“ကားပေါ်တက်ပြီးရင် ယဉ်စီးခလေးတွေ ပေးဖို့ မမေ့ကြနဲ့နော်၊”
“ဟိုရှေ့က အစ်ကိုကြီး ကားခ ပေးပြီးပြီလား”
“လက်တို့တောင်းရင် ရှက်ဖို့ကောင်းပါတယ်၊ ကိုယ့်အသိစိတ်လေးနဲ့ ကိုယ်ပေးကြပါ”
“၆နာရီ ကျော်နေပြီ။ အောက်ဆိုက်ကား ဖြစ်သွားပြီ၊ အောက်ဆိုက်ကားက အောက်ဆိုက်ကားဈေးပဲ”
“အစုတ်တွေ ပေးရင် အစုတ်တွေပဲ ပြန်အမ်းမှာနော်၊ ပြီးတော့မှ စပယ်ယာက အစုတ်တွေပဲ ရွေးအမ်းတယ် မပြောနဲ့”
ဒါတွေက ကျွန်တော်တို့ မြို့တော်ရန်ကုန်ရဲ့ နိစ္စဓူဝ ကြားနေကျ အသံတွေထဲက တချို့၊ ခရီးသည်နဲ့ ခရီးသည် ပို့ဆောင်ရေးမှာ ငွေစက္ကူကို သုံးနေဆဲ နိုင်ငံတွေ ထဲက တစ်ခုဖြစ်တဲ့ ကျွန်တော်တို့ နိုင်ငံမှာ အခုလို အသံဗလံတွေက အထူးအဆန်းတော့ မဟုတ်ပါဘူး။ သို့ပေမဲ့ ခြင်္သေ့ကျွန်းလို့ ခေါ်တဲ့ ကျွန်းပိစိ နိုင်ငံလေးကို ရောက်တဲ့ခါကျတော့ ဒီအသံဗလံတွေ မကြားရဘူး ခင်ဗျ။ မကြားရဆို သူတို့က ငွေစက္ကူအစား ငွေစက္ကူတန်ဖိုး ဖြည့်တင်းရတဲ့ (ပိုက်ဆံဖြည့်ပြီး သုံးရတဲ့) Card လေး တစ်မျိုးကို သုံးပါတယ်။ အဲဒီ Card လေးထဲ ပိုက်ဆံဖြည့်ပြီး အလိုလျောက် စီးနင်းခ ဖြတ်တဲ့ စနစ်ကို သုံးလိုက်တဲ့အခါ အပေါ်က ပြောခဲ့တဲ့ အသံဗလံတွေ ပျောက်ကုန်တော့တာပါပဲ။ အဲဒီ အသံတွေ ပျောက်ကုန်ရုံတင် မကဘူး။ စက်နဲ့ အလိုလျောက် ဖြတ်တောက်တဲ့ အခါကျတော့ ပိုတောင်းတာ၊ လျှော့ယူတာတွေ မရှိတော့ဘူး။ ပမာဏ အတိအကျလည်း ဖြတ်ယူနိုင်တယ်။ စီးနင်းတဲ့ အချိန်ကျမှ အကြွေ မပါတာမျိုး၊ ပြန်အမ်းဖို့ အကြွေ မရှိလို့ အတန်ကြီး ပေးပြီးမှ ပြန်မရတာမျိုး မရှိတော့ပါဘူး။
EZ-Link Card ကို S$ 15 ပေးပြီး ၀ယ်ယူရပါတယ်။ ကဒ်တန်ဖိုးက S$ 5.00၊ ကဒ်ထဲမှာ Deposit အနေနဲ့ S$ 3.00 ဆိုတော့ ကဒ်ထဲက လက်ကျန်တန်ဖိုး S$ 7.00 ကျန်ပါတယ်။ ဘယ်နေရာ ဘယ်ကို သွားသွား၊ MRT ပဲ စီးစီး၊ LRT ပဲစီးစီး၊ Bus ပဲ စီးစီး အ၀င်မှာ ရှိတဲ့ Card Reader လေးရှေ့မှာ Card ကို တစ်ခါ ပြရ ( Flash လုပ်ရ) ပါတယ်။ ပြန်အထွက်မှာ တစ်ခါ Card ပြရ (Flash လုပ်ရ) ပါတယ်။
ဒီလို သုံးရတာ လွယ်ကူရှင်းလင်းတဲ့ စနစ်လေးတစ်ခုကို သုံးနေရင်းနဲ့ ဒီ Card အကြောင်း သိချင်လာတာ တစ်ကြောင်းရယ်၊ Card အလုပ်လုပ်တဲ့ ပုံစံလေး သိချင်တာရယ် ကြောင့် Card ရာဇ၀င်လေးကို ရှာဖွေ မွှေနှောက် ဖြစ်ပါတယ်။ သိလာသမျှ အကြောင်းလေးတွေကို ဝေမျှလိုတဲ့ ဆန္ဒကြောင့် ရေးသားလိုက် ရပါကြောင်း။
*******************************************************************************
EZ-Link Card
EZ-Link ကဒ်ဟာ Sony ကုမ္ပဏီရဲ့ Felica Smartcard ထိတွေ့မှုမရှိဘဲ အာရုံခံစနစ်သုံး Contactless Smart Card အမျိုးအစားဖြစ်ပြီး စင်္ကာပူနိုင်ငံက သယ်ယူပို့ဆောင်ရေး စံနစ်မှာ သုံးတဲ့ ငွေပေးချေမှု စနစ်တစ်မျိုး ဖြစ်တယ်။ သက္ကရာဇ် 2001 မှာ စတင် သုံးစွဲခဲ့ပြီး အဓိကကတော့ လူသွားလူလာ အရမ်းများတဲ့ အချိန် Bus တွေမှာ အတက်အဆင်း မြန်ဆန်စေဖို့ ရည်ရွယ်ခဲ့တယ်။ စင်္ကာပူနိုင်ငံ ကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင် (Land Transport Authority) ရဲ့ လက်အောက်ခံ EZ-Link Private Limited ကနေပြီး ဖြန့်ချိ၊ ရောင်းချ၊ စီမံခန့်ခွဲပြီး ၂၀၀၇ ခုနှစ်အထိ ကဒ်အရေအတွက် 10 သန်း ရောင်းချထားပြီး ဖြစ်ပြီး၊ နေ့စဉ် ဒီကဒ်နဲ့ ငွေပေးချေမှုပေါင်း အကြိမ် 4 သန်း အထိ ရှိတယ်။
ဖြစ်ပေါ်တိုးတက်မှုLTA က သက္ကရာဇ် 2000 ပြည့်နှစ် ဖေဖော်ဝါရီ လ 26 ရက်နေ့မှာ ခရီးသွား ပြည်သူ ဦးရေ 1 သိန်းကို ကဒ်သုံးစွဲမှု အစမ်းကာလအနေနဲ့ စတင် သုံးစွဲစေခဲ့တယ်။ ရက်သတ္တပတ် တစ်ပတ်အတွင်း MRT ၊ LRT အနည်းဆုံး ငါးကြိမ် စီးနင်းသူတွေ အတွက် ထုတ်ပေးခဲ့တဲ့ ကဒ်ပေါ်မှာ Super Rider လို့ တံဆိပ်တပ်ထားတယ်။ စတင် သုံးစွဲသူတွေကို ဆွဲဆောင်နိုင်စေဖို့ တစ်လအတွင်း ပုံမှန် ကျသင့်ငွေရဲ့ ဆယ်ရာခိုင်နှုံးကို ပြန်အမ်းငွေ အဖြစ် ပြန်အမ်းခဲ့တယ်။
နောက်ထပ် စမ်းသပ်သုံးစွဲမှု တစ်ခုကတော့ သတ်မှတ်ထားတဲ့ လမ်းကြောင်းပေါ်မှာ Bus အကြိမ် အရေအတွက် များများ စီးနင်းသူတွေ အတွက် စမ်းသပ် သုံးစွဲခဲ့တယ်။ အဲဒီ စနစ်အတွက် စင်္ကာပူဒေါ်လာ 134.6 သန်း တန်ဖိုးရှိ Card နဲ့ Card Reader အရေအတွက် 5 သန်း ပေးသွင်းဖို့ ကန်ထရိုက်ကို Motorola က ရရှိခဲ့တယ်။
ကဒ်သုံးစွဲပုံMRT/ LRT နဲ့ အများပြည်သူသုံး Bus တွေမှာ စီးနင်းခ ပေးချေဖို့ အတွက် သုံးတယ်။ ကျောင်းသားတွေ၊ Singapore Armed Force၊ Singapore Civil Defense Force နဲ့ Singapore Police Force တို့က အမှုထမ်းတွေ၊ အသက် ခြောက်ဆယ်ကျော် သက်ကြီးနိုင်ငံသားတွေ အတွက် စိစစ်ရေးကဒ်ပြား၊ ခံစားခွင့်ပြု လက်မှတ် အဖြစ်လည်း တစ်ဖက်က အထောက်အကူ ပြုတယ်။ ကဒ်အသုံး ကျယ်ပြန့်လာတာနဲ့ အမျှ McDonald ဆိုင်များ၊ စူပါမတ်ကတ်များ၊ စာကြည့်တိုက်များ နဲ့ အလိုလျောက် အအေး ရောင်းစက်တွေမှာပါ ငွေပေးချေမှု အတွက် သုံးစွဲနိုင်လာတယ်။ အချို့သော ကျောင်းတွေဆိုရင် EZ-Link ကဒ်ကို ကျောင်းခေါ်ချိန် မှတ်တဲ့ နေရာတို့ ကျောင်းက ရောင်းတဲ့ စားသောက်ဖွယ်ရာများ တန်ဖိုးပေးချေရာမှာ သုံးဖို့ စတင် လုပ်ဆောင်နေကြပါပြီ။ ဒီ စံနစ်ဟာ ဟောင်ကောင်မှာ သုံးတဲ့ Octopus Card နဲ့ အတူတူပါပဲ။
2005 ဒီဇင်ဘာ 3 ရက်နေ့မှာ EZ-Link Pte Ltd က EZ-Link ကဒ်သည် NETS နဲ့ ပူးပေါင်းပြီး EZ-Link ကဒ်နဲ့ Cashcard နှစ်ခုစလုံးရဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်အောင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီလိုဆိုတော့ ERP (အလိုလျောက် လမ်းအသုံးပြုခကောက်ခံတဲ့ စနစ်) , Bus နဲ့ MRT စတဲ့ စင်္ကာပူရဲ့ အထင်ကရ သယ်ယူ ပို့ဆောင်ရေး စနစ် 3 ခုစလုံးမှာ ကဒ် တစ်ကဒ်တည်းနဲ့ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒီ ကဒ်စနစ်ကို 2007 ခုနှစ်မှာ ထုတ်ဝေနိုင်မယ်လို့ မှန်းခဲ့ကြပေမဲ့ အခု 2008 အထိ ထုတ်ဝေနိုင်ခြင်း မရှိသေးပါဘူး။ 2007 ခု အောက်တိုဘာ 17 ရက်နေ့မှာ Starhub နဲ့ EZ-Link Pte Ltd တို့ ပူးပေါင်းပြီး EZ-Link ကဒ် ထည့်သွင်းထားတဲ့ တယ်လီဖုန်းစနစ် စတင်တော့မှာ ဖြစ်ကြောင်း ကြေညာခဲ့တယ်။ EZ-Link ကဒ်ရဲ့ အရွယ် အစားဟာ တံဆိပ်ခေါင်း အရွယ်သာသာပဲ ရှိပြီး တယ်လီဖုန်း တွေရဲ့ နောက်ကျောဘက်မှာတောင် ကပ်ထားလို့ရတဲ့ အရွယ်အစားဖြစ်တဲ့ အတွက် သယ်ဆောင် ကိုင်တွယ် ထိန်းသိမ်းရာမှာ ပိုပြီး လွယ်ကူမယ်လို့ ဆိုပါတယ်။ ဒီ ကဒ်အမျိုးအစား စသုံး ဖြစ်မယ်ဆိုရင် လက်ရှိ သုံးနေတဲ့ EZ-Link ကဒ်ပြားဟာ နောက် ငါးနှစ်လောက်မှာ လုံးဝ ပျောက်ကွယ် သွားစရာ ရှိနေပါတယ်။
နည်းပညာ အချက်အလက်212 kbps Data Rate နဲ့ Radio Frequency 13.56 MHz ကို အသုံးပြုပြီး ဆက်သွယ်မှု အမြန်ဆုံး 847 kbps ထက်တောင် ကျော်ပါတယ်။ ကဒ်နဲ့ ကဒ်ရီဒါ အကွာအဝေးကြောင့် ဖြစ်တဲ့ Noise ကို ခံနိုင်ဖို့ Manchester bit coding scheme ကို သုံးထားပြီး လုံခြုံရေး စနစ် အနေနဲ့ Triple DES algorithm ကို သုံးထားတယ်။
ဈေးနှုံးသတ်မှတ်ခြင်းStandard adult EZ-Link card အတွက် MRT စီးနင်းခကို S$ 0.67 ကနေ S$2.69 အထိ ပေးရတယ်။ ကင်းလွတ်ခွင့် ရသူများ ကတော့ MRT ပဲဖြစ်ဖြစ် Bus ပဲဖြစ်ဖြစ် တစ်ကြိမ်စီးတိုင်းကို 50 cents ထက် ကျော်လေ့မရှိဘူး။ အရွယ်ရောက်သူ ကိုင်ဆောင်တဲ့ ကဒ် က တစ်ဆက်တည်း အကြိမ်ကြိမ် ပြောင်းစီးသည့်တိုင် S$ 1.90 ကျော်လေ့မရှိဘူး။ MRT စနစ်မှာတော့ တစ်ကြိမ်စီး လက်မှတ် စနစ်ရှိပြီး တစ်ကြိမ်စီး လက်မှတ် မဟုတ်တဲ့ အခြား လက်မှတ်တွေထက် ကုန်ကျမှုက 1 ဆသို့မဟုတ် 2 ဆ အထိ ပေးရတယ်။ Standard Ticket အတွက် ပြန်လည် ထုတ်ယူလို့ရတဲ့ S$1.00 Deposit အနေနဲ့ ပေးပြီး ၀ယ်ယူရတယ်။ ၀ယ်ယူပြီး ရက် 30 အတွင်း မည်သည့် လက်မှတ်ရောင်းစက်မှ မဆို ပြန်အမ်းငွေ ပြန်လည် ထုတ်ယူနိုင်တယ်။
Standard Ticket တွေမှာ သုံးတဲ့ Smartcard နည်းပညာက ကဒ် ပြန်လည် ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ ကုန်ကျမှု လောက်နဲ့ရနိုင်တဲ့ နည်းပညာပဲ သုံးထားတယ်။ စီးနင်းသူတွေက အယင်သုံးတဲ့ သံလိုက်စနစ်သုံး Card နဲ့ စီးခအပြည့်ပေးလိုကြမှုမျိုးက ပြဿနာ ဖြစ်တတ်တယ်။ EZ-Link ကဒ် စံနစ်မှာ ခရီးသည်က Card Reader ရဲ့ အလယ်နေရာကို Card

ပြတဲ့ အခါမှာ ခရီးဆုံးအထိ စီးနင်းခရဲ့ အများဆုံး ပမာဏကို ဖြတ်တောက် ယူလိုက်တယ်။ ဘတ်စ်ကားက ဆင်းလို့ Card ပြားတစ်ခါ ထပ်ပြတဲ့ အခါ စံနစ်က သူဆင်းတဲ့ မှတ်တိုင်ကနေ ခရီးစဉ် အဆုံးအထိ ကျန်တဲ့ စီးနင်းခ ပမာဏကို ပြန်အမ်းပေးတယ်။ အဆင်းမှာ Card ပြခဲ့ဖို့ မေ့ခဲ့တယ်ဆိုရင် အတက်ဘက်က Card Reader ဘတ်စ်ရဲ့ ခရီးစဉ်အဆုံးအထိကျသင့်ငွေ ပမာဏကို ဖြတ်ယူထားပြီးသား ဖြစ်နေလိမ့်မယ်။ စစချင်းမှာ အကြိမ်ကြိမ် ပြောင်းစီးတတ်တဲ့ ခရီးသည်တွေကြောင့်ဒီစံနစ်က စီးနင်းခ မှန်မှန်ကန်ကန် မရခဲ့ဘူး။ ဒုတိယနှစ်မှာ System Software တွေ Upgrade လုပ်၊ စီးနင်းခ ဖြတ်တောက်တဲ့ ပုံစံတွေ ပြောင်း စတာတွေလုပ်ပြီး ပြုပြင် နိုင်ခဲ့တယ်။ ကနေ့မှာတော့ ခရီးသည်တစ်ဦး အ၀င်Card Reader မှာ ကဒ်ပြတဲ့ အခါမှာ စက်ရဲ့ Screen မှာ Card ရဲ့ လက်ကျန် တန်ဖိုးကို ပြတယ်။ အဆင်းဘက် Card Reader မှာ ထပ်ပြတဲ့ အခါကျမှ ကျသင့်ငွေကို ဖြတ်ယူတယ်။ ခရီးသည်တွေ ယဉ်စီးခ မှန်မှန်ကန်ကန် ပေးစေဖို့ ဘတ်စ် ဒရိုင်ဘာက သေချာစောင့်ကြည့်ဖို့လိုတယ်။ အ၀င် Card Reader မှာ Card ပြတိုင်းမှာလည်း အချက်ပေးသံလေး မြည်တယ်။ ခရီးသည်တွေ စီးနင်းခ မှန်မှန်ကန်ကန် ပေးမှုရှိမရှိ ရံဖန်ရံခါ Card စစ်တဲ့သူတွေ တက်စစ်လေ့ရှိတယ်။ EZ-Link မကိုင်ဆောင်တဲ့ ခရီးသည်တွေက ငွေစက္ကူပေးပြီး စီးနင်းနိုင်ပြီး ယဉ်စီးခ ပေးပြီးကြောင်း သက်သေခံ လက်မှတ်လေးတွေ ယူရတယ်။
EZ-Online
EZ-Online ကတော့ EZ-Link ကပေးတဲ့ online ၀န်ဆောင်မှုပါပဲ။ ခရီးသည်တွေဟာ သူတို့ ပေးခဲ့တဲ့ ပေးချေမှု မှတ်တမ်းကို စစ်ဆေးနိုင်တယ်၊ Discount Coupon တွေကို သူတို့ Card တွေဆီကို Download လုပ်နိုင်တယ်။ သတ်မှတ်ထားတဲ့ အရောင်းဆိုင်တွေမှာ EZ-link card နဲ့ ငွေပေးချေနိုင်တယ်။ Sony Felica Contactless Card Reader သာ ကိုယ်ပိုင် ရှိမယ်ဆိုရင် အွန်လိုင်းပေါ်ကနေပြီး တန်ဖိုး ထပ်ပေါင်းတာ လုပ်နိုင်တယ်။ ဒီ Card Reader ကို Electronic အရောင်းဆိုင် တော်တော်များများမှာ ၀ယ်ယူလို့ ရနိုင်ပြီး လက်ရှိ အချိန်အထိ စီးပွားရေးလုပ်ငန်း 51 ခုမှာ S$ 100 ထက်မကျော်တဲ့ ငွေပေးချေမှုအတွက် သုံးစွဲနိုင်တယ်။
အပြစ်တင်မှုများအချို့သော သူတွေကတော့ ကလေးသူငယ် ခံစားခွင့်ကဒ်သည် Identity Card လည်း ဖြစ်နေတာကို မေးခွန်း ထုတ်ကြတယ်။ တကယ်လို့ အဲဒီ Card ပျောက်ဆုံးခဲ့မယ်ဆိုရင် ပိုင်ရှင်ကို တော်တော်လေး ဒုက္ခရောက်စေတယ်။ ဘာလို့လည်းဆိုတော့ ပိုင်ရှင်သတ်မှတ်ထားတဲ့ EZ-Link Cad အသစ်ပြန်လည် ထုတ်ပေးမှုဟာ ၀န်ဆောင်ခ အနေနဲ့ S$ 20 အထိ ကုန်ကျနိုင်လို့ပဲ။ ဒီ့အပြင် EZ-Link Card ကို ကျောင်း ကန်တင်းနဲ့ Fast Food ဆိုင်တွေမှာပါ သုံးလို့ရအောင် ထပ်မံ ချဲ့ထွင် လုပ်ဆောင်တာကို အပြစ်မြင်ကြတယ်။ ခရီးသွားလာရေး အတွက် ထုတ်ပေးထားတဲ့ Card နဲ့ အစားအသောက် ၀ယ်ယူ စားသောက်လို့ ရနေတာသည် သူတို့ရဲ့ ကလေးသူငယ်များရဲ့ သွားရေစာ ၀ယ်ယူ စားသောက်မှုကို မသိနိုင် မထိန်းချုပ် နိုင်တော့ဘူးလို့ ထင်မြင်ကြတယ်။ ငွေ ပြန်ထုတ်လို့မရတဲ့ Card တန်ဖိုး S$ 3.00 ပေးဆောင်ဖို့ လိုတယ်ဆိုတဲ့ အပေါ်မှာလည်း အချို့က သိပ်ပြီး ဘ၀င်မကျကြဘူး။ အများပြည်သူသုံး သယ်ယူပို့ဆောင်မှု စနစ် တစ်ခုကို ငွေ ပေးချေဖို့ အတွက် သုံးတဲ့ ကြားခံပစ္စည်း တစ်ခု အတွက် ဘာလို့ အဖိုးအခ ပေးဆောင်ရဦးမှာလဲ စတဲ့ မေးခွန်းတွေ မေးလာကြတယ်။ တိုင်ပေမှာ သုံးတဲ့ EasyCard လိုမျိုး Contactless Smart Card တွေမှာ ဆိုရင် Card တန်ဖိုး ပေးဆောင်စရာ မလိုဘူး။ ရှေးဦးအစက စင်္ကာပူမှာ သုံးတဲ့ Magnetic Card System မှာဆိုရင် Card တန်ဖိုး ပေးဆောင်စရာ မလိုဘူး။ တစ်ခါသုံး Standard Card ထုတ်ပေးတဲ့ နေရာမှာလည်း ခရီးသည်ဟာ စီးနင်းပြီးတဲ့နောက် ကိုယ်တိုင် လက်မှတ်ရောင်းစက်မှာ ပြန်သွားသွင်းရတယ်။ တကယ်လို့ ပေးသွင်းမှု မရှိဘူး ဆိုရင် Card ၀ယ်ယူစဉ်မှာ ပေးထားတဲ့ S$1 ဟာ ဒဏ်ကြေးအနေနဲ့ ပြန်မရနိုင်တော့ဘူးဆိုတဲ့ အချက် အပေါ်မှာလည်း အပြစ်တင် ပြောဆိုမှုတွေ ရှိတယ်။ ဟောင်ကောင်နဲ့ တိုင်ပေမှာ သုံးတဲ့ ပိုက်ဆံဖြည့်သုံးရတဲ့ Contactless Smart Card စနစ်၊ သံလိုက်ဓာတ်သုံး တစ်ခါသုံး လက်မှတ်နဲ့ တိုကင်နဲ့ Contactless တိုကင် ၂ ခုလုံးကို အသုံးပြုတယ်။ တစ်ခါစီး တိုကင်ကို သုံးတဲ့အခါမှာ ကျန်တဲ့ ပမာဏဟာ လက်မှတ်ဖြတ်ဂိတ်က ထွက်ထွက်ချင်းမှာပဲ ပြန်လည် ထုတ်ယူနိုင်တယ်။
*************************************************************************

