အလုပ်ဖြစ်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာမှာ အမှန်ပါပဲ။ နိုင်ငံခြားတော့ ထွက်လိုက်ပါတယ်။ အချိန်ကာလတစ်ခု အထိ ကြိုးစား ပိုက်ဆံစုခဲ့တယ်။ ပြန်လည်းလာရော ပိုက်ဆံက လွဲပြီး ဘာမှ ပြန်ပါမလာရင်တော့ ရှာလာတဲ့ ပိုက်ဆံ သုံးလို့ ကုန်သွားတဲ့ အချိန်မှာ နိုင်ငံခြား နောက်တစ်ခေါက် ထပ်ထွက်နေရဦးမှာပါ။ နိုင်ငံခြားက ရှာလာတဲ့ ပိုက်ဆံသည် ရင်းနှီးစားသောက်ရန် အတွက်ပါ။ ရင်းနှီးစားသောက်ရန် အတွက်လို့ ဆိုတဲ့အတွက် ကိုယ်မြန်မာပြည်ပြန်သွားတဲ့အခါ ဘာလုပ်ငန်းနဲ့ ရင်းနှီးလုပ်ကိုင်စားသောက်မလဲ။ အိုင်တီပညာရှင်က အိုင်တီလုပ်ငန်းနဲ့ ဆက်လက် အသက်မွေးပြီး၊ အင်ဂျင်နီယာက ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အသက်မွေးခဲ့ရင်တော့ ပြောစရာမရှိပါ။ သို့ငြားလည်း ပညာရပ်များသည် အချိန်နဲ့ တပြေးညီ ပြောင်းလဲ တိုးတက်နေတဲ့ အတွက် ပြောင်းလဲလာတဲ့ နည်းပညာများနဲ့ အညီ မျက်ခြေမပြတ် ထိတွေ့မှုရှိနေမှသာလျှင် တစ်ချိန် ပြန်သွားတဲ့ အချိန်မှာ ရင်းနှီးလုပ်ကိုင် စားသောက်ဖို့ အဆင်ချောပါလိမ့်မယ်။

အများစုသော ပြည်ပရောက် ရွှေမြန်မာများ (မောင်လူအေး အပါအ၀င်) က ရောက်တဲ့နေရာ၊ ကျရာတာဝန်တွေ ထမ်းရွက်ပြီး နောက်ထပ် ရှေ့ဆက်သွားဖို့ မတွေးနိုင်ကြဘူး။ မတွေးနိုင်ကြတာသည်လည်း သူတို့ချည်းရဲ့ အပြစ်မဟုတ်ပါဘူး။ အလုပ်တွေက ပင်ပန်း၊ ရတဲ့ အချိန်သည်ပင်လျှင် ရွှေဆိုတာမျိုး ရသမျှ အချိန်လေးအတွင်းမှာ အတင်း ကုတ်ကပ်လုပ်ရင်းနဲ့ ပိုက်ဆံစုဖို့ချည်းပဲ လုံးပမ်းနေကြရင်း အနာဂတ်ကို မေ့နေကြတာပါ။ နေထွက်ကနေ၀င် အချိန်တော်တော်များများက လုပ်ငန်းခွင်ထဲမှာ။ ဘယ်ကလာ အခြားအချိန်ရှိရမလဲ။ သို့ကလို နေရင်း နေရင်းနဲ့ တစ်ရက်က တစ်လ၊ တစ်လက တစ်နှစ်၊ တစ်နှစ်ကနေ လေး၊ငါးဆယ်နှစ်ဆိုတဲ့ အချိန်တွေ ဖြတ်သန်းခဲ့ပြီးတဲ့ ကအချိန်မှာ ရှာလိုက်၊ ရလိုက်၊ သုံးလိုက်နဲ့ သံသရာ စက်ဝန်းထဲက မထွက်နိုင်ဘဲ တ၀ဲလည်လည်နဲ့ ရသုံးကုန်၊ရသုံးကုန် ချည်းထပ်ကာ အလုပ်လုပ်ရတဲ့ ခန္ဓာကိုယ်သည်သာ ကြံရည်စက်ထဲ ထည့်ကြိတ်လိုက်တဲ့ ကြံဖတ်များသဖွယ် အနှစ်တွေ ကုန်ကုန်ကုန်ရင်း နောက်ဆုံး တစ်သက်တာ အလုပ်သမား ဘ၀နဲ့ ကျင်လည်ခဲ့ကြရသူများ မိမိတို့ ရှေ့တွင်ပင် အမြောက်အမြားရှိနေတာ တွေ့မြင်နေရပါတယ်။

ဆိုတော့ကာ ဘာလုပ်ကြရမလဲ။ ကျွန်တော်တို့ တွေးဖို့လိုပါမယ်။ ပြည်ပထွက်လာခြင်းသည် ကျွန်တော်တို့ရဲ့ အန္တိမ ရည်မှန်းချက် မဟုတ်သေး။ အိမ်အပြန် ခရီးအတွက် ကျွန်တော်တို့မှာ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ကြဖို့ လိုနေပြီ။ ဘာတွေပြင်ဆင်ကြမယ်၊ ဘာတွေ ဘယ်လို လုပ်မယ်ဆိုတာ ကတော့ သူငယ်ချင်းတို့ လျှောက်နေတဲ့ လမ်းကြောင်းနဲ့ အဓိက မူတည် သက်ဆိုင်ပါလိမ့်မယ်။ ဆရာလူထုစိန်ဝင်းပြောသလို မြန်မာပြည်မှာလည်း လုပ်စရာတွေ အများကြီးပါ။ မြန်မာပြည်မှာ အလုပ်သမားဘ၀သည်သာ ၀င်ငွေနည်းလို့ ပြည်ပထွက် အလုပ်လုပ်ကြရပေသည့် အလုပ်ရှင် အနေနဲ့သာ အလုပ်လုပ်မယ်ဆို အခွင့်အလမ်းတွေ ရှိနေဆဲပါ။ ဘာတွေ ဘယ်လောက်ပဲ ကောင်းတယ်ဆိုဆို၊ ဆိုးတယ်ပြောပြော လူဦးရေ သန်း၆၀ နေထိုင်နေတဲ့ ကျွန်တော်တို့ မြန်မာပြည်မှာ လုပ်စရာ အလုပ်တွေ တပုံကြီးရှိနေတာ ပုံပြင်မဟုတ်ပါဘူး။

ကျွန်တော်တို့ ဘာလာရှာတာလဲ။ ကျွန်တော်တို့ လိုချင်တာ ကျွန်တော်တို့ ရခဲ့ပြီလား။ ဘယ်အချိန် အတိုင်းအတာလောက်ကြာရင် ရလိမ့်မယ်လို့ မျှော်မှန်းထားသလဲ။ ကိုယ့်နိုင်ငံ ကိုယ်ပြန်ရင်ရော ဘာတွေ လုပ်ကြမလဲ။ ကိုယ်လုပ်ချင်တာတွေ လုပ်ခွင့်ရဖို့ ကျွန်တော်တို့ ဘယ်လို Resource တွေ လိုမလဲ။ ဒါတွေကို ဘယ်လိုရှာပြီး ဘယ်လို အသုံးချမလဲ။ ပြည်ပ မရောက်ခင်တုံးက ပြည်ပထွက်ဖို့ ကြိုးစားခဲ့ကြသလို၊ ပြည်ပကို ရောက်ပြီးတဲ့နောက်မှာ ပြည်တော်ပြန်ဖို့ စီစဉ်ကြရမယ်။ ဒါမှသာလျှင်လည်း မိမိတို့ မျှော်မှန်းတဲ့ အန္တိမ ပန်းတိုင်ကို လျှောက်လှမ်းနိုင်ပြီး ပြည်ပထွက်ခြင်းသည်လည်း အနှစ်သာရရှိတဲ့ ပြည်ပထွက်ခွာခြင်းလို့ မည်မှာဖြစ်ပါကြောင်း။

ဆက်လက်တွေးခေါ်ဖို့ ဝေမျှခြင်းပါ။

Jun 24, 2008

တစ်ခါက GTI

အလုပ်ကိစ္စနဲ့ ဆက်နွယ်ပြီး စင်္ကာပူမှာ မြန်မာ ကျောင်းသားတွေ အမြားအပြား တက်ရောက် ကြတယ် ဆိုတဲ့ တီးမားဆက် ပိုလီတက်ကနစ်ကို ရောက်ခဲ့တယ်။ အင်ဂျင်နီယာ အတတ်ပညာ သင်ကြားတဲ့ ကျောင်းဖြစ်တဲ့ အားလျော်စွာ မောင်လူအေးတို့ရဲ့ တစ်ချိန်က စက်မှုလက်မှု သိပ္ပံ ခေါ်တဲ့ ဂျီတီအိုင်ကို သွား သတိရမိတယ်။ စင်္ကာပူနိုင်ငံဟာ တီးမားဆက် ပိုလီတက်ကနစ်ကို ၁၉၉၀ ပြည့်နှစ်မှာမှ စဖွင့်ခဲ့ပြီး အချိန်တိုလေး အတွင်းမှာ အရှေ့တောင် အာရှနိုင်ငံတကာ တန်းဝင် စက်မှု ပညာသင်ကျောင်းတစ်ကျောင်း အနေနဲ့ တည်ထောင်နိုင်ခဲ့တယ်။

စက်မှုလက်မှု သိပ္ပံကို ၁၈၉၆ မှာ စတင် တည်ထောင်ခဲ့လို့ ၁၉၉၆ တုံးက အင်းစိန် စက်မှုသိပ္ပံ နှစ်တစ်ရာပြည့်ပွဲတောင် ကျင်းပခဲ့တယ်။ စတင် တည်ထောင်ချိန်မှာ မြန်မာပြည်မှာ စက်မှု သက်မွေးပညာများ သင်ကြားနိုင်ရေး အတွက် ဆိုပြီး ရည်ရွယ်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာ ပြည်၊ မန္တလေး ပခုက္ကူ စတဲ့ နေရာတွေ မှာ ကျောင်းတွေ ဆက်ဖွင့်သင်ကြားခဲ့တယ်။ စတင်ခဲ့စဉ်ကတည်းက စက်မှုလက်မှုသိပ္ပံ ဟာ အငယ်တန်း အင်ဂျင်နီယာများ မွေးထုတ်ပေးရာ ကျောင်းတော် တစ်ခုဖြစ်ပြီး၊ အကြောင်းကြောင်းကြောင့် ပညာသင်နှစ် ၅ နှစ် အပြည့်တက် ရောက်ပြီး စက်မှု အင်ဂျင်နီယာဘွဲ့ကို ယူဖို့ အခက်အခဲ ရှိသူများ အတွက် အချိန်တို (ပညာသင်နှစ် ၃ နှစ်တည်း) နဲ့ တက်ရောက်ပြီး လုပ်ငန်းခွင် အသုံးချ အတတ်ပညာတွေကို သင်ပေးခဲ့တယ်။ ဒီကျောင်းက ဆင်းလာတဲ့ A.G.T.I လက်မှတ်ကိုင် အငယ်တန်း အင်ဂျင်နီယာ များသည်လည်း နိုင်ငံတော် တည်ဆောက်ရေး နေရာ အမြောက်အမြားမှာ တာဝန်တွေ ကိုယ်စီ ယူခဲ့ကြတယ်။

စက်မှုသိပ္ပံရဲ့ သင်ရိုးညွှန်းတမ်းက စစချင်း ပထမနှစ်တက်တဲ့ အခါမှာ မိမိ တက်ရောက်လိုတဲ့ အင်ဂျင်နီယာ ဘာသာရပ်ကို ရွေးချယ်ရပြီး တက်ရောက်လိုတဲ့ ဘာသာရပ်နဲ့ မိမိရမှတ်နဲ့ ကိုက်ညီတယ်ဆိုရင် လျှောက်ထားတဲ့ ဘာသာရပ်ကို တစ်ခါတည်း တက်ရောက်ခွင့်ရတယ်။ ပထမနှစ်မှာပဲ Civil က Civil စာ စသင်ရတယ်။ EP က EP စာစသင်ရတယ်။ စာသင်နှစ် တစ်နှစ်ကို ၁၀ လ တက်ရောက်ရပြီး ၃ နှစ် တက်ရောက်ပြီးတဲ့ အချိန်မှာ အောင်မြင်တယ် ဆိုရင် AGTI လက်မှတ် ပေးအပ် ချီးမြှင့်တယ်။ နောက်ဆုံးနှစ်မှာ တကယ်လို့များ အမှတ် မီတယ်ဆိုရင် နောင်တော် တက္ကသိုလ် ဖြစ်တဲ့ စက်မှုတက္ကသိုလ်ကို ဆက်လက် တက်ရောက် နိုင်စေဖို့ ၀င်ခွင့်ဖြေဆို တက်ရောက်နိုင်တယ် ဆိုတဲ့ အခွင့်အလမ်းမျိုး ပေးခဲ့တယ်။

စက်မှုတက္ကသိုလ်ကတော့ ပထမနှစ်၊ ဒုတိယနှစ်ကို ဘာသာခွဲခြင်း မရှိဘဲ အခြေခံ အင်ဂျင်နီယာ ဘာသာရပ်များကို စုပေါင်း သင်ကြား ရပြီးတဲ့နောက် ဒုတိယနှစ်ရဲ့ ရလဒ်ကိုကြည့်ပြီး ဘယ်ဘာသာ တက်ရောက်ချင်တယ်ဆိုတာ ရွေးချယ်ရတယ်။ စာသင်နှစ် ၅ နှစ်မှာ တတိယနှစ်ကနေ ပဉ္စမနှစ်အထိ အင်ဂျင်နီယာ ဘာသာရပ်များကို ၃ နှစ် သင်ကြားရတယ်။ ရှေးယခင် တုံးကတော့ စက်မှုသိပ္ပံ ၀င်ခွင့်ကို စာမေးပွဲနဲ့ ဖြေဆိုရပြီး ၁၉၉၀ နောက်ပိုင်းမှာ ဆယ်တန်းရ အမှတ်ကို မူတည်ပြီး ၀င်ခွင့် ရွေးချယ်ဆုံးဖြတ်ခဲ့တယ်။

၁၉၉၈ နောက်ပိုင်းမှာ ဘယ်လို ပညာရှိမျိုးက ရွှေဥာဏ်တော် စူးရောက်လိုက်တယ် မသိပါဘူး။ GTI ကို GTC ရယ်လို့ အသွင် ပြောင်းလိုက်တယ်။ စစချင်းမှာ GTC သည် GTI ကို အမည် ပြောင်းထားရုံက လွဲပြီး ဘာမှ မထူးခြားတော့ သိပ်သိသိသာသာ မရှိလှပါဘူး။ နောက်ပိုင်းမှာ GTC = စက်မှုတက္ကသိုလ် ပထမ ၂နှစ်ဖြစ်သွားတယ်။ စစချင်း GTI ကို GTC အဖြစ် ပြောင်းစဉ် ကတည်းက ဘယ်လိုပဲ ပညာရေး အဆင့်မြှင့်တယ် ပြောပြော Institute သည် College နဲ့အဓိပ္ပာယ်လည်း မတူသလို၊ သက်ရောက်လည်း မတူတာအမှန်။ သို့ငြားလည်း ပြောင်းဆိုတော့ ပြောင်းပေါ့။ Institute နဲ့ University တုံးက ကိုယ့်ရပ်တည်မှုနဲ့ကိုယ်ရပ်တည်ခဲ့တဲ့ စက်မှုလက်မှု သိပ္ပံကို စက်မှုတက္ကသိုလ်ရဲ့ ပထမ၂ နှစ်ထဲ ပေါင်းထည့်လိုက်တဲ့အခါ GTI ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပါပြီ။ အခုအချိန်မှာ AGTI ဆိုတာ GTC က B.Tech ဆက်တက်ဖို့ အဆင့်မမီလို့ ကျန်ခဲ့တဲ့ ကျောင်းသားများ ကိုင်ဆောင်ရတဲ့ လက်မှတ် အဆင့်ဖြစ်သွားခဲ့ပါပြီ။ နှစ်ပေါင်းရာချီပြီး အခိုင်အမာရပ်တည်ခဲ့တဲ့ ပညာရည်တိုက်ကျွေးခဲ့တဲ့ စက်မှုသိပ္ပံတွေ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ပြီ။

သူများနိုင်ငံတွေမှာ စက်မှုသိပ္ပံတစ်ခုဖြစ်လာဖို့ နိုင်ငံတကာ အသိအမှတ်ပြု အဆင့်ရောက်လာဖို့ အလွန်တရာမှ အားသွန်ခွန်စိုက် ကြိုးပမ်း အားထုတ်နေကြတဲ့အချိန်မှာ ကျွန်တော်တို့ ဆီမှာတော့ ရှိပြီးသား သမိုင်းဝင် နှစ်ပေါင်း ရာချီနေတဲ့ ကျောင်းတော်ကြီး တစ်ခုကို တိမ်မြုပ် ပျောက်ကွယ်သွားအောင် ရွှေဥာဏ်တော် စူးရောက်ခဲ့ကြတယ်ဆိုတဲ့ အကြောင်း။ ဆက်လက် တွေးခေါ်နိုင်ဖို့ ဝေမျှခြင်း ဖြစ်ပါကြောင်း။

Jun 15, 2008

PDF to AUTOCAD Converter

အခုတလောမှာ စင်္ကာပူမှာ အလုပ်လာရှာကြတဲ့ ရွှေမြန်မာ အများစု AUTOCAD Drafter အနေနဲ့ အလုပ် လာရှာကြတာ တွေ့ရပါတယ်။ ယခင့် ယခင် ကတည်း ကလည်း Drafter အနေနဲ့ အလုပ်လုပ် နေကြသူတွေ အမြောက်အမြား မို့လို့ Burmese Drafter Association BDA ဆိုပြီး ဖွဲ့ရင်တောင် ရနိုင်တဲ့ အခြေအနေ ရောက်နေပါပြီ။ (ရှေးလူကြီးတွေ အဆိုအရတော့ ကျုပ်တို့ မြန်မာ လူမျိုးဟာ လူ ၂ယောက်ရှိရင် ၃ ဖွဲ့ဖွဲ့လို့ ရတယ် ဆိုလားပဲ။ ဤကား စကားချပ်။) Drafter နဲ့ အလုပ် လာရှာသူ တွေရော၊ လက်ရှိ အလုပ် လုပ်နေသူတွေရော အသုံးတည့်နိုင်တဲ့ Software လေးတစ်ခု ဝေမျှလိုပါတယ်။

Construction Site Plan Drawing တွေဟာ အများအားဖြင့် A0 သို့မဟုတ် A1 နဲ့ အများဆုံး ထုတ်ပေးလေ့ရှိကြပြီး၊ AUTOCAD Drawing တွေဟာလည်း အများအားဖြင့် Mega Bytes အတော်များများ အထိ File Size ရှိတတ်တာမို့ Contractor အချင်းချင်း လက်ဆင့်ကမ်းဖို့ လိုအပ်တဲ့ အခါမှာ File Size သေးတဲ့ PDF Format ကို ပြောင်းပြီး ပေးတတ်တာမျိုး ကြုံရ တတ်ပါတယ်။ AUTOCAD Drawing ကို PDF ပြောင်းတာ ဘာမှ မခက်ပေမဲ့ PDF ကို AUTOCAD ပြောင်းဖို့ လိုအပ်တဲ့ အခါ ပြဿနာ တက်တော့တာပါပဲ။

မောင်လူအေးလည်း ဒီနေ့ပဲ အလားတူ ပြဿနာ ကြုံရပါတယ်။ Drawing တစ်ခုကို AUTOCAD နဲ့ Handle လုပ်ရင် လွယ်နိုင်တာကို Drawing က PDF ဖြစ်နေတော့ ဒုက္ခနဲ့ လှလှနဲ့ တွေ့တော့တာပါပဲ။ အဲဒါနဲ့ ဘာပဲလိုလို Google နဲ့ရှာ ဆိုထားတဲ့အတိုင်း ( ဘယ်သူမှ မဆိုထားပါဘူး။ ကိုယ်ဖာသာကိုယ်ဆိုထားတာပါ။) Google ထဲသွား၊ PDF to AUTOCAD ဆိုပြီး ရိုက်ထည့်လိုက်တော့မှ PDF to AUTOCAD Software တွေ တပုံကြီး တွေ့ရပါတယ်။ ဖြစ်နိုင်တာတော့ အသုံး မလိုသေးလို့၊ ထိတွေ့မှု မရှိလို့ မောင်လူအေး မသိ သေးတာလည်း ဖြစ်နိုင်ပါတယ်။

ဒါနဲ့ www.autodwg.com ကိုသွား၊ PDF to AUTOCAD Software လေး Download လုပ်၊ Install လုပ်ပြီး အပီအပြင် Convert လုပ်တော့မယ် လုပ်မှ သူပြောတဲ့ Command က အလုပ်မလုပ်ဘူးဖြစ်နေပါတယ်။ အဲဒါနဲ့ ဘာများမှားလည်း ပြန်စစ်တော့လည်း ဘာမှ မမှား၊ မသင်္ကာတာနဲ့ သူ့ Website ကို သွားကြည့်တော့မှပဲ သကောင့်သားက AUTOCAD Full version နဲ့ သာ အလုပ်လုပ်ပြီး၊ AUTOCAD LT Version မှာ အလုပ်မလုပ်တာ သွားတွေ့ရပါတယ်။

တကယ်တော့ ပြီးမှ ပြန်တွေ့ရတာ (အစောက ၀မ်းသာလွန်ပြီး မဖတ်မိဘဲ ကျော်သွားတာပါ။) PDF to AUTOCAD က Version နှစ်မျိုးရှိပြီး တစ်မျိုးက AUTOCAD Software ရှိစရာမလိုဘဲ Convert လုပ်ပေးနိုင်တဲ့ Standalone Version ဖြစ်ပြီး၊ တစ်မျိုးက AUTOCAD Software ပေါ်မှာ Plug-in ပုံစံမျိုး တိုက်ရိုက် Command ပေးသုံးနိုင်တဲ့ Software ဖြစ်နေတာ တွေ့ရပါတယ်။ Convert လုပ်တဲ့ အချိန် အတော်လေး ကြာပေမဲ့လို့ AUTOCAD Drawing Format အတိုင်း ထွက်တာတွေ့ရတဲ့ အတွက် အတော်လေးကို အဆင်ပြေ ချောမွေ့တာ တွေ့ရပါတယ်။

AUOTCAD Software ရှိပြီးသား သူငယ်ချင်းတွေကတော့ Plug-in Version က ပို အဆင်ပြေပြီး၊ Standalone Version ကတော့ AUTOCAD LT သုံးသူများ အတွက်ရော၊ AUTOCAD မရှိတဲ့ စက်မှာ Convert လုပ်ချင်သူတွေ အတွက်ရော အဆင်ပြေပါတယ်။

Plug-in Version အတွက် Download လုပ်ပြီးတဲ့ Software ကို Run လိုက်ပြီးတာနဲ့၊ AUTOCAD ကိုဖွင့်၊ Command Line ထဲမှာ PDFIN ဆိုတဲ့ Command ရိုက်ထည့်လိုက်တာနဲ့ Convert လုပ်ဖို့ File Select Window လေး ပွင့်လာပါမယ်။ ကိုယ် Convert လုပ်ချင်တဲ့ File ကို Click လုပ်ပြီး Convert ကိုသာ Click လိုက်ရုံပါပဲဗျာ။ အကယ်၍များ သူငယ်ချင်းရဲ့ AUTOCAD က PDFIN Command ကို Unknown Command လို့ပြောခဲ့မယ်ဆိုရင်တော့ PDF to DWG Converter installed လုပ်ထားတဲ့ Address ( ဥပမာ. c:\Program Files\AutoDWG\PDF to DWG Converter) ကို သွားပြီး autoload.exe ဖိုင်လေးကို Run ပါ။ Run ပြီးတာနဲ့ AUTOCAD ထဲကိုသွား၊ Command Line ထဲမှာ ARX ဆိုတဲ့ Command ကို ရိုက်၊ ပြီးတာနဲ့ ARX File Load လုပ်နိုင်အောင် L ကို နှိပ်ပြီး PDF to DWG Converter installed လုပ်ထားတဲ့ Address ကို သွားပြီး အောက်မှာ ပြထားတဲ့ အတိုင်း သက်ဆိုင်ရာ ARX File ကို ရွေးပြီး Load လုပ်ခိုင်းပါ။




PDFImport27.arxAutoCAD 2007/2008
PDFImport24.arxAutoCAD 2004/2005/2006
PDFImport2x.arxAutoCAD 2000/2002
PDFImport14.arxAutoCAD R14

အဲဒီနောက်မှာတော့ AUTOCAD က PDFIN Command ကို လက်ခံပြီး Convert လုပ်နိုင်အောင် File Select လုပ်ပေးနိုင်ပါလိမ့်မယ်။

PDF to DWG Converter တွေကို အောက်မှာ Download လုပ်နိုင်ပါတယ်။


PDF to DWG Plug-in Version အတွက် Download ကို နှိပ်ပါ။
PDF to DWG Standalone Version အတွက် Download ကို နှိပ်ပါ။

အားလုံးပဲ AUTOCAD နဲ့ လုပ်ငန်းများ အဆင်ပြေ ချောမွေ့နိုင်ပြီး ဆထက်တပိုး အောင်မြင်သော Drafter များ ဖြစ်ကြပါစေဗျာ။ တကယ်လို့များ Burmese Drafter Association (BDA) ဖွဲ့ဖြစ်မယ် ဆိုရင်လည်း လက်တို့ပါဦးမယ်။








Standalone Version

Plug-in Version


Jun 11, 2008

ခွင့်လွှတ်တယ် ခွင့်ပြုတယ်

ဆို - R ဇာနည်
Rဇာနည် - ခွင့်လွှတ်တယ် ခွင့်ပြုတယ်

အလှမ်းဝေးတဲ့ လမ်းတွေနောက် မထူးခြားလည်း အရိပ်လိုတစ်ကောက်ကောက်နဲ့လိုက်
အကြင်နာကို မျှော်လင့် မင်းသိရဲ့လား တမ်းတမိတယ် ချစ်သူလေးရယ်....

ယူမယ်... အလွမ်းလေးများ ပေးခဲ့ရင်လည်း ပေးလိုက်စမ်း အနမ်းလို့ တို့ သတ်မှတ်မယ်
ဘယ်သူတွေ ဘယ်လို စွန့်ပစ်ခဲ့လည်း မင်းလေးနားမှာ အမြဲရှိမယ်

ရှင်သန်ချိန်တိုင်း ကိုယ် စောင့်...ရ...ဦး....မယ်.... အိုအချစ်အတွက်
တစ်နေ့တော့ ပျော်.....ချင်.....တယ် အို ကိုယ့်ရဲ့ဘ၀မှာ ... ပျော်နိုင်မလား....

အသည်းလေးများ ခွဲလည်းကိုယ် ခွင့်ပြုမှာ နောက်တစ်ယောက်နဲ့ တွဲလည်း ကိုယ် ခွင့်လွှတ်တာ
သူမသိဘူး.... အချစ်ဦးမို့ပါ...

ကိုယ့်ရဲ့ အလှည့်ရောက်လို့လာမလား ...တဖြည်းဖြည်း မင်း အနားမှာ စိတ်ဓာတ်ကျကာ
ဘယ်အချိန်မှာ အချစ်များ ကိုယ့်အတွက်လည်း အို့ ချစ်သူ နားလည်ပါ

ပြန်လာနိုင်မလား အတုံ့အလှည့်အချစ်တွေ ကိုယ့်အတွက် သီးသန့် ပိုင်ချင်တယ်
ကိုယ့်ရဲ့ဘ၀မှာ သိပ်ချစ်လို့ကွယ် ..အပိုင်ရချင်တယ်...

အသည်းလေးများ ခွဲလည်းကိုယ် ခွင့်ပြုမှာ နောက်တစ်ယောက်နဲ့ တွဲလည်း ကိုယ် ခွင့်လွှတ်တာ
သူမသိဘူး.... အချစ်ဦးမို့ပါ...

မေ့နေလား မင်းရဲ့အနား အရိပ်လိုပဲ.... အမြဲတမ်း ကိုယ် ရှိနေလဲ အဝေးကိုပဲ ငေးနေဆဲ...
ဘေးနားက ပြောနေလဲ မောရုံပဲ အေးစက်ဆဲ...ကိုယ်တို့ နှစ်ယောက်ဟာ ရင်ခွင်တွေ တကယ်ယကို ဝေးနေ...

အားလုံးထက် မင်းကိုယ် သိပ်ချစ်တာ....အားလုံးထက် မင်းလေးကို ခွင့်လွှတ်တာ သူမသိဘူး.....
တကယ်ဆိုရင် ကိုယ်မင်းအတွက် အသက်ဆက်လာ .... ရုန်းထွက်ဖို့ ကိုယ့်ဘ၀မှာ မလွယ်တော့ပါ..
သူမသိဘူး.... အချစ်ဦးမို့ပါ...

P.S ဘာရယ် မဟုတ်ပါဘူး။ သူငယ်ချင်း တစ်ယောက်က သီချင်းလေးတွေ ကောင်းတယ်လို့ ညွှန်းလို့ နားထောင်ဖြစ်ရာက သီချင်း စာသားလေး လိုက်ကုးဖြစ်ရင်... ကိုယ်နားထောင်ဖြစ်သလို သူငယ်ချင်းတွေလည်း နားထောင်ရအောင် Share လိုက်ခြင်းပါ။ Album တစ်ခုလုံးကိုတော့ www.myanmarmp3.net ထဲမှာ Download လုပ်နိုင်ပါကြောင်း။

Jun 3, 2008

ချက်ခြင်းနှင့် သင့်မြတ်ကြသူများ အတွက် Chat Dictionary

အင်တာနက် သုံးသူတိုင်း Chatting နဲ့ မကင်းကြပါဘူး။ Chatting ပြောတဲ့ခါကျတော့ တချို့က English လို၊ တချို့က ဗမာလို ရေးပြောကြ၊ တချို့က ဗမာ အသံထွက်ကို English စာလုံးနဲ့ ပေါင်းပြီး Burglish နဲ့ပြောကြတယ်။ အခုခေတ် Chatting စသုံးတဲ့ လူငယ်တွေတော့ ဘယ်လိုနေတယ် မသိ၊ လွန်ခဲ့တဲ့ ၅ နှစ်ခန့်က အင်တာနက်ကို စတင်ထိတွေ့ဖူးတဲ့ မောင်လူအေးအဖို့တော့ asl ဆိုတာ ဘာမှန်းမသိ gf ဆိုတာ ဘာမှန်းမသိနဲ့ တော်တော်လေး ဒုက္ခရောက်ပါတယ်။ အခု နောက်ပိုင်း Chatting ပြောသူတွေကတော့ တော်တော်လေး ထိသိနားလည်လွယ်တာ တွေ့ရပြီး စကားလုံးပေါင်းများစွာကို သိပြီးသားသူတွေများပါတယ်။ သို့ပေမဲ့ စကားလုံးဆိုတာမျိုးက တစ်နေ့တစ်မျိုး၊ အမျိုးမျိုးပြောင်းနေတတ်တာမျိုးဆိုတော့ အသစ်အသစ်တွေထဲက မသိတာတွေရော၊ အဟောင်းတွေထဲက ကိုယ်မသိသေးတာတွေရော ရှာဖွေနိုင်ဖို့ Chat Word Dictionary လေးကို ၀င်ရောက်ရှာဖွေနိုင်စေဖို့ ဝေမျှလိုက်ပါတယ်။ ချက်ခြင်းနှင့် သင့်မြတ်ကြသူများ အတွက်ကတော့ တစ်နည်းတစ်လမ်း ထောက်ကူနိုင်စေမဲ့ Dictionary လေးတစ်ခုပါ။

BAY OF HUNTERS