Dec 15, 2017

MGLUAYE vs BLOGGING

အယင်တုံးက မောင်လူအေး ဘလော့ရေးတယ်ဗျ။ သူများနိုင်ငံ နေစဉ်တုံးက အလုပ်က ပြန်လာရင် အိမ်မှာ ဘာမှ လုပ်စရာကလည်း မရှိပြန်၊ ကိုယ်တိုင် တည်ထောင်ထားတဲ့မိသားစုကလည်း မရှိသေး ဆိုတော့ ဘလော့ရေးဖို့ အချိန်ရတယ်။ ဘလော့ရေးတယ်ဆိုတာ ဖတ်တဲ့သူသာ ခဏပဲ ကြာတာ။ ရေးတဲ့ အကြောင်းအရာ ပြည့်စုံမှန်ကန်ဖို့ အကြောင်းအရာ စုစည်းရတာရယ်။ စာစီ ရေးသားရတာရယ်။ အတော် အချိန်စားတယ်။ ရေးကျင့်ရှိလာရင်တော့ ခေါင်းထဲ ပေါ်လာတဲ့ အကြောင်းအရာကို စာမစီခင်တည်းက ခေါင်းထဲမှာ တည်းဖြတ် ပြင်ဆင်ပြီးသား ဆိုတော့ ချရေးတာ အင်မတန်ချောတာ။ ဘလော့ပို့စ်ဆိုတာ ဟောတစ်ပုဒ် ဟောတစ်ပုဒ် ရေးထုတ်နိုင်တယ်။ မျှဝေရေးသားရတာဟာ တကယ်တော့ နှစ်ဖက် အကျိုးရှိတဲ့ အလုပ်ဗျ။ မျှဝေဖို့ ဆိုတာ ကိုယ်က အယင် အကြောင်းအရာ စုံလင်အောင် စုစည်းရတယ်။ ပြီးရင် ဖတ်ရှုတဲ့သူ စိတ်ဝင်စားအောင် တင်ပြပုံ သေသေသပ်သပ်နဲ့ ရေးသား တင်ဆက်တတ်ရတယ်။ တစ်ဖက်မှာ မျှဝေမယ်ဆိုတဲ့ စိတ်အခံလေး ရှိနေပြီ ဆိုတည်းက သူတပါးကို မျှဝေဖို့ အကြောင်းအရာ စုစည်းပြီ ဆိုတာနဲ့ ကိုယ်တိုင် အကျိုးအမြတ်ရပြီ။ စုစည်းမိတဲ့ဗဟုသုတနဲ့တင် ကိုယ်က ဗဟုသုတ တိုးတဲ့ အကျိုးအမြတ်ရပြီ။ နောက်တစ်ခုက ကိုယ်ဝေမျှလိုက်တဲ့ အကြောင်းအရာကို တပါးသူ အလွယ်တကူ ဖတ်ရှုနားလည် သွားပြီဆိုရင် ပိုတောင် ကုသိုလ်ရသေးတာဗျ။ ပျော်စရာလည်း အင်မတန် ကောင်းပါတယ်။

နောက်ပိုင်း ကိုယ့်ပြည် ပြန်လည်းရောက်ရော မရေးဖြစ်တော့တာ နှစ်နဲ့ကို ချီလာတယ်။ Register လုပ်ထားတဲ့Domain လေးသာ မဖျက်ချင်လို့နှစ်စဉ် Renew လုပ် လုပ် လာတာ အတော် ကြာလာတယ်။ ခုက စာလည်း မရေးဖြစ်၊ စာမရေးဖြစ်တော့ စာဖတ်စရာ မလိုသလိုဖြစ်၊ စာမဖတ်ဖြစ်တော့ စုစည်းမိတဲ့ဗဟုသုတက အယင်လို အသစ် အသစ် ဝင်တဲ့ ပမာဏ နည်းနည်းလာ၊ တကယ်တော့ တော်တော်လေး အပျက်ဖက်ကို ဦးတည်လာလိုက်တာ၊ ခုဆိုရင် စာတစ်ပုဒ်ကို ရေးမယ် လုပ်ပြီး ဆုံးခန်းတိုင်အောင် မရေးဖြစ်တာနဲ့ပဲ ဘလော့ကြီးလည်း ခြောက်ကပ်နေရောပဲ။

ဘလော့တင် ခြောက်ကပ်ရုံတင် မကတော့ဘဲ ထပ်ဖြစ်လာတာက ကိုယ်ရေးမဲ့ လက်ကို ကိုယ် မယုံတော့တာ။ မရေးရဲရေးရဲဖြစ်လာတယ်။ ငါရေးလို့ ဖြစ်ပါ့မလား။ ငါရေးတာ ဖတ်တဲ့သူအတွက် အယင်လို စိတ်ဝင်စားဖွယ် ဖြစ်ပါ့မလား။ တကယ်က ရေးနေကျရင် လက်သွက်နေတာ ဖြစ်သလို၊ ရေးနေ မကျတော့ရင် သူများ မပြောနဲ့ ကိုယ်ရေးတာကို ရေးနေရင်းနဲ့ ကိုယ်တိုင် ဖတ်တာကို ပျင်းစရာကြီး ဖြစ်ဖြစ်နေတော့ ဆက်မရေးဖြစ်တာတွေ များများလာတယ်။ ဒီတော့ မဖြစ်ချေဘူး။ ရေးမှ ဖြစ်မယ် ဆိုပြီး ပြန်ရေးဖြစ်အောင် ကြိုးစားဖို့ ဆုံးဖြတ်တဲ့ဖက်ကို ရောက်လာတယ် ပေါ့ဗျာ။

တကယ်က အထက်က ပြောသလို စာရေးတာဟာ စာဖတ်တာထက် ခက်ပါတယ်။ ဒါပေမဲ့ စာရေးနိုင်ဖို့စာမဖတ်ဘဲနဲ့ကတော့ မရေးနိုင်တာ အသေအချာပါပဲ။ စာဖတ်နိုင်ဖို့ဆိုတာ အချိန် စီမံခန့်ခွဲမှု မကောင်းဘဲနဲ့တော့ မဖြစ်ကို မဖြစ်နိုင်တာပါ။ အချိန်ကို စီမံနိုင်ဖို့ ဆိုတာ မိမိ ကိုယ်မိမိ ကိုယ်ပိုင် စည်းကမ်းမသတ်မှတ်နိုင်ဘဲနဲ့ မဖြစ်နိုင်တာ သေချာပါတယ်။ ဒီတော့ ခြေရာ ပြန်ကောက်မယ်ဆိုရင် စာမရေးဖြစ်တာက မဖတ်ဖြစ်လို့၊မဖတ်ဖြစ်တာက စည်းကမ်း မရှိလို့ ဆိုတဲ့ ပြစ်မှုက အတော်ကို ကြီးသွားပါတယ်။ နောက်တစ်ဆင့် ထပ်တွေးရင် မဖတ်ဖြစ်တာဟာ ဦးနှောက်မှာ အချိန်ပို မရှိလို့…. လို့ ဆိုပါမယ်။ အချိန်ပိုဆိုတာ ပြောရရင် ဘယ်သူမှ ၂၅ နာရီ ရှိမနေတာ ဖြစ်တဲ့အတွက် ၂၄ နာရီကိုပဲ ဘယ်လို စီမံလည်း ဆိုတာပေါ်မှာပဲ မူတည်ပါတယ်။ တစ်ဖက်မှာ ပြန်ထွက်လာတဲ့ အဖြေက ဦးနှောက်ဟာ လက်ငင်း ဖြေရှင်းရမဲ့ ကိစ္စတွေနဲ့ပဲ လုံးလည် ချာလည် လိုက်နေပြီး တွေးခေါ်ဖို့ အချိန် မရှိသလောက် ဖြစ်နေတယ် ဆိုတဲ့ အဖြေ ထွက်ပါတယ်။ ဒါဟာ တကယ်တော့ ရလဒ်ကောင်း မဟုတ်ပါဘူး။

ကြံဖန်ရှာကြံ အပြစ်တင်ကြကြေးဆိုရင် မြို့ပြမှာ လူလာဖြစ်ရတာ အင်မတန်ကို ရုံးကန်ရပြီး အချိန် ရှားပါးတဲ့ ပြဿနာ ကြုံရတာ တွေ့ရပါတယ်။ မောင်လူအေးတို့ ငယ်စဉ်က ပါပါ ဆိုတာ သူ့သက်မွေး ဝမ်းကျောင်းက စာမဖတ်လို့ကို မရတဲ့ ရှေ့နေဖြစ်တာကြောင့်လည်း တစ်ကြောင်း အချိန် တော်တော်များများ စာဖတ်နိုင်တာတွေ့ပါတယ်။ ဒါသည်ပင်လ ျှင်လည်း မောင်လူအေး ရခဲ့တဲ့ အဖိုး အတန်ဆုံး အမွေဖြစ်တဲ့ စာဖတ်ခြင်းကို နှစ်ခြိုက်ခြင်းဆိုတဲ့ အမွေရခဲ့တာပါ။ နေထိုင်တာက ကျေးလက် နယ်မြို့ဖြစ်တဲ့ခါ ကျတော့ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးပါတယ်။ ဒါပေမဲ့ မနှေး ကွေးတာကတော့ မိမိကိုယ်ကို စီမံနိုင်ပြီး အချိန်ပို ရှိခြင်းပါပဲ။ မြို့ပြဖြစ်တည်မှုရဲ့ အနှုတ် လက္ခဏာလို့ပြောမယ်ဆိုရင် ကိုယ်ပိုင်ချိန် ရှားပါးလာတာပါပဲ။ အထူးသဖြင့် ကိုယ်ပိုင်လုပ်ငန်း လုပ်ခဲ့မယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့။ ကိုယ့်အချိန်တွေ အားလုံးကို ကိုယ်ပိုင်တယ်လို့ ဆိုသလိုပဲ ကိုယ်ပိုင်တဲ့ လုပ်ငန်းကလည်း ကိုယ့်ကို အချိန်ပြည့်ပိုင်သွားတဲ့ခါ ပိုပြီး တိုင်ပတ်တယ်လို့ ဆိုနိုင်ပါတယ်။

တစ်ဖက်မှာ လူလတ်လို့ ဆိုရမဲ့ အသက်အရွယ်ကလည်း ဖြစ်ပြန်တော့ သားသမီးတွေက အရွယ် အင်မတန်ငယ်သေး၊ သူတို့ကို ပေးရမဲ့ အချိန်ဆိုတဲ့ အတိုင်းအတာနဲ့ ကိုယ်တိုင် စာဖတ်လေ့လာ သင်ယူရမဲ့ အချိန်နဲ့ လုပ်ငန်းက တောင်းဆိုတဲ့ အချိန် ဆိုတာတွေကို ချိန်ထိုး ချလိုက်တဲ့ခါ တကယ်ပြောရင် ၂၄ နာရီ ဆိုတာာ အိပ်ရမှာတောင် နှမြောရမဲ့ပုံစံ ဖြစ်လာပါတယ်။ တကယ်တော့ စိန်ခေါ်မှု ပိုမြင့်လာတာ ဆိုရင် ပိုမှန်ပါမယ်။ မိသားစု၊ အလုပ်၊ ကိုယ်ပိုင် အချိန် ရှိတာက စုစုပေါင်း ၂၄ နာရီ ကို ဘယ်လို စီမံခန့်ခွဲမလည်း ဆိုတဲ့ စိန်ခေါ်မှုပါ။ တစ်ဖက်မှာ စာမဖတ်လို့ မရေး၊ မရေးလို့ မဖတ်နဲ့သံသရာကတော့ လည်နေဆဲပါ။

ဆိုတော့ဟုတ်ပြီ။ ခုတော့မှ ဘာတွေ ရှည်ကြောပြီး ထရေးဖို့ စဉ်းစားသလဲ။ မေးစရာ ရှိပါတယ်။ ဟုတ်ပါတယ်။ ရေးဖို့ လိုနေပါပြီ။ မောင်လူအေး တက်ခဲ့တဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ်က ပေးတဲ့ MBA လက်မှတ်ကို ရဖို့စာတမ်းပြုစုဖို့ ကိစ္စ ရှိနေပါတယ်။ တကယ်တမ်း ပုံစံအားဖြင့် ပြောမယ်ဆိုရင် စာတမ်းပြုစုတဲ့ ပုံသဏ္ဍာန်ဟာ မောင်လူအေးတို့ အယင်က ရေးတဲ့ ဘလော့ပို့စ်နဲ့ အတော် တူပါတယ်။ စစချင်း ဘာကို လေ့လာမလဲ အယင်ရှာမယ်။ လေ့လာတင်ပြမဲ့ အကြောင်းအရာ ရလာတဲ့ခါ ဘယ် သီအိုရီနဲ့ ဘယ်လို ချိတ်ပြီး ဘယ်လို ပုံစံမျိုးနဲ့ အချက်အလက် စုဆောင်းမယ်ဆိုတာ စလုပ်မယ်။ အချက်အလက်က ယခင် လုပ်ထားပြီးသား အချက်အလက်တွေရှိတယ် (ဒါက Secondary Data လို့ ဆိုတယ်။) ကိုယ်တိုင် လေ့လာ ဆန်းစစ်မဲ့ အချက်အလက်တွေ ရှိတယ်။ (ဒါက Primary Data  လို့ ဆိုတယ်။ ) ဒီ အချက်အလက်တွေကို စုစည်းဖို့ မေးခွန်းလွှာတွေ ရေးရမယ်။ စစ်တမ်းတွေ ကောက်ရမယ်။ နောက်ဆုံး ရလာတဲ့ ဆက်စပ်ချက်တွေကို ကောက်ချက်ဆွဲ သုံးသပ်ချက် ထုတ်ပေးရမယ်။

စာတမ်းကို ကြီးကြပ်မဲ့ ဆရာမတွေက PhD ရထားပြီးသား ဆရာမတွေ ဆိုတော့ကာ Master Thesis ဆိုတာ ဘွဲ့ရ ကျောင်းသား တစ်ယောက်ကို ရှစ်တန်းစာ ဖြေခိုင်းသလိုပဲ။ ရှစ်တန်းကျောင်းသားကို ကြည့်ပြီး မင်းတို့ ဒါလေး ဒီလိုလေး တွက်တာ ဒီလိုလေး ရေးတာများ ဘာခက်လဲ။ ဘာမို့လဲ ဆိုတာမျိုးပေါ့။ တကယ်ရေးဖို့ ကြိုးစားတဲ့ခါကျတော့ စောစောက အလုပ်တစ်ဖက်၊ မိသားစုတစ်ဖက်နဲ့ စာတောင် မဖတ်ဖြစ်တဲ့နောက် စာတမ်းရေးဖို့ အတွက်က တကယ်ကို ချရေးဖို့ကို လက်က အတော်တွန့်နေတာ ပြဿနာ ကြီးကြီး ဖြစ်လာတယ်။ ကြားထဲ အမြစ်တော်တော် နက်နက် တွယ်နေတဲ့ ခုလုပ်မယ်၊ တော်ကြာလုပ်မယ်၊ လုပ်ချင်မှလည်း လုပ်မယ် ဆိုတဲ့မကောင်းတဲ့ အကျင့်ကြီးကလည်း အတော်ဆိုးဆိုးရွားရွား လှိုက်စားနေတဲ့ခါ ကျတော့ မဖြစ်ချေဘူး။ သူများတွေ ပြီးလို့မှ မပြီးရင် ဘွဲ့မရဘဲ တန်းလန်းဖြစ်နေမှ ဇော်ကန့်လန့် ဖြစ်ရချည့် ဆိုပြီး စာရေးတဲ့ အကျင့်လေးကို ပြန်နွှေးဖို့ ကြိုးစားရင်း နောက်ပိုင်းတော့ စာလည်းဖတ်၊ ဘလော့လည်း ရေးတဲ့ အချိန်လေး အရှိန်လေး ပြန်ရလာအောင် ကြိုးစားကြည့်ရဦးမှာပေါ့ဗျာ။ 

BAY OF HUNTERS