Jul 29, 2007

ပြောင်းလဲမှု


ဒိနေ့ စင်္ကာပူမှာ ဒုတိယမြောက် အိမ် အသစ်ကို ပြောင်းရွှေ့ဖြစ်တဲ့နေ့ပေါ့။ စိတ်သစ်လူသစ်နဲ့နေရာသစ်ကို ပြောင်းရွှေ့ ကြရတာ ဆိုတော့ကာ အရာရာဟာ အသစ်ဖြစ်လို့နေတယ်။ မနက်ဖန်မနက်က စပြီး နေရာအသစ်ကနေပြီး အလုပ်ကို သွားရတော့မယ်။ အစစ အရာရာ အသစ်ဖြစ်နေတဲ့ ပတ်ဝန်းကျင် အသစ်မှာ ပြောင်းလဲမှုတွေ စကြုံရတယ်။ ပြောင်းလဲမှုတိုင်းကို လက်ခံနိုင်ဖို့ကြိုးစားရင်း ဘ၀ဆိုတာကိုတွေးမိဖြစ်တယ်။ အသက်နှစ်ဆယ်ကျော် သုံးဆယ်နားနီးလာတဲ့ ဘ၀မှာ ပြောင်းလဲမှုတွေ ဘယ်လောက်များကြုံခဲ့ပြီးပြီလဲ။ နောက်ထပ် ဘယ်လောက်နေရမယ်မှန်းမသိတဲ့ နှစ်ပေါင်းများစွာမှာ ဘယ်လောက်မှန်းမသိတဲ့ ပြောင်းလဲမှုတွေ ဘယ်လောက်များ ထပ်ကြုံရဦးမလဲ။ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး။

ပြောင်းလဲမှုတွေတိုင်းမှာ ကောင်းတဲ့ရလဒ်ရအောင် ကျွန်တော်တို့တွေ ဘယ်လိုလုပ်ကြမလဲ။ပြောင်းလဲမှုတွေက ကျွန်တော်တို့ ကို ထိန်းချုပ်သလား။ ပြောင်းလဲမှုတွေကို ကျွန်တော်တို့ ထိန်းချုပ်နိုင်သလား။

သေချာတာကတော့ ပြောင်းလဲမှုတိုင်းကို ကျွန်တော်တို့ထိန်းချုပ်နိုင်စွမ်း မရှိပေသည့်တိုင်အောင် အချိန်အတိုင်းအတာ တစ်ခုထိဖြတ်သန်းပြီးတဲ့ ဘ၀တစ်ခုမှာ ဘယ်လို နေရာဘယ်လိုအချိန်အခါမျိုးမှာ ဘယ်လိုပြောင်းလဲမှုမျိုး ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုတာ မှန်းဆလို့ရနိုင်ကောင်းရဲ့လို့တော့ ယူဆပါတယ်။ ဆိုတော့ ပြောင်းလဲမှုအတိုင်း ဖြစ်ချင်တာဖြစ်ပါစေ ဆိုတာထက်တော့ ပြောင်းလဲမှုနဲ့ ကိုယ် သဟဇာတဖြစ်ပြီး ဖြစ်ပေါ်လာသမျှပြောင်းလဲမှုတွေကို အကျိုးရှိရှိအသုံးချနိုင်မယ်ဆိုရင် ကျွန်တော်တို့ဘ၀တွေဟာ တစ်နေ့တခြား ပိုပြီးတိုးတက်လာစရာရှိမယ်လို့ ယူဆပါတယ်။

Jul 27, 2007

သင်ကော ဘယ်လိုတွေးမိပါသလဲ...

လူရယ်လို့ ဖြစ်လာကြတဲ့အခါ လူ့လောကပတ်ဝန်းကျင်နယ်ပယ်မှာ တစ်ယောက်ကိုတစ်ယောက် မှီခိုအသက်ရှင်ကြရတာတွေ ရှိတယ်။ လူသားဆိုတာ တစ်ဦးတည်း ရှင်သန်လို့ မဖြစ်တဲ့ အမျိုးလို့လည်း တစ်ချို့က ဆိုစမှတ်ပြုကြတယ်။

မွေးဖွားကာစ ကလေးဘ၀မှာ ကလေးငယ်ဟာ မိဘနှစ်ပါးကို အမှီသဟဲပြုပြီး ဘ၀ကိုစတင်ဖို့ကြိုးစားတယ်။ အသက်ငါးနှစ်ကျော် ခြောက်နှစ်စွန်းလာတဲ့အခါမှာ ကျောင်းစတက်ကြကြရတော့ မိဘအပြင် သူငယ်ချင်းဆိုတာ စတင်ပြီး ရရှိခင်မင်လာကြတယ်။ သူငယ်ချင်း အပေါင်းအသင်းဆိုတာတွေနဲ့ ခင်မင်ပေါင်းသင်းပြီး ကျောင်းသားဘ၀ မူလတန်း၊ အလယ်တန်း၊ အထက်တန်းဖြတ်သန်းပြီးတဲ့ခါကျတော့ တကသိုလ်ပြီးတဲ့ အထိ သူငယ်ချင်းဆိုတဲ့ အ၀န်းအ၀ိုင်းထဲမှာပဲတ၀ဲလည်လည်နဲ့ ။

ကျောင်းသားဘ၀ဆိုတာ ပြီးဆုံးသွားပြန်တော့တစ်ခါ လုပ်ငန်းခွင်ထဲရောက် လုပ်ငန်းတူ အပေါင်းအသင်း မိတ်ဆွေရောင်းရင်းတွေနဲ့ တစ်ခါ ခင်မင် ပေါင်းသင်းမိကြပြန်တယ်။ တစ်ခါ လုပ်ငန်းခွင် လောကကို အချိန်အတိုင်းအတာ တစ်ခုအထိ ကျော်လွန် ဖြတ်သန်းပြီးပြန်လေတော့ ဘ၀လက်တွဲဖော် ဆိုတာ ရှာရင်း သံယောဇဉ် ဖြစ်တည်ထောင်၊ လူ့ဘောင်မှာ အိမ်ယာရယ်လို့ ထူထောင်ကြပြန်တယ်။ ဘ၀လက်တွဲဖော်နဲ့ အချိန် ကာလတစ်ခုကို အတူ ဖြတ်သန်းပြီးပြန်တော့ တစ်ခါ သားသမီး မြေးမြစ် တွေ ဆိုတဲ့ သံယောဇဉ် အနှောင်အဖွဲ့တွေနဲ့ တစ်ခါ ကိုယ့်ကိုကို ဖွဲ့နှောင်ရင်း သေဆုံးတဲ့ အချိန်တိုင် ဘ၀ဆိုတဲ့ ဇတ်ကြီးကို သရုပ်ပေါင်းစုံနဲ့ ဖြတ်သန်းကြပြန်တယ်။

ဒါဟာ အများစုသော လူသားတွေဖြတ်သန်းကြတဲ့ ဘ၀ဖြစ်စဉ် တစ်ချို့ပေါ့။ အဲဒီထဲကမှ တချို့တချို့က ဘ၀ဖြစ်စဉ် အားလုံးဖြတ်သန်းနိုင်ကြပြီး တချို့ တချို့ ကလည်းဖြတ်သန်းခွင့် မရကြတာတွေ ရှိကြတယ်။

အဓိ
က ပြောချင်တဲ့ အကြောင်းအရာကတော့ ဘ၀ရဲ့ ဘယ် နေရာမှာ မဆို ကျွန်တော်တို့ တတွေဟာ တစ်ဦးတစ်ယောက်အပေါ် မှီခိုနေကြရတယ် ဆိုတာကိုပဲ။ ကိုကိုယ်တိုင်ကမှီခိုသလို ကိုယ့်ကို မှီခိုမဲ့ ပတ်ဝန်းကျင်တွေလဲ ကျွန်တော်တို့တွေ ဖန်တီးရင်းဖန်တီးရင်း တသက်တာကို ကုန်လွန်ကြရတယ်။ ဆိုတော့ကာ သူတပါးကို ကိုကမှီခိုရတဲ့ အချိန် အတိုင်းအတာကပိုများသလား။ သူတပါးက ကိုယ့်ကိုမှီခိုရတဲ့ အချိန်ကပိုများ သလား။ မှီခိုရတဲ့ ဘ၀ကကောင်းသလား။ မှီခိုခံရတဲ့ ဘ၀ကပိုကောင်းသလား။ တကယ်တော့ ဘ၀ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပါဝင် အသုံးတော်ခံကပြနေရတဲ့ လူသား ကျွန်တော်တို့မှာ ကိုယ့်ဘ၀ကို ကိုယ်ကျေနပ်နေဖို့သာ အဓီကဖြစ်မယ်နဲ့ တူပါတယ်။

သင်ကော ဘယ်လိုတွေးမိပါသလဲ...

Jul 26, 2007

Flip Flop Circuit

အလွန်တရာမှ လွယ်ကူတဲ့ အီလက်ထရွန်းနစ် ဆားကစ်လေးတစ်ခုပေါ့။ အီလက်ထရွန်းနစ်ဘာသာရပ်မှာ အင်မတန်မှ အခြေခံအကျဆုံး ဆားကစ်လေးတစ်ခုပါ။ စုစုပေါင်းပါဝင်တဲ့ ကွန်ပိုးနန့် အရေအတွက် ၁၁ ခုပဲပါဝင်တယ်။ တည်ဆောက်ရတာ လွယ်သလောက် ဆောက်တိုင်းဆောက်တိုင်းလည်း အမြဲတမ်းမှားပြီးဆောက်လို့ အနည်းဆုံး ထရန်စစ်စတာ ၂ လုံးလောက် လောင်ပြီးမှ အောင်မြင်အောင် တည်ဆောက်လို့ရတဲ့ ဆားကစ်တစ်ခုပါ။ တည်ဆောက်ပြီးတိုင်းမှာတော့ အောင်မြင်မှု အရသာကိုခံစားရပြီး စိတ်ချမ်းသာတတ်တဲ့ ဆားကစ်လေးတစ်ခုပါ။ အခက်အခဲကြုံတိုင်း ကြုံတိုင်း ဒီဆားကစ်လေး ဆောက်ပြီး စိတ်အင်အားရယူလေ့ရှိတဲ့အတွက် အမှတ်တရအနေနဲ့ သိမ်းထားဖြစ်တဲ့ ဆားကစ်လေးဖြစ်ပါတယ်။ ဆားကစ်အတွက်လိုအပ်တဲ့ 2N 4401 ထရန်စစ်စတာကတော့ C828 ကိုပဲသုံးရင်ရပါတယ်။

တကယ်လို့သာ

ဒီနေ့ဟာ သင့်ဘဝရဲ့ နောက်ဆုံးအသက်ရှင်ရမဲ့နေ့တစ်နေ့ ဖြစ်ခဲ့မယ်ဆိုရင်...
ဒီလိုပြောလိုက်မယ်ဆိုရင် အများစုက ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ ဘာတွေလာပြောနေတာလဲ နမိတ်မရှီ နမာမရှိလို့ ပြောကြမှာ အမှန်ပါပဲ။

တကယ်ရော ကျွန်တော်တို့ မသေနိုင်တော့ဘူးလား။ တကယ်တမ်းတော့ နေရမဲ့ရက်တွေ များလို့ သေမဲ့တစ်ရက်ကို မေ့နေကြလေ သလား။

တကယ်တော့ သေခြင်းတရားဟာ ကျွန်တော်တို့နဲ့ အဝေးကြီးမှာရှိနေတဲ့ ကျွန်တော်တို့နဲ့ မသက်ဆိုင်တဲ့ အရာမဟုတ်ပါဘူး။ အားလုံးသော လူသားတွေဟာ သေခြင်းတရားနဲ့ အနိးဆုံးမှာ ရှိနေတာဖြစ်ပြီး မည်သူမဆို နေ့ရက် အချိန် အခါမရွေး သေဆုံးနိုင်တဲ့သူတွေချည်းပါပဲ။ ဆိုတော့ ကျွန်တော်တို့ သေဖို့ အဆင်သင့်ဖြစ်ကြပြီလား။

Jul 23, 2007

မောင်လူအေးဆိုတာ...

မိုးကြီးသည်းထန်စွာရွာသော နေ့တစ်နေ့ရဲ့ မနက်ခင်းတစ်ခုမှာ လူ့လောကကို ချည်းနင်းဝင်ရောက်လာခဲ့ပြီး လူသားဆန်စွာ နေထိုင်ရင်းနဲ့ ကြီးကြီးကျယ်ကျယ် စကားတွေကို ရှာကြံပြောတတ်တဲ့ လူပျော်လေးတစ်ယောက်

BAY OF HUNTERS