လောင်စာဆဲလ်များဖြင့် သန့်စင်သော(သဘာဝ ပတ်ဝန်းကျင်ညစ်နွမ်းမှု မရှိသော) ယာဉ်များ ထုတ်လုပ်နိုင်တော့မည်လော။
ကျွန်တော်တို့ရဲ့ ကားတွေ သုံးစွဲတဲ့ လောင်စာဆီ နေရာမှာ ဟိုက်ဒရိုဂျင်က ဘယ်လိုမျိုး အစား ထိုးနိုင် ပါသလဲ။ ဟိုက်ဒရိုဂျင်ကို ဒီလို နည်းနဲ့ ထုတ်လုပ်နိုင်တယ်။ သိုလှောင် သိမ်းဆည်း နိုင်ပါ့မလား ဆိုတဲ့ အငြင်းပွားမှုတွေ အများအပြား ရှိနေဦးမယ် ထင်တယ်။
တစ်ချိန်လုံး တကျည်ကျည် ဖြစ်နေကြတဲ့ ညစ်ညမ်းမှု ပုံစံ အမျိုးမျိုးနဲ့ ကမ္ဘာကြီး ပူနွေးလာမှု အတွက် အဓိက လက်သည် တရားခံ ရုပ်ကြွင်း လောင်စာတွေကို အစား ထိုးနိုင်မဲ့ ခြွင်းချက်မဲ့ ကယ်တင်ရှင်ကြီး ဖြစ်ပါ့မလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ ထွက်မလာ သေးပါဘူး။ ဟိုက်ဒရိုဂျင် ထုတ်လုပ်မှု စရိတ် များပြားမှု နဲ့ ပြန်လည် ဖြည့်သွင်းရေး ကွန်ယက် မရှိသေးမှုဆိုတဲ့ ၂ ချက်က ပမာဏ အမြောက်အမြား ထုတ်လုပ်မှုနဲ့ ဟိုက်ဒရိုဂျင် လောင်စာဆဲသုံး ယဉ်တွေကို လူတွေ ကျယ်ကျယ်ပြန်ပြန့်လက်ခံ သုံးစွဲလာနိုင်စေရေးမှာ အဓိက အဟန့်အတား အဖြစ် ရှိနေဆဲပါ။
လောင်စာ ဆဲလ်သုံး ယဉ်များ ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားနေမှုကို ထိမ်းချုပ်ရန်ဆိုတဲ့ အချက်က မော်တော်ကား ထုတ်လုပ်သူများ အဓိကထား ပြောကြတဲ့ အရေးကြီးဆုံး အချက်ဖြစ်တယ်။ ကုမ္ပဏီ အများအပြားက လောင်စာဆဲလ်သုံး ယဉ်များ လမ်းပေါ်ချမောင်း ပြနိုင် နေစဉ်မှာ တိုယိုတာနဲ့ ဟွန်ဒါကလည်း ဂျပန်နဲ့ ကယ်လီဖိုးနီးယားမှာ လူထုကို ငှားရမ်း သုံးစွဲစေခဲ့တယ်။ ထုတ်လုပ်တဲ့ အစီးရေ နည်းနေ သေးတာက တစ်ကြောင်း၊ သုံးရတဲ့ နည်းပညာ အဆင့်မြင့်တာက တစ်ကြောင်းနဲ့ ဒီကုမ္ပဏီ ၂ ခုဟာ ကုန်ကျမှု အမေရိကန် ဒေါ်လာ ၁ သန်းစီ အထိ သုံးစွဲခဲ့ရတယ်။ ဈေးကွက်မှာ ဈေးနှုံးချိုချိုနဲ့ ရောင်းချနိုင်ဖို့ မှန်းထားတဲ့ သက္ကရာဇ် ၂၀၁၅ ခုနှစ်လောက် ဆိုရင်တော့ တစ်စီးချင်း ထုတ်လုပ်မှု ကုန်ကျစရိတ်ကို အမေရိကန် ဒေါ်လာ ၅ သောင်းအထိ လျှော့ချနိုင်ဖို့ တိုယိုတာက ရည်မှန်း ထားတယ်။ ပစိဖိတ် သမုဒ္ဒရာရဲ့ ဟိုမှာဘက်ကမ်းက ဂျင်နရယ်မော်တာကတော့ ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ယဉ်များကို အမေရိကန် နိုင်ငံအတွင်းမှာ သက္ကရာဇ် ၂၀၁၀ မှာ ရောင်းချဖို့ လျာထားတယ်။
နောက် ပြဿနာတစ်ခုက ဟိုက်ဒရိုဂျင် ပြန်ဖြည့်ဖို့ နေရာ မရှိတာ။ ၀ယ်သူမရှိသေးတာရယ်၊ ကုန်ကျစရိတ်နဲ့ မီးရေးထင်းရေး စတာတွေ စတာတွေကြောင့် အဓိက ရေနံ ကုမ္ပဏီ တွေက လက်ရှိ သူတို့ရဲ့ ဓာတ်ငွေ့ဆိုင်တွေမှာ ဟိုက်ဒရိုဂျင် လှောင်ကန်တွေ မတပ်ဆင်ချင် ကြဘူး။
သူတို့ရဲ့ အမြတ်အစွန်း ကောင်းတဲ့ ဓာတ်ဆီ ရောင်းချမှု အပေါ်မှာ သုံးစွဲသူ စိတ်ဝင်စားမှု ရအောင် အမြဲ ကြိုးစားနေတာ ကတော့ ထင်ရှား လှပါတယ်။ ပိုပြီး ဖြစ်သင့်တဲ့ အခြေအနေက ကယ်လီဖိုးနီးယားလိုမျိုး ဖြစ်သင့်ပါတယ်။ ဟိုက်ဒရိုဂျင် လောင်စာဆဲလ် နည်းပညာ ပိုမို ဖြို့ဖြိုးစေရေး အခြား စိတ်ပါဝင်စားသူများ၊ အစိုးရနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ မော်တော်ကား ထုတ်လုပ်သူများ သမဂ္ဂတို့ပါတဲ့ အမြတ်အစွန်းအတွက် မဟုတ်တဲ့ ကယ်လီဖိုးနီးယား လောင်စာဆဲ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့က ထူထောင်တဲ့ ကွန်ယက်ရဲ့ တစ်စိတ်တစ်ဒေသ အနေနဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့သီးသန့်ဆိုင် ၃၈ ဆိုင်ပေါ်ပေါက်လာခဲ့တယ်။
ဟိုက်ဒရိုဂျင် သုံးစွဲပြီး ရုပ်ကြွင်းလောင်စာအသုံး လျှော့ချခြင်းရဲ့ အကျိုးကျေးဇူး တွေကတော့ အများကြီးပါ။ ကျွန်ုပ်တို့ရဲ့ အိမ်များ ပူစေ၊ အေးစေဖို့ အတွက် ကျောက်မီးသွေး၊ သဘာဝ ဓာတ်ငွေ့နဲ့ လောင်စာဆီ စတာတွေကို မီးရှို့သုံးစွဲမှု၊ ယဉ်များမောင်းနှင်မှု အစရှိသည်တို့ဟာ ရာသီဥတု ပူနွေးလာခြင်းစတဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာများနဲ့ လေထုတွင်း အမှုံအမွှား ပါဝင်မှု မြင့်တက် လာစေခြင်းစတဲ့ ဒေသတွင်း ပြဿနာတွေ ဖြစ်ပေါ်မှုမှာ သိသိ သာသာကို ပါဝင် နေတာမို့ သဘာဝ ပတ်ဝန်းကျင် အပေါ်မှာ ထိခိုက်မှု ပမာဏ ကြီးမားပါတယ်။ ဟိုက်ဒရိုဂျင် လောင်စာဆဲလ်သုံး ယဉ်များ မောင်းနှင်ခြင်းရဲ့ ဘေးထွက်ပစ္စည်း ကတော့ အောက်စီဂျင် ဓာတ်ငွေ့နဲ့ ရေတစ်စက်စက် ကျစေခြင်း လောက်ပါပဲ။ ဒီဘေးထွက်ပစ္စည်း ၂ ခုလုံးဟာ လူရဲ့ ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင် အပေါ် ဘာမှ ထိခိုက်မှု မရှိပါဘူး။
ဒါပေမဲ့ အမေရိကန် ပြည်ထောင်စူမှာ ရနိုင်တဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ရဲ့ ၉၅ ရာနှုံးဟာ ရုပ်ကြွင်း လောင်စာက ထုတ်ယူခြင်း၊ ဒါမှမဟုတ် ရုပ်ကြွင်းလောင်စာနဲ့ မောင်းနှင်တဲ့ လျှပ်စစ်သုံး ဓာတ်ခွဲခြင်း စတာတွေက ဖြစ်နေတော့ ရုပ်ကြွင်းလောင်စာ သုံးစွဲမှု လျော့ကျခြင်း (ဒါမှမဟုတ်) အမှန်တကယ် (ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့) ထုတ်လွှတ်မှု ကို ထိမ်းသိမ်းနိုင်ရဲ့လားဆိုတာ ဝေဖန် ဆန်းစစ်စရာ ဖြစ်လာတယ်။ အကယ်စင်စစ်လုံးဝ သန့်စင်သော (သဘာဝကို ထိခိုက်မှုမရှိသော) ဟိုက်ဒရိုဂျင် ထုတ်ယူနိုင်စေရေး အမှန်ဖြစ်တည်လာဖို့ အိမ်မက်ကို အကောင်အထည် ပေါ်စေဖို့ ဟိုက်ဒရိုဂျင် ထုတ်ယူရေး နည်းစဉ်အတွက် သုံးစွဲမဲ့ စွမ်းအင်ကို နေစွမ်းအင်၊ လေစွမ်းအင် နဲ့ အခြား ပြန်လည် ဖြည့်တင်းနိုင်တဲ့ စွမ်းအင်တွေ သုံးမှသာ တကယ်ဖြစ်နိုင်မယ်။
Stamford တက္ကသိုလ်က သုတေသီတွေက ဟိုက်ဒရိုဂျင်ထုတ်ရာ နည်းလမ်း ၃ သွယ် ဖြစ်တဲ့ ကျောက်မီးသွေး၊ သဘာဝ ဓာတ်ငွေ့နဲ့ လေအားလျှပ်စစ်သုံး ရေကို လျှပ်စစ်နည်းနဲ့ ဓာတ်ခွဲခြင်း စတဲ့ နည်း တွေကို ၂၀၀၅ ခုနှစ်တုံးက လေ့လာခဲ့ကြတယ်။ ဟိုက်ဒရိုဂျင် လောင်စာဆဲလ်သုံး မော်တော်ကား မောင်းနှင်ဖြင်းဖြင့် ဓာတ်ဆီ၊ လျှပ်စစ် စွမ်းအင် ၂ မျိုးသုံးကားတွေ သုံးစွဲခြင်းထက် ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချနိုင်ကြောင်း ကောက်ချက် ချနိုင်ခဲ့ကြတယ်။ သဘာဝဓာတ်ငွေ့ကနေ ထုတ်ယူတဲ့ ဟိုက်ဒရိုဂျင်ကတော့ ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှုမှာ အတော်အတန် လျော့ကျစေပြီး လေအား လျှပ်စစ်နဲ့သာ ထုတ်လုပ်မယ် ဆိုရင်တော့ သဘာဝ ပတ်ဝန်းကျင်အတွက် ပိုပြီးကောင်းမွန်ပါလိမ့်မယ်။
Source : http://www.thedailygreen.com/environmental-news/latest/hydrogen-fuel-cells-460608