Oct 30, 2008

Let's Prepare Your Resume

အခါအားလျော်စွာပဲ ကျွန်တော်တို့ Resume တွေ ရေးကြရတယ်။ အလုပ်သစ် လျှောက်တာပဲ ဖြစ်ဖြစ်၊ အလုပ်ဟောင်းကနေ အလုပ်အသစ် ပြောင်းတာပဲ ဖြစ်ဖြစ်၊ Resume ရေးကြရတယ်။ ရန်ကုန်မှာတော့ Resume ကို Curriculum Vitae(CV) လို့ ခေါ်တာ များပါတယ်။ Resume ပဲ ခေါ်ခေါ်၊ CV ပဲ ခေါ်ခေါ်၊ သေချာတာတော့ မိမိက ဒါတွေ ဒါတွေတတ်တယ်။ ဒီ ကျွမ်းကျင်မှုတွေ ရှိတယ်။ ဒါတွေနဲ့ မင်းတို့ ကုမ္ပဏီမှာ ငါ အလုပ် လုပ်နိုင်မယ်လို့ ထင်တယ် ဆိုပြီး မိမိကိုယ်ကို ချရောင်းတဲ့ ကြော်ငြာ စာရွက်ပါပဲ။ Resume ရေးနည်း နိဿရည်း ဆိုပြီး စာအုပ်စာတမ်းတွေလည်း အမြောက်အမြား ရှိပါတယ်။ အင်တာနက် ပေါ်မှာလည်း အလွယ်တကူပဲ ရှာလို့ ရပါတယ်။ သူ့ကျွမ်းကျင်ရာ လုပ်ငန်းဌာနအလိုက် ပိုကောင်းတဲ့ Resume ရေးနည်းတွေ တပုံတပင်ကြီး ရှိနေကြ ပါတယ်။

သို့ငြားလည်း ကျွန်တော်တို့ Resume ရေးကြမယ်ဟေ့ ဆိုရင် ပြဿနာ တက်ပါတယ်။ ဘာလို့လည်း ဆိုတော့ Guideline မရှိလို့။ တစ်ယောက်က ဒါမျိုး ရေးတာ ကောင်းတယ် ပြောတယ်၊ နောက်တစ်ယောက်က ဒါမျိုး ရေးမှ ပိုကောင်းတယ် ပြောတယ်။ ကဲ ကျွန်တော်တို့ ဘာကို မူသေ ယူကြမလဲ။ တကယ်တော့ ဘာကိုမှ မူသေ ယူလို့ မရပါဘူး။

ကောင်းရောကွာ…


ဆိုတော့ မောင်လူအေး အလုပ်လျှောက်တဲ့ Resume လေး မျှဝေချင်တယ်။
မူသေယူလို့ မရဘူးလည်း ပြောတယ် ခင်ဗျား Resume ကရော ဘာမို့လို့လည်း… မေးစရာ ရှိပါတယ်။

ဒီ Resume က အောက်ပါ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ Resume လေးမို့ပါ….

(မှတ်ချက်။ ။ အောက်ဖော်ပြပါ အချက်အလက်များတော့ ပြည့်စုံခြင်း မရှိပါ။)



ကဲ စရအောင်….

တစ်အချက်….
အလုပ်ခေါ်တဲ့ သူက ပထမဆုံး ဘာကြည့်မလဲ။ ဒီလူနာမည် ဘယ်လိုခေါ်လဲ။ ဘယ်မှာနေလဲ ကြည့်ပါမယ်။

အဲဒီအတွက် ကျွန်တော်တို့ အမည်နာမနဲ့ နေရပ်လိပ်စာ ဆက်သွယ်ရန် လိပ်စာကို အယင် ထည့်ပါမယ်။

အဲဒီနောက် လိပ်စာ ကဏ္ဍပြီးဆုံးပြီ ဖြစ်ကြောင်း မျဉ်းလေး ပိတ်မယ်ဗျာ…. ဒီမှာ ကျွန်တော့ အမည်နဲ့ ဆက်သွယ်ရန် အချက်အလက် ပြီးဆုံးပါပြီပေါ့။


နှစ်အချက်….
လျှောက်တဲ့ ရာထူးကို ထင်ထင်ရှားရှားနဲ့ သတ်သတ်မှတ်မှတ် ရေးပါမယ်။ မြင်သာထင်ရှားအောင် တော့ ဖြင့်ရင်…. Bold လေးပါ လုပ်ထားပေးမယ်ဗျာ….


သုံးအချက်….
Particulars ပေါ့….
အမည်။ ကျားမ။ အိမ်ထောင် ရှိမရှိ။ နိုင်ငံသား။ ကိုးကွယ်ရာ ဘာသာ။ လူမျိုးနဲ့ မွေးသက္ကရာဇ်။ စသည်… စသည်.. ပေါ့ ဘေးနားလေးမှာ မိမိရဲ့ ပတ်စပို့ အရွယ် ဓာတ်ပုံလေးကို ထည့်ပါမယ်။


လေး အချက်….
အာရိုက်မယ်ပေါ့ဗျာ… ဘယ်လို…. ဘယ်ချမ်းသာ… ဘာညာ သာရကာ နေကြာ ကွာစေ့ပေါ့….


ငါးအချက်…
မင်းတို့အလုပ်ကို ငါ ဘာလို့ လျှောက်တာကွ… ဆိုတဲ့ အကြောင်းအရာလေးကို လေသံ ပြင်းပြင်းလေးပေါ့…. ဒီနောက် လုပ်သက်က ဘယ်နှစ်နှစ်၊ မျှော်မှန်းလစာက ဘယ်လောက်၊ ခရီးသွားလာ လိုမှု ရှိမရှိနဲ့ အကယ်၍ ခန့်မယ်ဆိုရင် ဘယ်တော့ အလုပ်စဆင်းနိုင်မယ်ပေါ့ဗျာ…


ခြောက်အချက်…
မိမိ လုပ်ကိုင် ခဲ့ဖူးတဲ့ အတွေ့အကြုံကို အကျဉ်း အရင်ရေးပါမယ်…. ဘယ်နှစ်ခုနှစ်ကနေ ဘယ်နှစ်ခုနှစ် အထိ ဘယ်မှာ လုပ်ဖူးတယ်ပေါ့….


ခုနစ် အချက်…
အဲဒီ အချက်အလက်တွေကို တစ်ခုချင်း ဘယ်ရာထူးအတွက် ဘာလုပ်ရတယ်ပေါ့… မောင်လူအေး ရေးထားတာ ပြည့်စုံလှချည်လား မမေးပါနဲ့။ မောင်လူအေးလည်း ကိုယ်လုပ်ရတာ ကိုယ်ရေးကွာ ဆိုရင် လုပ်ဖူးတာပဲ ရှိတယ်။ ဘယ်ကနေ စရေးရမယ်မှန်း မသိပါဘူး။ ကဲ… ဒါဆို ကိုယ့်ဆရာ ဘယ်ကရတုံး… မေးစရာ ရှိပါတယ်။ လွယ်ပါတယ်ဗျာ… ကိုယ်အယင် လုပ်ခဲ့ရတဲ့ ရာထူးမျိုး ခေါ်ထားတဲ့ အလုပ် ကြော်ငြာတွေ ရှာဗျာ… အဲဒီ ထဲကနေ ကူးချလိုက်…

အဲ ကူးချဆိုလို့ တည့်ကြီးတော့ မဟုတ်ဘူးပေါ့ဗျာ… နည်းနည်းလေးတော့ ဖောရွှေတော့ လုပ်ပေးရဦး မှာပေါ့… အနည်းအကျဉ်း ကတော့ ကိုယ်လုပ်ဖူးတာနဲ့ ပြန်ကိုက်ညီအောင် ပြန်ပြင်ရမှာပေါ့…

အဲလို ကူးချတော့ အလုပ်ခန့်မဲ့ ကုမ္ပဏီက သိနေရင် ဘယ်လို လုပ်မလဲ… ဟုတ်လား… ဖတ်နေရင်း တွေးမိ လိုက်သလားလို့… ဟုတ်တယ်ဟုတ်….

စိတ်မပူပါနဲ့ဗျာ… အဲဒါတွေ ခင်ဗျား ရေးချင် သလောက်သာရေး… ခန့်တဲ့ ကုမ္ပဏီက ဖတ်ကို မဖတ်တာဗျိုး…. စိတ်မပူနဲ့…

ဒါဆို ဘာလို့ရေးနေသေးလည်းတဲ့…

မဖြစ်ဘူးဗျ… Resume အင်္ဂါရပ်နဲ့ ပြည့်မီအောင်တော့ ရေးပေးရတယ်။


နံပတ် ရှစ် …
အနေနဲ့ကတော့ တက်ခဲ့ဖူးတဲ့ အမိ တက္ကသိုလ်များ စာရင်းပေါ့။ ဒါလည်း လိုတယ်ဗျ… မောင်လူအေး ရေးထားတဲ့ Resume ဖတ်ပြီး ပြောတယ် တစ်ယောက်က။ မင်းဟာ ဆယ်တန်းထိ တက်ခဲ့တာ လိုလို့လားတဲ့။ လိုတယ်တော့ ဘယ်ဟုတ်မလဲဗျာ။ ထည့်ရေးတော့လည်း တရားမှ မစွဲတာ ရေးပေါ့။

အကယ်၍များ တက္ကသိုလ်အပြင် MCC မှာ တက်ခဲ့တာတို့ KMD မှာ တက်ခဲ့တာတို့ ပါရင်တော့ Non-Academic မှာ ထည့်ပေါ့ဗျာ…


နံပတ် စဉ်ကိုး…
မိမိ ပါဝင် ပတ်သက်ခဲ့ဖူးတဲ့ ပလုံဖက်ရှင်နယ် အဆိုစီအေးရှင်းပေါ့ဗျာ…. ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းမှာ စည်းရုံးရေးမှုး ပေါ့ဗျာ…. ဟုတ်တယ်ဟုတ်…. ဟ ဟ ဟ …

အမှတ်စဉ် ၁၀ …
အမှတ်စဉ် ၁၀ …ကတော့ ဘာသာစကားပေါ့… မြန်မာစကား Excellent ပေါ့ဗျာ… ဒါကတော့ အမှတ်ပြည့်ပဲ…

အမှတ်စဉ် ၁၁…
ခင်ဗျား တတ်တဲ့ ကွန်ပျူတာနဲ့ ပတ်သက်တာတွေ အကုန်သာထည့်ဗျို့… Certificate ရမှ မဟုတ်ပါဘူးဗျာ… ထည့်သာ ထည့်ပစ်…


အမှတ်စဉ် ၁၂…
ခင်ဗျားရဲ့ ရှေ့ကုမ္ပဏီက ဘိုးတော် ဘွားတော်များ စာရင်းပေါ့… ဒါလည်း စိတ်ပူစရာမရှိပါဘူး။ ခင်ဗျား ထည့်ရေးချင်တာသာ ရေးလိုက်။ ဘယ်သူမှ အချိန်ကုန်ခံ ဆက်သွယ်မနေဘူး။

အဲလိုနဲ့ နံပတ်စဉ် ၁၂ ခု တပ်ပြီး ရေးချပြီးတဲ့ သကာလ Resume ရေးခြင်း ကဏ္ဍ နိဂုံး ကမ္မ အဆုံးသတ် ပါပြီဗျာ…

အဲဒီ Resume လေးကို အလုပ်ခန့်မဲ့သူ နေရာကနေ ကြည့်ကြည့်ရအောင်ဗျာ…

ဦးဆုံး Resume တစ်ခုကို စကြည့်ရင် နာမည်ဘယ်လိုခေါ်တယ်၊ ဘယ်မှာ နေတယ်ကို စကြည့်မယ်ဗျ။ ပြီးရင် ဘယ်ရာထူးအတွက် လျှောက်ထားတယ် ဆိုတာရယ်၊ လျှောက်ထားသူရဲ့ Particulars နဲ့ ဓာတ်ပုံကို အကြမ်းဖျဉ်း ကြည့်မယ်ဗျာ။

အဲဒီနောက် အရေးကြီးဆုံး အချက် ဒီရာထူး အတွက် မျှော်မှန်းလစာ ဘယ်လောက်၊ အတွေ့အကြုံ ဘယ်နှစ်နှစ် ရှိတယ် ဆိုတာကို ကျော်ဖတ်ရောဗျို့။ အဲဒီအချက်က Resume တစ်ခုလုံးရဲ့ အဓိက အဆုံးအဖြတ်ပါပဲ။ အဲဒီ Resume ထိပ်ကနေ မျှော်မှန်းလစာ အထိ ကြည့်လို့မှ သူတို့ ပေးနိုင်တဲ့ လစာနဲ့ ကိုက်ညီမှု မရှိဘူးဆိုရင် ကျန်တာ ဆက်ကို မဖတ်ကြ တော့တာပဲ။

ရံဖန်ရံခါမှာ ရှိပါတယ်။ လျှောက်ထားသူရဲ့ အရည်အချင်းနဲ့ အတွေ့အကြုံက အရမ်းကောင်းနေတယ်။ သို့ပေမဲ့ ကုမ္ပဏီက ပေးနိုင်တဲ့ လစာနဲ့ လျှောက်ထားသူ တောင်းတဲ့ လစာနဲ့ အရမ်းကွာနေရင် လျှောက်ထားသူရဲ့ အရည်အချင်း ဘယ်လောက်ပဲ ကောင်းပါစေ။ ခန့်လို့မရတဲ့ အတွက် ရွေးချယ်မှုထဲ ထည့်လို့ကို မရတော့တဲ့ အနေအထားတွေ ကြုံရ တတ်ပါတယ်။

လျှောက်ထားတဲ့ ရာထူးနဲ့ ပေးနိုင်တဲ့ လစာနဲ့ ကိုက်တယ်ဆိုရင် အဲဒီ Resume ကို ထပ်ပြီး Details ဆက်ဖတ်ပါတယ်။ အဲဒီတော့မှ ဒီလူ ဘာဘွဲ့တွေ ရထားတယ်။ လုပ်ငန်းအတွေ့အကြုံက ဘယ်ကုမ္ပဏီမှာ ဘယ်နှစ်နှစ် လုပ်ဖူးတယ် ဆိုတာတွေကို ဆက်ပြီး လေ့လာသမှု ပြုပါတယ်။


အရေးကြီးတဲ့ အချက်လေးတွေက…
Resume တစ်ခုမှာ ကို့ရဲ့ Particulars အားလုံးကို ခြုံငုံ မိနိုင်အောင် ရေးဖို့ လိုတယ်ဆိုပေမဲ့လို့ အရမ်း Details ကျအောင် ရေးရမယ်ဆိုတာ မှားပါတယ်။ Details ကို အင်တာဗျူးခေါ်တဲ့ အချိန်မှာ ဆက်လက် ဆွေးနွေးနိုင်ပါတယ်။

ွResume ကို လှချင်ဇောနဲ့ Fonts တွေ တပုံတပင်နဲ့ အလှဆင်တတ်ကြတာ။ ဒါလည်း မလိုအပ်တဲ့ အချက်တစ်ခုပါပဲ။ Resume တစ်ခုမှာ Font တစ်ခု ကို သုံးရင် လုံလောက်ပါတယ်။ လိုအပ်တဲ့ နေရာမှာ အထူးပြုချင်တာကို Italic လုပ်တန်တာ လုပ်၊ Bold လုပ်တန်တာ လုပ်ရင် လုံလောက်နေပါပြီင်္။

Expected Salary ကို ဘာမှ ထည့်မရေးဘဲနဲ့ Negotaible လို့ ထည့်ရေးတတ်ကြတာ။ မိမိကိုယ်ကို ဘယ်လောက် ထိုက်တန်တယ်လို့ ထည့်မရေးထားတဲ့ သူတစ်ယောက်ရဲ့ Resume ကို တော်ရုံတန်ရုံသော အလုပ်ခန့်ထားသူ တစ်ဦးက စိတ်ပါဝင်စားစွာ ဖတ်ရှုစေဖို့ ဆွဲဆောင်အား တော်တော်ကို နည်းတာ တွေ့ရပါတယ်။


သတိထားဖို့က
Certificate တွေ၊ ဘွဲ့လက်မှတ်တွေ ထည့်ပေးစရာ မလိုပါဘူး။ ကိုယ်ပို့တဲ့ Resume က Email နဲ့ Attached လုပ်ပြီး ပို့မှာ ဆိုတော့ကာ သက်ဆိုင်ရာ Email Service Provider တွေရဲ့ File Size Limit ကိုလည်း သိထားဖို့ လိုတယ်ဗျ။ ဥပမာ စင်္ကာပူဆိုရင် အများဆုံး အီးမေး တစ်စောင်ရဲ့ အကြီးဆုံး ဖိုင်အရွယ်အစားကို ၁၀MB ထိပဲ ခွင့်ပြုတယ်ဗျာ။ ဆိုတော့ ကိုယ်ပို့တဲ့ Email က ၁၀MB ထက်ကျော်နေမယ် ဆိုရင် လက်ခံတဲ့ Email Hosting က ခွင့် မပြုရင် ခင်ဗျား Email ရောက်တော့မှာ မဟုတ်ပါဘူး။

ဆိုတော့ကာ… မိမိကိုယ်ကို ချရောင်းတဲ့ ကြော်ငြာစာရွက်လေးကို အကောင်းဆုံး အသေသပ်ဆုံးနဲ့ သူများ ဖတ်ချင့်စဖွယ် ဖြစ်စေအောင် ရေးသားပြီး ပေးနိုင်မယ် ဆိုရင်တော့ဖြင့်… ဖတ်ရှုသူရဲ့ စိတ်ကို မြင်ရုံနဲ့ ဆွဲဆောင်နိုင်ပြီးသား ဖြစ်စေမှာ ဖြစ်ပြီး အလုပ်ခန့်မယ် မခန့်ဘူးဆိုတဲ့ Interview ကို ရောက်တဲ့ခါ ကျရင်လည်း မိမိကိုယ်ကို ယုံကြည်မှု ပြည့်ဝစွာနဲ့ ဖြတ်ကျော် အောင်မြင် နိုင်စေဖို့ အထောက်အကူ ပြုစေမှာ ဖြစ်ပါကြောင်း…

ပုံတွေက အရမ်းသေးနေတယ်။ ဖတ်မရဘူး ဖြစ်နေမယ်။ ဒါဆိုရင် Right Click ခေါက်ပြီး View Image ဖြစ်စေ၊ Save Image (သို့) Save File ချပြီး ဖတ်ရှုနိုင်ပါကြောင်း...


Oct 27, 2008

Foreign Workers And Singapore

မင်းပဲ စဉ်းစားကြည့် Foreign Workers တွေ အရမ်းများလာတော့ စင်္ကာပူအတွက် ကောင်းလား။

နိုင်ငံသားတွေကျတော့ အလုပ်လုပ်တယ် အစိုးရကို အခွန်အခတွေ ပေးရတယ်။
နိုင်ငံခြားသားတွေက အလုပ်လာလုပ်တယ်။ အများစုက ဒီအစိုးရကို အခွန်ပေးစရာ မလိုဘဲ ပြီးရင် ကိုယ့်နိုင်ငံကို ပိုက်ဆံ ပြန်ပို့နိုင်တယ်။

တက္ကသိုလ်တွေက ဖွင့်လိုက်သမျှ စကော်လားရှစ်တွေ ဆိုတာလည်း အားလုံး နိုင်ငံခြားသားတွေ အတွက် ချည်းပဲ။
သူတို့က ဒီမှာ ကျောင်းကို ထောက်ပံ့ကြေးနဲ့ လာတက်တယ်။ ပြီးရင် လစာကောင်းတဲ့ အလုပ်တွေကို လုပ်နိုင်ကြတယ်။

ငါတို့ နိုင်ငံသားတွေက ကျတော့ အလုပ်လက်မဲ့တွေ ဖြစ်ကုန်ရော။

နိုင်ငံတကာမှာလည်း နိုင်ငံခြား အလုပ်သမားတွေ လက်ခံနေတာပဲ မဟုတ်လားဗျ။

ဥပမာ သြစတြေးလျ၊ အမေရိကန်တို့လို နိုင်ငံတွေ အကုန်လုံး နိုင်ငံခြား အလုပ်သမားတွေ အလုံးအရင်းနဲ့ ပြောင်းရွှေ့ ၀င်ရောက် နေကြတယ် လေဗျာ။

ဟ ငါ့လူရ… တူပါ့မလား။

သြဇီဆိုတာ ဆစ်ဒနီကနေ ပတ်သ်ကို လေးနာရီ လေယာဉ် စီးရတယ်လေကွာ…

အမေရိကား ဆိုတာလည်း သူ့ရဲ့ တချို့ ပြည်နယ်တွေဆိုတာ စင်္ကာပူရဲ့ ဆယ်ဆလောက်ကို ရှိတယ်။

သူတို့ဆီ နိုင်ငံခြား လုပ်သား ၀င်တော့ ဘာအရေးလည်း…

စင်္ကာပူဆိုတာ ဟိုဘက်ထိပ် ဒီဘက်ထိပ် လေယာဉ်ပျံနဲ့ သွားရင် စက္ကန့်သုံးဆယ်တောင် ပြည့်အောင် သွားစရာ မလိုတဲ့ ခရီးလေ


ကြားတာတော့ ၂၀၁၀ မှာ စင်္ကာပူ နိုင်ငံမှာ လူဦးရေ ၆ သန်း အထိ ဖြည့်မယ်လို့ ရည်မှန်းထားတယ် ကြားတာပဲဗျ… အခုလို နိုင်ငံခြား လုပ်သားတွေ ၀င်ရောက်လာတော့ အချို့က အမြဲတမ်း နေထိုင်သူ အဖြစ်ကို ပြောင်းကြ၊ အဲဒီကနေ နောက်တော့ နိုင်ငံသား အဖြစ်ကို ပြောင်းကြတော့ စင်္ကာပူ လူဦးရေ ရည်မှန်းချက် ပြည့်မီဖို့ အထောက် အကူပြုတယ်လို့ မဆိုနိုင်ဘူးလား။

အဲဒီ လူဦးရေ ပြည့်မီရေး အတွက်တော့များကွာ ၈၀ ခုနှစ်ပတ်ဝန်းကျင်က အုပ်ချုပ်သူ လူတန်းစားတွေ တွက်ကိန်းမှားတာကွ… အဲဒီတုံးက မိသားတစ်စု သားသမီး ၂ ယောက်ဆို တော်ပြီ တော်ပြီ… ရပ်တော့ ဆိုပြီး ငါတို့ကို အတင်း ရပ်ခိုင်းခဲ့တာပဲလေ…

အခုက စင်္ကာပူက နေထိုင်မှု စရိတ်ကလည်း အလွန်တရာ ကြီးမြင့်လာတယ်။ မင်း ERP ဆိုတာတွေ တွေ့မှာပေါ့။ နေရာတိုင်းမှာ ERP တွေ အောထနေတာပဲ။


ဒါပေမဲ့ ခင်ဗျားတို့ စင်္ကာပူက တော်တော် ငြိမ်းချမ်းပါတယ်ဗျ။


ငြိမ်းချမ်းဆို မင်းဟာက မီးခြစ်ခွံလောက်ပဲ ရှိတာလေကွာ… သူများနိုင်ငံတွေလို ရဲတွေ ဒင်းကြမ်းပြည့် ချထားစရာမှ မလိုတာပဲ။ ထစ်ခနဲ ဆိုတာနဲ့ စိတ်မပူနဲ့ ငါ့လူ။ ရောက်လာမှာ စိတ်ချ။


ဒါပေမဲ့ ခင်ဗျားတို့ လူငယ်ဘ၀ အဲ… ၈၀ ပြည့်နှစ် ပတ်ဝန်းကျင်လောက်က စင်္ကာပူ ဒီအခြေအနေ ဖြစ်လာအောင် ကြိုးစားခဲ့ကြတဲ့ သူတွေ အခုက လူကြီးပိုင်းရောက်ကုန်ပြီလေဗျာ… စင်္ကာပူ ဒီလို အခြေအနေ ရောက်လာတယ်ဆိုတာ ခင်ဗျားတို့ ကြိုးစား အားထုတ်မှုတွေ အများကြီး ပါတာပဲ မလား။ အဲ တစ်ခုက အခုခေတ် လူငယ်တွေ ကျတော့ နည်းနည်း ပေါ့သလားလို့ဗျ… သူတို့က ခလုတ်ဖွင့် မီးလင်းတယ်… ဘုံဘိုင်ခေါင်းဖွင့် ရေလာတယ်ဆိုတာ ဖြစ်နေတာကိုး။ နည်းနည်း အလေးထားမှု နည်းသလား။


အေး အဲဒီလို ဖြစ်လာတာလည်း အစိုးရက ပိုက်ဆံ ရှိတာကိုးကွ… ငါတို့ လစဉ် အခွန် အတုတ်တွေ ပေးနေရတယ်လေကွာ… အဲဒါတွေနဲ့ ရင်းနှီးမြှုပ်နှံရင်း ဒီအခြေအနေ ဖြစ်လာတယ်ဆိုပါတော့။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကတော့ ရှိတာပေါ့ကွာ… မင်းတွေ့နေရတဲ့ အခု Woodlands တ၀ိုက်ဆိုရင် အယင်က ရာဘာတောတွေကွ… သူတို့က မြေကွက်တွေရိုက် တိုက်တွေ ဆောက်တယ်။ တိုက်တာ အဆောက်အဦးတွေ ပြည့်ကျပ်ညပ်လာတယ်။

နောက် ဆယ်စုနှစ်တွေ အတွက်တော့ မလွယ်ဘူးမောင်ရေ့… တော်တော်ကို လုပ်ယူမှကို ရမယ်။


အလုပ်ကနေ တက္ကစီ စီးတော့ တက္ကစီမောင်းတဲ့ ဒရိုင်ဘာကြီးတွေနဲ့ စကားလက်ဆုံ ကျပါတယ်။ စင်္ကာပူမှာ တက္ကစီမောင်း လိုင်စင်ကို နိုင်ငံသား (ဒါမှမဟုတ်) အမြဲတမ်း နေထိုင်သူတွေကိုပဲ ချပေးတတ်တာရယ်၊ အသက်အကန့်အသတ် ရှိတာရယ်ကြောင့် တော်တော်များများသော ဒရိုင်ဘာတွေက အသက်ကြီးကြီးတွေ များပါတယ်။


ကားပေါ်တက် ထိုင်တယ်ဆိုရင်ပဲ လေပေးက ဖြောင့်တတ်တဲ့ (အာရိုက်တာများတဲ့…. ) မောင်လူအေးနဲ့ ကတော့ တော်တော်များများသော ဒရိုင်ဘာတွေ စကားပြော ဖြစ်ပါတယ်။ အပေါ်က စကားတွေက သူတို့ရဲ့ လက်ရှိ နိုင်ငံခြားသား အလုပ်သမားတွေ အပေါ် ထားတဲ့ အမြင်တွေ ထဲက တစ်ချို့ပေါ့…


စင်္ကာပူဟာ အစစအရာရာ အကန့်အသတ် ရှိနေတဲ့ နိုင်ငံငယ်လေး တစ်ခုဖြစ်တဲ့ အတွက် အစစ အရာရာ သတိထားကိုင်တွယ် ကြရတဲ့ အနေအထား ရှိပါတယ်။ မြေနေရာကလည်း ကျဉ်း၊ ရေကအစ ၀ယ်သောက် နေရတဲ့ နိုင်ငံငယ်လေးမှာ နိုင်ငံခြားသား အလုပ်သမားတွေ တပုံတပင် ၀င်ရောက်လာကြတဲ့ အတွက် အကျပ်အတည်းတွေ ဖြစ်လာပါတယ်။


အကျပ်အတည်းတွေ ဖြစ်လာတယ် ဆိုတာလည်း ခုနေ စင်္ကာပူ ဒီအခြေအနေ ရောက်မှ နိုင်ငံခြားသား အလုပ်သမားတွေကို အပြစ်ပြောမယ် ဆိုရင် မှား ပါလိမ့်မယ်။ တကယ်တော့ စင်္ကာပူ ဒီအခြေအနေ ရောက်လာဖို့ နိုင်ငံခြားသား အလုပ်သမားတွေအပေါ် မှီခိုခဲ့ရမှု တော်တော်များပါတယ်။ အများဆုံးသော နိုင်ငံတွေက မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြန်မာနဲ့ တရုတ်ပြည်မတို့ကနေ ဖြစ်တယ်။


သူတို့ရဲ့ စာရင်းဇယားတွေ အရ ၂၀၀၇ ခုနှစ်မှာ အလုပ်အကိုင်အသစ် ၂၃၆,၀၀၀ ပေါ်ခဲ့ရာမှာ နိုင်ငံခြားသား တွေက ၁၄၄,၅၀၀ (၆၁ ရာခိုင်နှုံး) အထိ ရယူသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ (Ref:)


ဆိုတော့ အကယ်၍များ နိုင်ငံခြားသားတွေကို ပြန်ကြတော့ ဆိုပြီး ပြန်လွှတ်ခဲ့မယ်ဆိုရင်ရော… စင်္ကာပူ ဘာလုပ်မလဲ… ဘယ်လို ရပ်တည်မလဲ… ဆိုတာကတော့ အခု လောလောဆယ် စင်္ကာပူ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေ များစွာထဲက တစ်ခု ဖြစ်ပါကြောင်း….

Meeting-Phobia

Phobia ဆိုတဲ့ စကားလုံးက အင်္ဂလိပ်လို အကြောက်တရားကို ဖော်ညွှန်းရာမှာ အသုံးပြု ပါတယ်။ အထူးသဖြင့်တော့ အကြောင်း မယ်မယ်ရရ မရှိဘဲ မဆီမဆိုင် ကြောက်ရွံ့ခြင်းဆိုရင် ပိုပြီး မှန်မယ် ထင်ပါတယ်။


အခု မောင်လူအေး ပြောမဲ့ Phobia က အယင်ရှိပြီးသား တွေထဲ မပါသေးတဲ့ Phobia တစ်ခုပါ။ Meeting-Phobia လို့ ခေါ်ရင် ကောင်းမယ် ထင်ပါတယ်။ အစည်းအဝေး တက်ရမှာ ကြောက်ရွံ့ခြင်းပေါ့။ အစည်းအဝေး တက်ရမှာ ကြောက်တဲ့ အဆင့်တွေ အစားစား ရှိတယ်။ အချို့က အစည်းအဝေးဆို တက်ကို မတက်ချင်တာ။ နောက်တစ်မျိုးက တက်တော့ တက်တယ်။ တက်ပြီးတဲ့ နောက်မှာ ပါဝင် ဆွေးနွေး ရမှာကို ကြောက်တာ။


မောင်လူအေး အယင်ပို့စ် တစ်ခုမှာ ပြောခဲ့ဖူးသလိုပဲ ကျောင်းပြီးလို့ လုပ်ငန်းခွင် စ၀င်တော့ ရန်ကုန်က ပန်းလှိုင်ဂေါက်ကွင်း အိမ်ယာစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းမှာ။ စစချင်း ၀င်ရတော့ လျှပ်စစ်တပ်ဆင်ရေး ကုမ္ပဏီတစ်ခုမှာ Supervisor ရာထူးနဲ့ ၀င်ရပါတယ်။ ကုမ္ပဏီက အကြီးစား မဟုတ်လှပေမဲ့ လုပ်ငန်း လည်ပတ်မှု တော်တော်လေး များတဲ့ ကုမ္ပဏီတစ်ခုပေါ့။


ပန်းလှိုင်ဂေါက်ကွင်း တည်ဆောက်ရေး လုပ်ငန်းခွင် စ၀င်တော့ ကျောင်းပြီးစ ကျောင်းသား တစ်ယောက်အနေနဲ့ Drawing ကြည့်ရတာက အစ တော်တော်လေး အခက်အခဲတွေ တွေ့ရတယ်။ ပန်းလှိုင်ဂေါက်ကွင်းကို တည်ဆောက်တဲ့ ပိုင်ရှင်ရော လာဆောက်တဲ့ ကုမ္ပဏီသည်လည်း စင်္ကာပူ အခြေစိုက် ကုမ္ပဏီတွေ ဖြစ်ကြတော့ကာ အစစ အရာရာကို စင်္ကာပူ စံနှုံး၊ အခေါ်အဝေါ် အတိုင်း လုပ်ပါတယ်။ တော်ရုံတန်ရုံသော ပြင်ပ ဆောက်လုပ်ရေးတွေမှာ မကြုံရတဲ့ အတွေ့အကြုံတွေ ရပါတယ်။ ပညာတော်တော်လေး ရတယ်ပြောလို့ ရပါတယ်။ သုံးတဲ့ ပစ္စည်းပစ္စယတွေ တော်တော်များများကလည်း စင်္ကာပူနိုင်ငံမှာ သုံးတဲ့ စနစ်တွေ အတိုင်း သုံးတဲ့ခါကျတော့ နောက်ပိုင်း စင်္ကာပူ ရောက်လာပြီး အလုပ်လုပ်တဲ့အခါ တော်တော်လေးကို အထောက်အကူ ပြုပါတယ်။


ဥပမာ တစ်ခုပြောရမယ်ဆိုရင် ပြင်ပက ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လက်မ၊ ပေနဲ့ တိုင်းထွာတွက်ချက် ကြတာ များပြီး ပန်းလှိုင်မှာတော့ မီလီမီတာနဲ့ သုံးပါတယ်။ လျှပ်စစ်မီးခလုတ် တစ်ခုထိုင်တဲ့ အမြင့်ကို ပြင်ပ ဆိုက်တွေက Power Point ဆိုရင် တစ်ပေ၊ Lighting ဆိုရင် လေးပေ (သို့မဟုတ်) သုံးပေခွဲလို့ ပြောဆို သုံးနှုံး တတ်ကြပေမဲ့ ပန်းလှိုင်မှာ Power ဆိုရင် သုံးရာ၊ Lighting ဆိုရင် ထောင့်လေးရာ လို့ မီလီမီတာနဲ့ ခေါ်ဝေါ်သုံးနှုံး ပါတယ်။


အင်း ပြောချင်တာ လေရှည်နေတာနဲ့ လိုရင်းကို မရောက် ဖြစ်နေပါပြီ။ ပြောချင်တာက Meeting-Phobia အကြောင်း။ ကဲ စကားကို လိုရင်းဘက် ပြန်လှည့်ကြတာပေါ့။


ဆောက်လုပ်ရေး လုပ်ငန်းရဲ့ ထုံးစံအတိုင်း အပတ်စဉ် Meeting တွေ တက်ကြရပါတယ်။ ပြောဆို ညှိနှိုင်း ကြရပါတယ်။ မောင်လူအေးက Supervisor ရာထူးမို့လို့ တကယ်တမ်း Meeting တက်စရာ မလိုပါဘူး။ မောင်လူအေး အထက်က Site Engineer တွေ တက်ကြ ရပါတယ်။ သူတို့ သွားတက်လို့ ရလာတဲ့ တစ်ပတ်စာ မပြီးမနေရ အလုပ်တွေ ပေါ်လာတဲ့ အခါကျမှသာ မောင်လူအေးတို့က သက်ဆိုင်ရာ အလုပ်သမားတွေကို လုပ်ကွက် ဝေမျှပြီး လုပ်ငန်း လျာထားချက် ပြီးမြောက်အောင် ဆောင်ရွက် ကြရတာ။


တစ်ခါမှာကျတော့ မောင်လူအေးရဲ့ အထက်က လျှပ်စစ်တပ်ဆင်ရေး Site Engineer က အစာအိမ် ရောဂါကြောင့် ဆရာဝန်က အနားယူရမယ် ဆိုတာနဲ့ တစ်လတိတိ အနားယူရပါတယ်။ တကယ်တော့ မောင်လူအေး အထက်မှာ Engineer နှစ်ယောက် ရှိပါတယ်။ တစ်ယောက်က Mechanical အပိုင်းကို တာဝန်ယူရတဲ့ Engineer ပါ။ တကယ်တမ်း သူသည်ပင်လျှင် Site ရဲ့ Cheif Engineer လည်း ဖြစ်ပါတယ်။ တကယ်တမ်း သူတစ်ဦးတည်း လည်းပဲ Site တစ်ခုလုံး တာဝန်ယူ ကိုင်တွယ်နိုင်သူ တစ်ဦးပါ။


လျှပ်စစ်ပိုင်းဆိုင်ရာ Site Engineer အနားယူသွားတဲ့ ပထမ တစ်ပတ်ကတော့ မောင်လူအေး အလှည့်မကျ သေးပါဘူး။ ဒုတိယ ရက်သတ္တပတ်ကျတော့ CE က ခေါ်ပါတယ်။ မောင်လူအေး ခင်ဗျားလည်း အတွေ့အကြုံ ရတာပေါ့ဗျာ။ လိုက်ခဲ့ပါ။ လိုက်တက်ပါပေါ့။ ဆိုတော့ မောင်လူအေးက ငြင်းတယ်။ ဟာ ဖြစ်မယ် မထင်ဘူးနော်ပေါ့။ ကျွန်တော် Site အကြောင်း ဘာမှသိတာ မဟုတ်ဘူးပေါ့။ ဟိုက မေးလို့ ကျွန်တော် မဖြေနိုင်ရင် ဒုက္ခရောက်နေမယ် ဆိုပြီး ငြင်းပါတယ်။ ဆရာသမားက လက်မခံပါဘူး။ လိုက်ခဲ့ဖို့ အတင်း ခေါ်တာနဲ့ပဲ မောင်လူအေးလည်း မငြင်းသာဘဲ သူခေါ်ရာ လိုက်ပါ တက်ရောက် ခဲ့ရပါတယ်။


တကယ်က ပန်းလှိုင်ဆောက်လုပ်ရေး ကုမ္ပဏီရဲ့ အင်ဂျင်နီယာချုပ် က တော်တော်လေး နာမည် ကြီးပါတယ်။ အရမ်းရစ်တယ်ပေါ့။ သူမေးတာ မဖြေနိုင်ဘဲ ယောင်နနလုပ်ရင် အော်တယ် ငေါက်တယ် ဆိုတာနဲ့ နာမည်က တော်တော်လေး လန့်ကြပါတယ်။ Site ထဲ သူလာပြီဆိုရင်လည်း သက်ဆိုင်ရာ Site တွေထဲက Engineer တွေဆိုတာ ပျာပျာသလဲ ဖြစ်ကြတဲ့ အထိ သူ့ကို လန့်ကြတယ်။ လန့်ဆို အလုပ်ပြီးမြောက်မှု တင်ပြပြီး ပိုက်ဆံ တောင်းတဲ့ အခါ သူ့လက်မှတ် မပါရင် ပိုက်ဆံ ထုတ်လို့ မရတဲ့အတွက်လည်း ပါတယ်။ ဆိုတော့ သူနဲ့ အဆင်ပြေအောင် ပေါင်းကြရတာလည်း ပါတယ်။


Meeting တက်ရမဲ့ အချိန်ရောက်တော့ Meeting ခန်းထဲ ၀င်ထိုင် လိုက်ကြတယ် ဆိုရင်ပဲ မောင်လူအေး အခန်းကို တစ်ချက် ဝေ့ကြည့်လိုက်တယ်။ Meeting လာတက်သူတွေ အားလုံးက အနည်းလေး အသက်သုံးဆယ် ပတ်ဝန်းကျင်တွေ။ အချို့ အချို့တွေဆို အသက် လေးဆယ်ကျော် ငါးဆယ် ပတ်ဝန်းကျင်တွေ။ စပြီဆိုတာနဲ့ အယင်တစ်ပတ်က ပြောဆို ညှိနှိုင်း ခဲ့ကြတာ တွေကို Meeting Minute ထုတ်ထားပါတယ်။ တစ်ယောက် တစ်ရွက်စီဝေပါတယ်။ ကုမ္ပဏီ တစ်ခုချင်းစီ လုပ်ငန်းပြီးမြောက်မှု၊ နောက်တစ်ပတ် အတွက် မှန်းထားတဲ့ လုပ်ငန်း ပြီးမြောက်မှုတွေ မေးတယ်။ မှတ်ချက် ပေးတယ်။ တကယ်လို့ ပန်းလှိုင်က ပံ့ပိုးပေးမှု လိုအပ်တဲ့ ကိစ္စရပ်တွေကိုလည်း အင်ဂျင်နီယာချုပ်က ညှိနှိုင်းပေးတယ်။


နာမည်ကြီးတဲ့ အတိုင်းပဲ အော်ပါတယ်။ ငေါက်ပါတယ်။ ဒါပေမဲ့ အသားလွတ် ဆူငေါက်နေတာ မျိုးတော့ မဟုတ်ပါဘူး။ တကယ်တမ်း လုပ်ငန်း ပြီးမြောက်ရမဲ့ ကိစ္စတွေ၊ ပြီးသင့်လျက်နဲ့ နှောင့်နှေး ကြံ့ကြာနေတာ မျိုးတွေ တွေ့ရင် မညှာပါဘူး။ ဆူပါတယ်။


မောင်လူအေးတို့ ကုမ္ပဏီ အလှည့်ကျတော့ စစချင်း Mechanical ကိစ္စရပ်တွေ အတွက် မောင်လူအေးတို့ရဲ့ အင်ဂျင်နီယာချုပ်ကို မေးပါတယ်။ အားလုံး အဆင်ပြေ ချောမွေ့ပါတယ်။ Mechanical ကိစ္စရပ်အတွက် မေးပြီးတော့ Electrical ကိစ္စမေးမယ် ဆိုတော့ မောင်လူအေးရဲ့ အင်ဂျင်နီယာချုပ်က မောင်လူအေးကို ညွှန်ပြပြီး Electrical အတွက် Engineer ပါပါတယ်။ သူ့ကို မေးပါတဲ့။ ဟ ငါ့ဆရာကတော့ ပို့ပြီပေါ့။ အင်ဂျင်နီယာချုပ်က နောက်ပါတယ်။ ခင်ဗျားက ဒီထဲမှာ ၀ါအရင့်ဆုံးပဲတဲ့။ (အမှန်က ချွန်တာပါ။) ခင်ဗျား ဆိုက်အကြောင်း ခင်ဗျား သိတယ်နော်တဲ့။ မောင်လူအေးလည်း ကျွန်တော် သိသလောက် ဖြေမယ်ပေါ့။ မေးပါတယ်။ သက်ဆိုင်ရာ ကိစ္စရပ်တွေ အားလုံးက သူမေးသမျှ မောင်လူအေး ဖြေနိုင်တယ်။ တိကျတဲ့ ခန့်မှန်းပြီးရမဲ့ ရက်ကို သတ်မှတ်ပေးနိုင်တယ် ဆိုတော့ ပထမဆုံး တက်ရတဲ့ လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ Meeting ဟာ အဆင်ပြေ ချောမွေ့စွာနဲ့ ပြီးဆုံးခဲ့တယ်။


အဓိက ပြောချင်တာက အထက် ရာထူးတွေမှာ ရှိကြတဲ့ ပုဂ္ဂိုလ်များက ယုံကြည်မှု ပေးပြီး ဆက်ဆံတာ ခံရတော့ တကယ် လုပ်ငန်း ဆောင်ရွက်ရတဲ့ လူငယ်တွေရဲ့ လုပ်ငန်း စွမ်းဆောင်ရည် တက်လာရတယ်။


အဲဒီ နောက်ပိုင်း မောင်လူအေး ပန်းလှိုင်ဆောက်လုပ်ရေး လုပ်ငန်းခွင်ကနေ ထွက်ပြီး အပြင်မှာ ကန်ထရိုက်လိုက် လုပ်တယ်။ ဆပ်ကန်ထရိုက် ခေါ်တယ်ပေါ့။ ဦးဆုံး ကြုံတွေ့ခဲ့ရတဲ့ Meeting တာထွက်မှာ အဆင်ပြေချောမွေ့ ခဲ့တာကြောင့် နောက်ပိုင်း တက်ရတဲ့ လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ဆွေးနွေးပွဲတွေ အကြောက်အရွံ့မရှိ အဆင်ပြေ ချောမွေ့စွာ ဖြတ်သန်း နိုင်ခဲ့တယ်။


အဲဒီနောက်မှာ မောင်လူအေး ကိုယ်ပိုင်လုပ်ငန်း လုပ်နေရာကနေ ကုမ္ပဏီ ၀န်ထမ်းတစ်ခါ ပြန်ဖြစ်ပါတယ်။ အဲဒီမှာ ကျတော့ ခုလူပြောများနေတဲ့ စကားရပ်လိုပဲ အဲဒီမှာ စတွေ့ပါတယ်။ ကုမ္ပဏီတွင်း အပတ်စဉ် အစည်းအဝေးတွေမှာ စတင် တက်ရောက်ကြတဲ့ ၀န်ထမ်းတွေနဲ့ စတင်ထိတွေ့ရတော့ မောင်လူအေး အယင်က တက်ရောက်ခဲ့ဖူးတဲ့ Meeting တွေလိုပဲ ၀င်ရောက် ဆွေးနွေးဖြစ်ပါတယ်။ ဆွေးနွေးတိုင်း ဆွေးနွေးတိုင်းမှာ ကြုံရတဲ့ ပြဿနာက အယင်နဲ့ မတူပါဘူး။ ယခင် တက်ရောက်ခဲ့ဖူးတဲ့ Meeting များမှာ အသက်အရွယ်အားဖြင့် ကွာဟသည် ဖြစ်စေ၊ လုပ်ငန်း တာဝန်ယူမှုချင်း ကွာဟသည် ဖြစ်စေ၊ တက်ရောက်သူ အချင်းချင်း အပြန်အလှန် လေးစားမှု ရှိကြတယ်။ တင်ပြလာတဲ့ အကြောင်းအချက်များ အပေါ်မှာ အလေးဂရုပြု ဆွေးနွေးပေးကြတယ်။ အခု မောင်လူအေး ကြုံရတဲ့ Meeting က အဲလို မဟုတ်ဘူး ဖြစ်နေတယ်။


Meeting စတင်တယ် ဆိုတာနဲ့ Meeting Organizer သည် ကုမ္ပဏီရဲ့ ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦး ဖြစ်နေမယ်။ တစ်ဦးချင်း တစ်ဌာနချင်း စီရဲ့ များသောအားဖြင့် ကောင်းကွက်ထက် ဆိုးကွက်တွေကို စာအုပ်တစ်အုပ်နဲ့ ရေးမှတ် ထားရှိမယ်။ တစ်ဌာနချင်း တစ်ဌာနချင်းစီရဲ့ ပြဿနာတွေ အပေါ်မှာ ဆွေးနွေးမှုတွေက အပြုသဘော မဆောင်တဲ့ အပြင်၊ ချိုးဖဲ့ နှိပ်ကွပ်မှု ပြုမှ ရမယ်ဆိုတဲ့ ချဉ်းကပ်ပုံနဲ့ ချဉ်းကပ်တာ တွေ့ရတယ်။


အထူးသဖြင့် မောင်လူအေး တာဝန်ယူရတဲ့ ဌာနသည် ၀န်ဆောင်မှု ပေးရာ ဌာနဖြစ်လေတော့ အစည်းအဝေးတိုင်းမှာ ပြဿနာတွေ အစဉ်သဖြင့် ရှိနေတတ်တယ်။ ပြဿနာကို အပြုသဘောဆောင် ချဉ်းကပ်မှု အားနည်းတဲ့ အတွက် ပြဿနာရဲ့ အဖြေကို ရှာမှုထက် ပြဿနာ ဖြစ်ရခြင်းရဲ့ အားနည်းချက်ကိုပဲ တစ်သမတ်တည်း ထိုးစစ်ဆင် ဖိအားပေး ဆွေးနွေးတဲ့အခါ အစည်းအဝေး တစ်ခုဟာ မှန်ကန်တဲ့ အဖြေရှာရာ နေရာတစ်ခု မဟုတ်တော့ဘဲ မိမိရဲ့ အားနည်းချက်ကို အထက် လူကြီးတစ်ဦးက လူသိရှင်ကြား ထုတ်ဖော်နှိပ်ကွပ်ရာ နေရာ ဖြစ်မှန်းမသိ ဖြစ်လာပါတော့တယ်။


ဆိုတော့ကာ နောက်ပိုင်းမှာ အစည်းအဝေး ၀င်ရတိုင်းမှာ မိမိရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းကို တင်ပြပြောဆိုမှု အလျဉ်းမရှိတော့ လုပ်ငန်းရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ဖော်ဆောင်မှု အလွန်အမင်း အားနည်း ယုတ်လျော့သွားတာကို တွေ့မြင်ရပါတယ်။ နောက်ပိုင်းမှာ အစည်းအဝေးကို တက်ရောက်ရမှာ ကြောက်စိတ် ၀င်လာတယ်။ မလွှဲမရှောင်သာ တက်ရောက်ရမယ် ဆိုရင်လည်း ဟုတ်ပါတယ်။ မှန်ပါတယ်။ ကောင်းပါတယ် ဆိုတဲ့ စကားကလွဲရင် ဘာ အကြံပြုချက်မှလည်း ထွက်မလာတော့ သလို ဘာမှလည်း ဖြစ်ပေါ် တိုးတက်မှု ရမလာတော့ဘူး။


အဲ… မောင်လူအေး စင်္ကာပူရောက်လို့ အလုပ်လည်း လုပ်ရော… အဲဒီ အယင်က နှစ်နှစ်နီးနီး လုပ်ခဲ့တဲ့ အကျင့်ဆိုးက တွဲလျက်ကို ပါလာတယ်။ Meeting တက်ပြီဆိုရင် ကိုက ဆွေးနွေးဖို့ နေနေသာသာ ငါ့အမှားကို ဘယ်နေရာမှာ ဘယ်လို ထောက်ပြီး ဘာများ အပုပ်ချ လိုက်လေမလဲဆိုတဲ့ စိုးရွံ့စိတ်။ အဲဒီစိတ်က တော်တော်ကို ဒုက္ခပေးတယ်ဗျာ။ ပြောရမှာကို မပြောရဲ။ မေးရမှာကို မမေးရဲ။ ထောက်ပြရမှာကို မထောက်ပြရဲ။ လုပ်နေတဲ့ ပရောဂျက် လုပ်ငန်းနဲ့က အဲဒီလို မပြောရဲ မဆိုရဲနဲ့က မဖြစ်ဘူး။ ဆိုတော့ အယင် ပန်းလှိုင်က ရခဲ့တဲ့ ပြောရဲ ဆိုရဲ တင်ပြရဲတဲ့ စိတ် ပြန် မွေးရပါတယ်။ တကယ်တမ်း အပေါ်မှာ ပြောခဲ့သလို၊ ပန်းလှိုင်က ပေးလိုက်တဲ့ ပညာတွေဟာ တော်တော်လေးကို အကျိုးပြုပါတယ်။ အစောဦးဆုံး ကြုံတွေ့ခဲ့ရတဲ့ လုပ်ဖော် ကိုင်ဖက်တွေရဲ့ ကျေးဇူးလည်း မကင်းဘူးဆိုရမှာပေါ့။


ပြဿနာပေါင်း သောင်းခြောက်ထောင် နေ့တိုင်း ညှိနှိုင်း ဆွေးနွေး လုပ်နေရတဲ့ Project လုပ်ငန်းတွေထဲမှာ အဲဒီ Meeting ကို ကြောက်ရွံ့တဲ့ စိတ်၊ မပြောရဲ မဆိုရဲတဲ့ စိတ် ကင်းမှသာလျှင် ဘယ် Meeting မှာ မဆို မိမိ လုပ်ဆောင်ရာ လုပ်ငန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုနဲ့ သာလျှင် ဖြတ်ကျော် အောင်မြင်နိုင်မှာ ဖြစ်ကြောင်းနဲ့ အထက် အထက်သော နေရာတွေမှာ တာဝန်ယူ ဆောင်ရွက်နေကြတဲ့ လုပ်ငန်းကို ဦးဆောင်ဦးရွက် ပြုသူများ အနေနဲ့လည်း လုပ်ငန်းတာဝန်ကို တကယ် လှုပ်ရှားဆောင်ရွက် နေကြသူတွေ အပေါ်မှာ နားလည်စာနာမှု အပြည့်နဲ့ တွဲခေါ် ဆောင်ရွက်မှသာ လုပ်ငန်းကို ဆထက်တပိုး အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း ကိုယ်တွေ့ Meeting - Phobia အကြောင်းလေး မျှဝေလိုက်ရပါတယ်ဗျာ။


ဘလော်ဂါအပေါင်း သူငယ်ချင်း ရောင်းရင်းများနဲ့ လာရောက် ဖတ်ရှု ကြသူများလည်း Meeting - Phobia မှ ကင်းဝေး လွတ်မြောက်နိုင် ကြပြီး မိမိ ဆောင်ရွက်ရာ လုပ်ငန်းဆောင်တာများကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းရင်း...

Oct 20, 2008

AutoCAD Electrical 2009

ပြီးခဲ့တဲ့ သောကြာနေ့က AutoCAD Electrical 2009 မိတ်ဆက် Seminar တစ်ခုသွားတက်ရပါတယ်။ AutoCad Electrical 2009 တရားဝင် ဖြန့်ချီခွင့်ယူထားတဲ့ INNOCOM TECHNOLOGIES PTE LTD ကနေပေးတဲ့ Product Introduction Seminar လေးပါ။ AutoCAD သုံးနေတဲ့ ကုမ္ပဏီတွေအတွက် သူတို့က ဖိတ်ခေါ်ပြီး တက်ရောက်ခိုင်းတဲ့ အခမဲ့ Seminar ပါ။

AutoCAD 2009 နဲ့ AutoCAD Electrical 2009 ဘာကွာလဲ ဆိုတော့ Electrical အတွက် အထူးပြုထားတဲ့ Features တွေ တော်တော်များများ ထည့်ထားတာ တွေ့ရပါတယ်။


၁. ပိုမို ရှင်းလင်း လွယ်ကူတဲ့ Symbol Libraries ပါရှိခြင်း။

အယင် AutoCAD မှာပါတဲ့ Design Center အပြင် Electrical အတွက် အထူးပြုထားတဲ့ Components တွေပါ ထည့်သွင်းထားတဲ့ ပိုမို ပြည့်စုံရှင်းလင်း လွယ်ကူတဲ့ Symbol Libraries ပါရှိပါတယ်။ Electrical Eomponents တွေကို အယင် AutoCAD မှာ ဆွဲတဲ့ခါ ဆွဲထားတဲ့ Wire အနေနဲ့ သုံးထားတဲ့ Line ကို AutoCAD ရိုးရိုးက Wire လို့နားမလည်တဲ့ အတွက် အကယ်၍များ Component ကို နေရာ ရွှေ့ချင်တယ်ဆိုရင် Component ရဲ့ မူလနေရာ Line ပေါ်မှာ ကျန်ခဲ့တဲ့ Gap ကို ပြန် Join ပေးဖို့ လိုအပ်ပါတယ်။ ပြီးတော့ နောက် နေရာသစ်မှာလည်း သက်ဆိုင်ရာ Component ရဲ့ နေရာမှာ မလိုတဲ့ Component နေရာက Line ကို Trim တစ်ခါ ထပ်လုပ်ပေးရဦးမှာ ဖြစ်ပါတယ်။

အခု AutoCAD Electrical 2009 ကတော့ အဲဒီ ထပ်ဖန်တလဲလဲ လုပ်ရမဲ့ အလုပ်တွေကို လုပ်ဆောင်စရာ မလိုတော့ပါဘူး။ မိမိ ဆွဲတဲ့ Line ကို Wire အနေနဲ့ သတ်မှတ်ပေးထားလိုက်ပြီးရင် သူက Component လာ နေရာချတာနဲ့ တပြိုင်နက် မလိုတဲ့ Wire နေရာတွေကို အလိုလျောက် Trim လုပ်ပေးပြီးသား ဖြစ်သွားပါတယ်။ အကယ်၍ နေရာရွှေ့ခဲ့ရင်လည်း ကိုယ်ထားချင်တဲ့ နေရာကို ထားချင်တဲ့ Component ကို Drag လုပ်သွားလိုက်တာနဲ့ Gap ပါ တပါတည်း လိုက်ရွေ့ပြီးသား ဖြစ်သွားပါတယ်။

ဆွဲသွားတဲ့ Wires တွေ အချင်းချင်း ဖြတ်သွားကျော်သွားတာ ရှိမယ်ဆိုခဲ့ရင် အလိုလျောက် Jumper လေး ထည့်ပေးပြီး အဆုံးသတ် termination တွေအတွက်လည်း Solder End ပုံစံလေး အလိုလျောက် ထည့်ပေးပါတယ်။

၂. အလိုလျောက် Wire နံပတ်စဉ်တပ်ခြင်း၊ Component အမည်တပ်ခြင်း လုပ်ဆောင်နိုင်ခြင်း။

ရေးဆွဲထားတဲ့ Electrical Circuit တွေမှာ Wire ဘယ်နှစ်ချောင်းပါတယ်။ ဘယ် Wire က ဘယ် Component ဆီသွားပြီး ဘယ် Wire က ဘယ် Junction Box မှာ ဆုံးတယ်ဆိုတာက အစ နံပတ်စဉ် အလိုလျောက် တပ်ပေးပါတယ်။ Component အမည်တပ်တဲ့ နေရာမှာလည်း ထုတ်လုပ်တဲ့ Company၊ Model၊ Ampere Rating အဆုံး သူ့အလိုလျောက် တပ်ခိုင်းနိုင်သလို စာရင်းထဲမပါတဲ့ အမည်နာမများအတွက်လည်း အလွယ်တကူ မိမိဘာသာ ပြင်ဆင် တပ်ပေးနိုင်ပါတယ်။

၃. အလိုလျောက် Project Report ထုတ်ပေးနိုင်ခြင်း။

အလိုလျောက် Project Report အလိုလျောက်ထုတ်ပေးနိုင်တယ်ဆိုတဲ့ Feature က အလွန်အကျိုးရှိတဲ့ Feature တစ်ခုပါ။ Project Tendering Stage မှာ အလွန်အလုပ်ရှုပ်တဲ့ Point Counting လုပ်ရတဲ့ Quantity Surveyor (Q.S)များ အတွက် အလွန် အသုံးဝင်သလို Project Running Stage မှာလည်း အလွန်အသုံးဝင်ပါတယ်။ ကြီးမားလှတဲ့ Drawing ထဲ ဘယ်အမျိုးအစားပစ္စည်း ဘယ်နှစ်ခု ရှိနေသလဲဆိုတာ Count ရတာ အတော်လေး လက်ဝင်တဲ့ ကိစ္စပါ။ အဲဒီအတွက် အလိုလျောက် Project Report ထုတ်ပေးနိုင်တဲ့ Function ကတော့ အလွန်တရာမှ လျင်မြန်ပါတယ်။ ရလာတဲ့ ရလာဒ်ကို Spreadsheet အနေနဲ့ ဖိုင် သတ်သတ် Save နိုင်သလို၊ Drawing ပေါ်မှာလည်း Paste လုပ်နိုင်ပါတယ်။

၎. အချိန်နဲ့ တပြေးတည်း Error Checking လုပ်ပေးနိုင်ခြင်း။

အထူးသဖြင့် PLC သမားတွေအတွက် ပိုပြီး အသုံးတည့်မယ် ထင်ပါတယ်။ System ကြီးတစ်ခုလုံးအတွက် ဘယ်နေရာမှာ Wire Connection ပြတ်ကျန်နေခဲ့တယ်၊ မဆက်မိဘဲ ကျန်နေတယ်ဆိုတာကို အချိန်နဲ့ တပြေးတည်း Error Checking လုပ်ပေးနိုင်ပါတယ်။

၅. အချိန်နဲ့ တပြေးတည်း ကွိုင်နှင့် Contact Cross-Referencing လုပ်ပေးနိုင်ခြင်း။

အမှတ်စဉ် (၄) နဲ့ ပိုဆင်ပါတယ်။ Electrical Switching Board တွေအတွက် Contact Referencing အချိန်နဲ့ တပြေးညီ လုပ်ပေးနိုင်ပါတယ်။

၆. တိကျသေသပ်တဲ့ Panel Layout Drawing များ ရေးဆွဲနိုင်ခြင်း။

Switching Board Installation များအတွက် Panel Layout Drawing များ ပိုမိုလှပ သေသပ်စွာ ရေးဆွဲနိုင်ပါတယ်။

၇. Electrical Specialized Features များ ပါရှိခြင်း။

AutoCAD Electrical 2009 ဖြစ်တဲ့အတွက် Electrical Specilized Features တွေ ပါဝင်တာ ကတော့ ပြောစရာ မလိုအောင်ပါပဲ။

၈. Spreadsheet တွေထဲပါတဲ့ Data တွေကို အသုံးချပြီး PLC I/O Drawing များ အလိုလျောက်ထုတ်ပေးနိုင်ခြင်း။

ဒါသည်လည်းပဲ အယင် AutoCAD တွေမှာ မပါတဲ့ Feature တစ်ခုပါပဲ။ PLC အဓိက လုပ်ရတဲ့ ကုမ္ပဏီတွေမှာ အလုပ်လုပ်နေကြတဲ့ AutoCAD သမားတွေ အတွက်တော့ မရှိမဖြစ်ပေါ့။

၉. Customers များ၊ Supplier များနဲ့ Drawing တွေကို Share လုပ်သုံးနိုင်ပြီး၊ သူတို့ရဲ့ ပြောင်းလဲမှုကို အစဉ် စောင့်ကြည့်နိုင်ခြင်း။

ခဏခဏ ပြောင်းတတ်တဲ့ Customer Requirement တွေအတွက် မိမိမှာသာ AutoCAD Electrical 2009 ကို လက်ဝယ်ထားရှိမယ်ဆိုရင် သူတို့ ပြောင်းသမျှကို မိမိက အချိန်ကုန် သက်သာစွာ အလွယ်တကူ စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

၁၀. ယခင် ရှိပြီးသား Drawing တွေကို ပြန်အသုံးချနိုင်ခြင်း။

Electrical 2009 ဆိုတော့ အယင် Version တွေနဲ့ ဆွဲထားတဲ့ Drawing တွေ သုံးမရတော့မှာ စိုးရိမ်ကြသူများ အတွက် ယခင် Version တွေနဲ့ ဆွဲထားတဲ့ Drawing တွေကိုလည်း Electrical ၀ိဥာဉ်သွင်းပြီး ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင် နိုင်ပါတယ်။

ဒါတွေက မောင်လူအေး သွားတက်တဲ့ Seminar က Presenter ရှင်းပြတာတွေနဲ့ ဒီ Booklet လေးထဲ ပါတဲ့ AutoCAD ကနေပြီး AutoCAD Electrical 2009 ကို ပြောင်းသင့်တဲ့ အကြောင်းရင်း ၁၀ ချက်ကို ဆီလျော်အောင် ဘာသာပြန်ထားခြင်းပဲ ဖြစ်ပါတယ်။

အဓိကက AutoCAD Electrical 2009 ဆိုတဲ့ အတိုင်း Electrical Specialized – M&E Works တွေ လုပ်တဲ့ ကုမ္ပဏီတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ Drafter များအတွက် အလွန်တရာမှ သင့်လျော်တယ်လို့ ဆိုချင်ပါတယ်။ အကယ်၍များ စိတ်ဝင်စားတယ် ဆိုရင် INNOCOM TECHNOLOGIES PTE LTD တည်ရှိရာ

18 Kaki Bukit Road 3
#02-04 Entrepreneur Business Centre
Singapore 415978
Tel: 67495022 Fax: 67495531
URL: http://www.innocom.com.sg/atc

ကို ဆက်သွယ်ပြီး အခမဲ့ Seminar သွားရောက်တက်ရောက်နိုင်ပါတယ်။ သူတို့က Drafter တွေနဲ့ Engineer တွေကို မိတ်ဆက် ရှင်းပြပြီးတော့ Companyရဲ့ တာဝန်ရှိသူတွေကို ၀ယ်ယူသင့်တယ် မသင့်ဘူး ပြန် တင်ပြပေးရုံပါပဲ။ မောင်လူအေး ဘာကြော်ငြာခမှ ရလို့ မဟုတ်ပါဘူးဗျာ။ မိမိ ကုမ္ပဏီက ၀ယ်သည်ဖြစ်စေ၊ မ၀ယ်သည်ဖြစ်စေ ကိုယ်ကတော့ AutoCAD Electrical 2009 ရဲ့ Feature တွေကို တွေ့မြင် ထိသိနိုင်တဲ့အတွက် အခမဲ့ ကြော်ငြာပေးလိုက်ရခြင်း ဖြစ်ပါတယ်ဗျာ။

Oct 19, 2008

At The Moment...

သဉ္ဇာဝင့်ကျော်တွင် ချစ်သူတစ်ဦးရှိ၏။ ထိုချစ်သူက အက်ဆီးဒင့်တစ်ခုကြောင့် ဆုံးသွား၏။ ဆုံးခါနီးတွင် ၎င်း၏ ရှင်လျက်ရှိသော အသည်းနှလုံးကို တိုက်ဆိုင်စွာပင် အသည်းနှလုံးလိုအပ်လျက်ရှိသော ထွန်းထွန်းအားပေးခဲ့၏။ သို့နှင့် သေဆုံးသူ၏ ရှင်ကျန်သော နှလုံးသားဖြင့် အသက်ရှင်နေသော ထွန်းထွန်းသည် မိန်းကလေးများစွာနှင့် ချစ်တမ်းကစားကာ ပွေရှုပ်တတ်၏။ ထိုသည်ကို မကြိုက်သော သဉ္ဇာဝင့်ကျော်က က၎င်း၏ ချစ်သူမောင်၏ နှလုံးသားဖြင့် များမြောင်လှသော ကောင်မလေးများအား လိုက်မကြိုက်စေရန် ၎င်းအားချစ်ရေးဆိုလာသော ထွန်းထွန်းအား လက်ခံလိုက်သောဟူ၏။

ထိုသို့ ချစ်သူဖြစ်သွားကြသည့်တိုင် အနှီမောင်ထွန်းထွန်းသည် ယခင်အတိုင်း ပွေမြဲရှုပ်မြဲ ဖြစ်ရကား သဉ္ဇာဝင့်ကျော်မှ စိတ်ဆိုး စိတ်ကောက်ဖြစ်၏။ တစ်နေ့သ၌ အနှီ မောင်ထွန်းထွန်း၏ အိမ်ဂေဟာသို့ နှစ်ဦးတည်း တက်ရောက်သော ပါတီတွင် မောင်ထွန်းထွန်းတိုက်လိုက်သော အမည်မသိ အချိုရည် တစ်မျိုးကို သောက်မိသော သဉ္ဇာဝင့်ကျော်သည် မူးနောက်နောက် ရှိလာသည်နှင့် ပြန်တော့မည်ဟု ထွန်းထွန်းအား နှုတ်ဆက်ကာ ထအပြန်…….. …………


မိုက်ကနဲ လဲကျမလို ဖြစ်သော သဉ္ဇာဝင့်ကျော်ကို မောင်ထွန်းထွန်းမှ ဆွဲအပွေ့……….

………………….

………………….

ဖြတ်ကနဲဆို…..
……………….

…………………….

မီးပျက်သွားလေတော့၏။……..

တောက်…. ကောင်းခန်းရောက်မှကွာ…. :P မြန်မာကားတွေမှာ ကောင်းခန်းရောက်ရင် ဒီလိုပဲ ဖြစ်တတ်လားမသိ။

ဇာတ်ကားထဲက မီးပျက်တာတော့ ဟုတ်ဘူး။

ကနေ့နေ့လည် ၃ နာရီလောက်မှ ဘယ်ကနေ ဘယ်လို စိတ်ကူးရတယ် မသိ။ စင်္ကာပူရမှာ မိုးတွေ တ၀ုန်းဝုန်း ရွာနေတာ။ လျှပ်စီးတွေကလည်း လက်…….. မိုးကြိုးတွေကလည်း ပစ်….

ကော်နီရဲ့…. ဟိုသီချင်းတောင် သွားသတိရမိသေး…..ဘာတဲ့…. လျှပ်စီးတွေ တဖြန်းဖြန်းလက်ပါဦး မိုးကြိုးတွေ ပစ်…. ဆိုလား ဘာဆိုလား…

တကယ်က တနင်္ဂနွေနေ့လေး နားရက်လေးကို ခွေလိပ်ပြီး ဘယ်မှ မသွားဘဲ အိမ်မှာ နှပ်ပြီး အင်တာနက်က လာတဲ့ ဓာတ်ရှင်ကြည့်နေတာဗျ။ ဇာတ်ကားနာမည်က အချစ်ကြောင့် အပြစ်ရှိသူများ…. ဆိုပဲ…

မိုးကြိုးတစ်ချက် တစ်ချက် ပစ်ချက်ကလည်း ရင်နင့်စရာ…. အဲဒီ…. မိုက်ကနဲ ဖြစ်သွားတဲ့ နေရာလည်း ကျရော အုန်းခနဲဆို မိုးကြိုးပစ်ချလိုက်တာ…. မောင်လူအေးတို့ စံမြန်းရာ စံနန်းက Main Braker ကျပြီး မီးပျက်သွားတယ်။ မယုံမရှိနဲ့ဗျို့…. ပြောတော့ စင်္ကာပူမှာ မီးမပျက်ဘူးဆို…


Oct 18, 2008

Regarding to Project Management

မောင်လူအေး မနေ့က စပြီး ကုမ္ပဏီက ပရောဂျက်တစ်ခု စပေးတယ်။ ဒီကုမ္ပဏီကို ရောက်တာ 2 လသက်တမ်း အတွင်းမှာ အယင်က Ang Mo Kio နားက စာသင်ကျောင်းလေး တစ်ခု ဆောက်လုပ်ရေးကို ကိုင်တွယ်ခိုင်းပါတယ်။ တကယ်တော့ ခုလက်ရှိ လုပ်နေရတဲ့ အဲဒီ စာသင်ကျောင်းလေးကလည်း မပြီးသေးဘူး။ မနေ့ကမှ စပြီး အစည်းအဝေးတစ်ခု သွားတက်ရတယ်။ လက်ရှိ Sentosa နဲ့ Vivocity ကြားမှာ ဆောက်နေတဲ့ Resorts World Sentosa Site ထဲက တစ်ပိုင်းမှာပေါ့။ Site က အမှန်တကယ်တမ်း အင်မတန်ကြီးတယ်။ အဲဒီ Site ကြီးကို အပိုင်းပိုင်းခွဲပြီး 2009 နိုဝင်ဘာမှာ အပြီးဆောက်မယ်လို့ ဆိုတယ်။ တကယ်တမ်း အဲဒီ ပရောဂျက် စနေခဲ့တာ 2007 နှစ်ကုန်ပိုင်းကတည်းကပါ။ မောင်လူအေးတို့ လုပ်ငန်းက Second Phase မှာမှ စရတာဆိုတော့ အခုနေမှ စ၀င်ရမှာ ဖြစ်တယ်။ အဲဒီတော့ Site မှာပျော်တဲ့ မောင်လူအေး Site ထဲ ပြန်ရောက်သွားတယ်။

ဒါက Resorts World Sentosa ရဲ့ တည်ဆောက်ပြီးရင် ဖြစ်လာမဲ့ ပုံပါ။

တကယ်တမ်း မောင်လူအေး ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲ စ၀င်ကတည်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ စ၀င်ခဲ့တာပါ။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ရဲ့ အနေအထားက မြောက်မြားလှစွာသော ညှိနှိုင်း ဆောင်ရွက်မှုပေါင်း သောင်းခြောက်ထောင်နဲ့ နိစ္စဒူဝ လုံးထွေး သတ်ပုတ်နေရတဲ့ လုပ်ငန်းခွင် ဖြစ်ပါတယ်။ အသက် ၂၀ စွန်းစွန်းမှာ မောင်လူအေး Site ထဲ စ၀င်တော့ ရှေ့ကရောက်နှင့် နေကြပြီးတဲ့ Senior ကြီးများရဲ့ ဖေးမဆွဲခေါ်မှုနဲ့ အလွန်တရာမှ အဆင်ပြေချောမွေ့ခဲ့တယ်။

Site ဆိုတဲ့ သဘောသဘာဝက နေ့စဉ်နဲ့ အမျှ ပြဿနာတွေ ရှိတယ်။ ပြင်ဆင်မှု ပြောင်းလဲမှုတွေလည်း အနာမတဂ္ဂ ဆိုတော့ ကနေ့ တစ်မျိုး တပ်ဆင်ထားခဲ့တယ်။ နောက်နေ့ကျ ဒါမျိုး မဟုတ်တော့ ပြန်ဘူး။ ခဏခဏကို ပြောင်းတယ်။ အဲလို ပြောင်းလဲမှု ကြုံတဲ့အခါ အယင်သတ်မှတ်ထားတာကို လက်မှတ်ထိုးထားခဲ့ရင် ပြင်ဆင်မှုအတွက် အခကြေးငွေ ပြန်ရပြီးတော့ မထိုးထားခဲ့မိလို့ကတော့ အတော်ကို စကားပြောရပါတယ်။

အဲဒီ အထဲမှာမှ များပြားလှသော လုပ်ငန်းလုပ်ဆောင်တဲ့ အဖွဲ့ငယ်လေးတွေ အစုလိုက် အစုလိုက်ဆိုတော့ ပိုင်ရှင် ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ ညှိရ၊ အချင်းချင်း ညှိရ၊ အတော်လေး စိတ်ညစ်ရတယ်။ ကဲ စိတ်ညစ်တယ်ပြောရင် ဘာလို့လုပ်နေသေးလဲ ပြောစရာ ရှိပါတယ်။ အဲလို ညှိနှိုင်းတိုင်ပင်မှု အခက်အခဲလေးတွေ ရှိတဲ့နေရာတိုင်းမှာ ညှိနှိုင်းလို့ တိုင်ပင်လို့ အဆင်ပြေချောမွေ့သွားရင် အင်မတန်မှ ပျော်စရာ ကောင်းပါတယ်။

ဒီအဆောက်အဦကြီး အမြန်ဆုံးနဲ့ အကောင်းဆုံး ပြီးမြောက်ရေး ဆိုတဲ့ တူညီတဲ့ ရည်ရွယ်ချက် တစ်ခုတည်းနဲ့ အားလုံးက လုပ်ဆောင်နေကြတဲ့ အတွက် ညှိနှိုင်းတိုင်ပင် ငြင်းခုန်ကြတယ်ဆိုတာဟာ အားလုံးက ရည်ရွယ်ချက် ကောင်းလေးတွေနဲ့ ပါပဲ။ တူညီတဲ့ ရည်ရွယ်ချက်ကို မူတည်ပြီး ပြိုင်ဆိုင် ငြင်းခုန်ကြရင်း ပြေလည်သွားပြီဆိုရင် ရတဲ့ ပီတိဟာ ဘာနဲ့မှ မတူပါဘူး။ ၁၀၀ တန်တဲ့ အန္တိမရည်မှန်းချက်ကြီး အောင်မြင် ပြီးမြောက်ဖို့အတွက် ၁၀ တန် အကြောင်းအရာလေးတစ်ခု ဖြတ်ကျော် အောင်မြင်သွားတာပါပဲ။ ရံဖန်ရံခါမှာ ဖြစ်ပေါ်လာတဲ့ ညှိနှိုင်းမှုက အကျပ်အတည်းဘက်ကို ဦးတည်သွားပြီဆိုရင် အဲဒီနေရာကနေ ထွက်ကို ပြေးချင်လောက်အောင် စိတ်ထဲ ဖြစ်တတ်ကြတယ်။

အခါများစွာပဲ Site ထဲမှာ ပြဿနာတက်ပြီ ဆိုရင် မောင်လူအေးတို့ အော်ဆိုနေကျ သီချင်းလေး တစ်ပုဒ်ရှိတယ်။ တစ်ခါတလေတော့လည်း အဝေးဆုံးကို ထွက်ပြေးသွားချင်ပေမဲ့လည်း ကိုယ့်ရဲ့ စိတ်တွေ အမြဲတမ်း မင်းဆီမှာပဲ …. ဆိုတဲ့ သီချင်း အပိုင်းလေးပေါ့…

တော်ပြီ… ဒီ Site ပြီးရင်တော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲ မလုပ်တော့ဘူး။ အလုပ်ပြောင်းတော့မယ်ကွာ ဆိုတဲ့ အတွေးမျိုး မပေါ်ဘဲနဲ့တော့ ဘယ်ဆောက်လုပ်ရေး လုပ်ငန်းမှ လက်စသတ် ပြီးသွားလေ့ မရှိဘူး။ ဒါပေမဲ့ အဲဒီအတွေးတွေက ကိုယ်တွေ ကျားကုတ်ကျားခဲ ညှိနှိုင်းတိုင်ပင် ငြင်းခုန်ပြီး တည်ဆောက်ထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းပြီးသွားတဲ့ နောက်မှာ အဲဒီ အဆောက်အဦးကို ကြည့်ပြီး ရလာတဲ့ ပီတိကပဲ အဲဒီ အတွေးတွေကို ချေဖျက်ပြီးသား ဖြစ်သွားပါလေရောဗျာ။ နောက်တစ် Site စတော့မယ် မင်းမပါတော့ဘူးလား မေးစရာကို မလိုလောက်အောင် တစ် Site မပြီးသေးဘူး နောက်တစ် Site အတွက် ဆာဗေးစဆင်း တိုင်းထွာတွက်ချက် လုပ်ကြတဲ့ အခါမှာလည်း ငြင်းဆန်မှုမရှိဘဲ အလိုက်သင့်ပါနေုပြန်ရော။ အဲဒီအတွက်လည်း Site ထဲပျော်တဲ့ Site ပျော် အင်ဂျင်နီယာများ ဆိုက်ထဲကနေ အခြား အဲယားကွန်းအပြည့်တပ်ထားတဲ့ ရုံးခန်းထဲ ထိုင်လုပ်ရမယ့် အလုပ်သာ ပေးလို့ကတော့ တီကောင်ကို ဆားနဲ့ ပက်သလို တွန့်လိမ် တွန့်လိမ်နဲ့ ပြဿနာတွေ ပြည့်နှက်နေတဲ့ Site ထဲပဲ ပြန်ခြေချချင် နေကြတာပါပဲ။

အယင်ရောက်နှင့်နေတဲ့ Senior တွေက ကူညီဆွဲခေါ်တာ အတော်လေး ကောင်းတဲ့ အတွက်သာ မောင်လူအေးအနေနဲ့ အတော်လေး အဆင်ပြေ ချောမွေ့ခဲ့ခြင်း ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်လမ်းညွှန်၊ Project Management ဆိုပြီး စာအုပ်စာတမ်းတွေလည်း မဖတ်ခဲ့ရ။ မသင်ခဲ့ရလေတော့ အတော်လေး ကသိကအောင့် နိုင်ခဲ့တယ်။ အဲဒီတော့ Project Management ဆိုတဲ့ ဗိုလ်လို ရေးထားတဲ့ စာလေးတွေ ရှာဖတ်ဖြစ်တယ်။ ရှာဖတ်ဖြစ်တော့လည်း တစ်ခေါက်ဖတ်လိုက်ပြီးရင် ခဏပဲ မှတ်မိပြီး ခဏနေရင် မေ့မေ့ ပျောက်ပျောက် ဖြစ်သွားလေ့ရှိပါတယ်။ အဲလို ဖြစ်မသွားစေချင်လို့ ကိုယ်ဖတ်ထားတဲ့ စာလေးတွေကို မြန်မာပြန်ပြီး ဘလော့ထဲ တင်ထားရင် ကိုယ်တိုင်လည်း ပြန်ဖတ်ဖို့ ရသလို ဖတ်ချင်သူများလည်း လာရောက် ရှာဖွေ ဖတ်ရှုနိုင်မယ်လို့ တွေးမိတယ်။ အဲလို တွေးမိခြင်းရဲ့ အစခြေလှမ်းအနေနဲ့ Project Planning ကို စတင် ဘာသာပြန်လိုက်ပါတယ်။ အော်ရီချင်တယ် ဗားရှင်းကို ဖတ်ချင်ရင်တော့ ဒီမှာ သွားရောက် ဖတ်ရှုနိုင်သလို ပီဒီအက်ဖ်နဲ့လိုချင်သပ ဆိုရင်လည်း ဒီနေရာလေးမှာ ရယူနိုင်ပါတယ်ဗျာ။ မူရင်း စာရေးသူက Duncan Haughey, PMP ဖြစ်ပါတယ်။ အကြောင်းအရာ အနေနဲ့ ကောင်းမွန်တယ်ဆိုရင် မူလစာရေးသူရဲ့ အရေးအသား ကောင်းခြင်းကြောင့် ဖြစ်ပြီး ဖတ်လို့ နားရှုပ်မယ်ဆိုရင်တော့ မောင်လူအေးရဲ့ ဘာသာပြန် ညံ့ဖျင်းမှု ကြောင့်သာ ဖြစ်ပါကြောင်း။

***********************************************************************************************

လုပ်ငန်းအစီအစဉ် ချမှတ်ခြင်း နည်းစဉ်တစ်ခုချင်းလမ်းညွှန်

အောင်မြင်သော Project တစ်ခု၏ အဓိကသော့ချက်သည် အစီအစဉ်ချမှတ်ခြင်းပဲ ဖြစ်တယ်။ ဘယ်လိုမျိုး Project ကိုပဲ ကိုင်တွယ်တာပဲဖြစ်ဖြစ် အစကနဦး လုပ်ဆောင်ရမဲ့ အချက်က အစီအစဉ်ချမှတ်ခြင်းပဲ။ ရံဖန်ရံခါမှာ လုပ်ငန်းစတင်လိုဇောနဲ့ ဒီအဆင့်ကို လျစ်လျူရှုထားခဲ့တတ်ကြတယ်။ ဒီအတွက်လည်း အချိန်ကုန်၊ ငွေကုန် သက်သာပြီး အခက်အခဲအမြောက်အမြားကို လျော့နည်းစေတဲ့ Project အစီအစဉ်ရဲ့ အသုံးတည့်ပုံတန်ဖိုးကို လူအတော်များများ သတိမပြုမိတတ်ကြဘူး။ ဒီဆောင်းပါးပါ အချက်အလက်တွေဟာ ပရောဂျက် အစီအစဉ်ချမှတ်ခြင်းအတွက် ရိုးစင်းပြီး လက်တွေ့ကျတဲ့ အချက်လေးတွေနဲ့ စုစည်းထားတယ်။ ဒီဆောင်းပါးကို ဖတ်ပြီးတဲ့နောက်မှာ နောက်ထပ် ကိုင်တွယ်ရမဲ့ Project တွေအတွက် အသုံးတည့်မဲ့ ပြည့်စုံခိုင်လုံတဲ့ Project အစီအစဉ်ချမှတ်နည်းကို ရရှိပါလိမ့်မယ်။

အဆင့် ၁ Project ရည်မှန်းချက်များ

Project တစ်ခုမှာ ပါဝင်ရင်းနှီးမြှုပ်နှံတဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ လိုအပ်ချက်များ ပြည့်စုံစေမယ်ဆိုရင် Project ဟာ အောင်မြင်တယ်။ ရင်းနှီးမြှုပ်နှံသူများထဲမှာ Project နဲ့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပတ်သက်နေတဲ့ မည်သူကိုမဆို ဆိုလိုတယ်။ ဒါကြောင့် ပထမအဆင့်မှာ မိမိပါဝင်ကိုင်တွယ်မဲ့ Project မှာ ရင်းနှီးမြှုပ်နှံသူတွေက ဘယ်သူတွေလည်း ဆိုတာသိအောင်လုပ်ရမယ်။ Project တစ်ခုရဲ့ ရင်းနှီးမြှုပ်နှံသူတွေကို သိအောင်လုပ်ရတာ အမြဲတမ်း လွယ်ကူလေ့တော့ မရှိဘူး။ အထူးသဖြင့် တဆင့်ခံ ပါဝင်ပတ်သက်နေတဲ့ သူတွေဆို ပိုဆိုးတာပေါ့။ ရင်းနှီးမြုပ်နှံသူတွေကို သာဓက အနေနဲ့ ပြောရရင်

• Project Sponsor
• Project ရဲ့ သဘောတူညီထားတဲ့ လွှဲအပ်ရမဲ့ အရာတွေကို လက်ခံမဲ့သူ
• Project ရလာဒ်တွေကို အသုံးပြုမဲ့ သူများ
• Project မန်နေဂျာ နှင့် Project အဖွဲ့

ရင်းနှီးမြှုပ်နှံသူတွေဘယ်သူတွေလဲဆိုတာကို သိပြီးတဲ့နောက်မှာ နောက်တစ်ဆင့်က သူတို့ရဲ့ လိုအပ်ချက်တွေကို စာရင်းပြုရမယ်။ အကောင်းဆုံးနည်းလမ်းကတော့ ရင်းနှီးမြှုပ်နှံသူနဲ့ လူတွေ့ ဆွေးနွေးခြင်းပဲ ဖြစ်တယ်။ တကယ်အကျိုးသက်ရောက်မှုရှိတဲ့ အမှန်တကယ်လိုအပ်ချက်တွေကို စုစည်း စာရင်းလုပ်နိုင်ဖို့ အချိန်ယူပြီး တွေ့ဆုံဆွေးနွေးပါ။ ရံဖန်ရံခါမှာ မြှုပ်နှံသူက လုပ်ငန်းနဲ့ တိုက်ရိုက် မပတ်သက်တဲ့အမှန်တကယ် အကျိုးသက်ရောက်မှုလည်း မရှိတဲ့ အချက်တွေကိုလည်း ပြောလိမ့်မယ်။ ဒီ အချက်တွေကို အရေးပါမှုနည်းတဲ့ အချက်များ အဖြစ်မှတ်သားထားနိုင်တယ်။ ဒီလို တွေ့ဆုံ ဆွေးနွေးမှုတွေ ပြီးတဲ့နောက်မှာ လိုအပ်ချက်များကို ဦးစားပေး အစဉ်အလိုက် စီထားတဲ့ ရိုးရှင်းလွယ်ကူတဲ့ စာရင်းတစ်ခု ပြုစုပါ။ ဒီ ဦးစားပေး အဆင့်အလိုက် စာရင်းက နေပြီးတော့ လွယ်လင့်တကူ ဖြတ်ကျော်အောင်မြင်နိုင်မဲ့ ရည်မှန်းချက်များ အဖြစ် ပြန်လည် တည်ဆောက်ပါ။ ဒီအဆင့်ကို လုပ်ဆောင်ဖို့ SMART Principle (Smart Principle များကို ထပ် ဘာသာပြန် ပါဦးမယ်။) များအရ သုံးသပ်ပြီး လုပ်ဆောင်ပါ။ ဒီနည်းလမ်းအရ ရည်မှန်းချက်တစ်ခု အောင်မြင်တိုင်းမှာ အလွယ်တကူ သိရှိစေနိုင်တယ်။ ရိုးစင်းရှင်းလင်းတဲ့ ရည်မှန်းချက်များ စာရင်းပြုပြီးနောက်မှာ အဲဒီရည်မှန်းချက်တွေကို ပရောဂျက် အစီအစဉ်မှာ ထည့်သွင်းမှတ်တမ်းတင်ပါ။ Project မှာ ရင်းနှီးမြှုပ်နှံသူများရဲ့ လိုအင်များ မျှော်လင့်ချက်များကိုလည်း ထည့်သွင်းရေးသားမယ်ဆိုရင် ပိုပြီး အသုံးတည့်ပါလိမ့်မယ်။ ဒါဆိုရင် Project အစီအစဉ် ချမှတ်ခြင်းရဲ့ အခက်ခဲဆုံး အဆင့်ကို ကျော်လွန်ပြီးမြောက်ခဲ့ပြီဖြစ်ပါတယ်။ ဆက်လက်လုပ်ဆောင်ရမဲ့ အချက်ကတော့ Project ရဲ့ ပေးအပ်ရမဲ့ ရလာဒ်များကို လေ့လာရမှာပဲ ဖြစ်တယ်။

အဆင့် ၂ Project ၏ လွှဲအပ်ရမဲ့ ရလာဒ်များ

အဆင့် ၁ မှာ ပြုစုထားတဲ့ ရည်မှန်းချက်များကို အသုံးပြုပြီး အဲဒီရည်မှန်းချက်များ အထမြောက် အောင်မြင်စေဖို့ Project ရဲ့ လွှဲပြောင်းပေးအပ်ရမဲ့ အကြောင်းအရာများ စာရင်းပြုစုပါ။ အချက် တစ်ချက်ချင်းအတွက် ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ လွှဲအပ်ရမယ်ဆိုတာကိုပါ တိတိကျကျ ပြုစုပါ။ Project ရဲ့ လွှဲပြောင်းပေးအပ်ရမဲ့ ခန့်မှန်းလွှဲအပ်ရမဲ့ နေ့စွဲကိုလည်း ထည့်သွင်းပါ။ နောက်တစ်ဆင့်ဖြစ်တဲ့ Project အချိန်ဇယား ရေးဆွဲတဲ့အခါ ပိုမိုတိကျသေချာတဲ့ လွှဲပြောင်းပေးအပ်ရမဲ့ နေ့ရက်များကို ထည့်သွင်းရပါမယ်။

အဆင့် ၃ ပရောဂျက်အချိန်ဇယား

အဆင့် ၂ မှာ ပြုစုပါရှိတဲ့ လွှဲပြောင်းပေးအပ်ရမဲ့ အချက်တစ်ချက်ချင်းစီအတွက် လုပ်ဆောင်ရမဲ့ လုပ်ငန်းဆောင်တာများ စာရင်းပြုစုပါ။ အချက်တစ်ချက်ချင်းစီအတွက် အောက်ပါအချက်များ ပါဝင်ပါလိမ့်မယ်။

• လုပ်ငန်းဆောင်တာများ ပြီးမြောက်ဖို့ လိုအပ်တဲ့ အားစိုက်ထုတ်မှုများ (ဘယ်နှစ်နာရီ (သို့) ဘယ်နှစ်ရက်)
• လုပ်ငန်းဆောင်တာများ လုပ်ဆောင်မဲ့ အရင်းအမြစ်များ

လုပ်ငန်းဆောင်တာများ လုပ်ဆောင်ဖို့ လိုအပ်တဲ့ အားစိုက်ထုတ်မှုများ စာရင်းပြုပြီးတဲ့နောက်မှာ လွှဲပြောင်းပေးအပ်ရမဲ့ အချက်တစ်ချက်ချင်းစီအတွက် လိုအပ်တဲ့ အားစိုက်မှုများနှင့် ပိုမိုတိကျတဲ့ လွှဲအပ်မဲ့ နေ့ရက်တို့ကို ထုတ်နှုတ်တွက်ချက်နိုင်ပါလိမ့်မယ်။ လွှဲပြောင်းပေးအပ်ရမဲ့ စာရင်းများ အခန်းကဏ္ဍကို ပိုမိုတိကျတဲ့ လွှဲပြောင်းပေးမဲ့ နေ့စွဲများနှင့် ပြင်ဆင်သတ်မှတ်ပါ။ အစီအစဉ်ချမှတ်ခြင်းရဲ့ ဒီအဆင့်မှာ Microsoft Project လိုမျိုး Software မျိုးနဲ့ Project အချိန်ဇယားကို ရေးဆွဲနိုင်ပါတယ်။ အခြားသော အခမဲ့ရရှိနိုင်တဲ့ နမူနာပုံစံများနဲ့လည်း ရေးဆွဲနိုင်ပါတယ်။ လွှဲအပ်ရမဲ့ အချက်များ၊ လုပ်ငန်းဆောင်တာများ၊ ကြာမြင့်ချိန်များ နဲ့ ဒီလုပ်ငန်းဆောင်တာတွေကို ဘယ်သူတွေက လုပ်ဆောင်မယ်ဆိုတဲ့ အရင်းအမြစ်များ အားလုံးကို ထည့်သွင်းရေးဆွဲပါ။

ဒီနေရာမှာ အများအားဖြင့် တွေ့ရတတ်တဲ့ အခက်အခဲတစ်ခုက Project Sponsor က ပေးထားတဲ့ လွှဲအပ်ရမဲ့ နေ့နဲ့ မိမိ ရေးဆွဲထားတဲ့ ခန့်မှန်း လွှဲအပ်နိုင်မဲ့ နေ့တို့က မတူညီ ကွဲပြားနေတာပဲ ဖြစ်ပါတယ်။ ဒီလို အဖြစ်မျိုး ကြုံလာခဲ့မယ်ဆိုရင် Project Sponsor နဲ့ ချက်ချင်း ဆက်သွယ် ဆောင်ရွက်ပါ။ ဒီ အခြေအနေမှာ ရွေးချယ်နိုင်တဲ့ နည်းလေးတွေက

• Project အဆုံးသတ်နေ့ရက်ကို ပြန်လည် ညှိနှိုင်းခြင်း ( ကြန့်ကြာပါမယ်)
• အရင်းအမြစ် (လူအင်အားစသည်) ထပ်တိုးခန့်ထား သုံးစွဲခြင်း ( ကုန်ကျမှု မြင့်မားလာပါမယ်။)
• Project ရဲ့ လုပ်ကွက် လျှော့ချခြင်း (လွှဲပြောင်းပေးအပ်ရမဲ့ အချက်လျော့သွားပါမယ်။)

တို့ပဲ ဖြစ်ကြပါတယ်။

အထက်ပါ အချက်များထဲက တစ်ခုခုကို ရွေးချယ်ပြီး Project အချိန်ဇယားကို ချိန်ညှိပါ။

အဆင့် ၄ အထောက်အကူပြုအစီအစဉ်များ

Project အစီအစဉ် ချမှတ်ခြင်း နည်းစဉ်ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ဒီအပိုင်းကို ထည့်သွင်းရေးဆွဲ ရပါမယ်။ Project အစီအစဉ်ထဲမှာလည်း တိုက်ရိုက် ထည့်သွင်းရေးဆွဲနိုင်ပါတယ်။

လူစွမ်းအားအရင်းအမြစ် အစီအစဉ်

Project မှာ ဦဆောင်ဦးရွက် လုပ်ဆောင်မဲ့ လူတစ်ဦးချင်း နှင့် အဖွဲ့အစည်းအလိုက် အမည်နာမများကို ထည့်သွင်းရေးဆွဲပါ။ တစ်ဦးချင်း တစ်ဖွဲ့ချင်းစီအတွက် Project ရဲ့ သူတို့ရဲ့ အခန်းကဏ္ဍနဲ့ လုပ်ဆောင်ရမဲ့ တာဝန်ဝတ္တရားများကို ဖော်ပြပါ။

ထပ်မံ၍ Project ကို ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ လူအရေအတွက်နဲ့ ကျွမ်းကျင်မှုများကို ဖော်ပြပါ။ အရင်းအမြစ်တစ်ခုစီအတွက် အသေးစိတ် လုပ်ငန်းစတင်ရက်၊ ခန့်မှန်း ကြာမြင့်ချိန်၊ လုပ်ငန်းပြီးမြောက်စေဖို့ လုပ်ဆောင်မဲ့ နည်းစနစ်တို့ကို ပါဝင်အောင် ထည့်သွင်းပါ။ အဲဒီအချက်အလက်တွေ အားလုံးပါဝင်တဲ့ စာရင်းတစ်စောင် ပြုစုပါ။

ဆက်သွယ်မှု အစီအစဉ်

Project နှင့် ပတ်သက်၍ ဘယ်သူတွေဆီကို ဘယ်လိုနည်းနဲ့ ဆက်သွယ် သတင်းပို့ရမယ်ဆိုတာတွေ ပါဝင်တဲ့ စာရင်းတစ်ခု ပြုစုပါ။ အသုံးအများဆုံး စနစ်ကတော့ Project ဘယ်လို လည်ပတ်နေကြောင်း ရရှိဖြစ်ပေါ်နေတဲ့ ထူးခြားဖြစ်စဉ်များနဲ့ နောက်လာမဲ့ အချိန်ပိုင်းအတွက် ဘာတွေ လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်း အချက်တွေ ပါဝင်တဲ့ အပတ်စဉ် (သို့) လစဉ် ဖြစ်ပေါ်တိုးတက်မှု အစီရင်ခံစာပဲ ဖြစ်တယ်။

အန္တရာယ် ကြီးကြပ်ကိုင်တွယ်မှု အစီအစဉ်

အန္တရာယ် ကြီးကြပ် ကိုင်တွယ်မှုသည် Project ကြီးကြပ်ကွပ်ကဲမှုရဲ့ အဓိကကျတဲ့ အစိတ်အပိုင်း ဖြစ်တယ်။ ရံဖန်ရံခါမှာ မျက်စိလျှမ်းပြီး ကျော်သွား တတ်ကြပေမဲ့လို့ Project အတွင်းမှာ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတွေ အများကြီး ရှိနေပြီးတော့ ဆိုးရွားတဲ့ ထိခိုက်မှုဖြစ်လာခဲ့ရင် ဘယ်လိုကိုင်တွယ်မယ်ဆိုတာ ဖော်ပြထားဖို့ လိုပါတယ်။

ပုံမှန် Project တစ်ခုရဲ့ ပတ်သက်တဲ့ အန္တရာယ်တွေထဲက အချို့မှာ

• အချိန်နဲ့ ကုန်ကျမှု ခန့်မှန်းချက်များက အလွန်အမင်း အကောင်းမြင်ထားခြင်း
• သုံးစွဲသူရဲ့ သုံးသပ်မှုနဲ့ တုံ့ပြန်မှု လုပ်ငန်းစဉ် အလွန်နှေးကွေးခြင်း
• မမျှော်လင့်တဲ့ ငွေကြေးပြတ်တောက်မှုများ
• အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရား ရှင်းလင်းပြတ်သားမှု မရှိခြင်း
• မြှုပ်နှံသူရဲ့ ပါဝင်မှု ရအောင် မကြိုးစားနိုင်ခြင်း နှင့် သူတို့ရဲ့ လိုအပ်မှုကို ရှင်းရှင်းလင်းလင်း နားမလည်ခြင်း
• Project စတင်ပြီးချိန်မှ မြှုပ်နှံသူက ၎င်းတို့ရဲ့ လိုအပ်ချက်တွေ ပြောင်းလဲခြင်း
• Project စတင်ပြီးတဲ့ နောက်မှ မြှုပ်နှံသူက လိုအပ်ချက် အသစ်တွေ ထပ်တိုးခြင်း
• အဓိပ္ပာယ်ကောက်လွဲခြင်းများ၊ စံသတ်မှတ်ချက် ပြဿနာနှင့် ထပ်ထပ်လုပ်နေရခြင်း တို့ဖြစ်စေတဲ့ ဆက်သွယ်ဆောင်ရွက်မှုအားနည်းခြင်း
• အရင်းအမြစ် သတ်မှတ်ချက်များ ချို့ယွင်းခြင်း

အန္တရာယ်များကို အန္တရာယ် ဖြေရှင်းနည်းစဉ်အတိုင်း လိုက်ပါဆောင်ရွက်နိုင်တယ်။ သိထားတဲ့ အန္တရာယ်ဖြစ်စေတဲ့ အချက်တွေကို အန္တရာယ်ဖြစ်စေတဲ့ အချက်စာရင်းမှာ ထည့်သွင်းထားပြီး ဖြစ်ပေါ်လာခဲ့ရင် ဘယ်လို ဖြေရှင်းမယ် ဆိုတာကိုပါ ရေးသွင်းထားပါ။ အဲဒီလို အန္တရာယ်မျိုး နောက်ထပ် ဖြစ်ပေါ်မှု မရှိစေအောင် ဘယ်လို ကာကွယ်မယ် ဆိုတာကိုပါ ထည့်သွင်းပါ။ အန္တရာယ်ဖြစ်မှု စာရင်းကို အစဉ်အမြဲ စောင့်ကြည့်လေ့လာနေဖို့လိုအပ်ပြီး နောက်ထပ် ဖြစ်ပေါ်လာတတ်တဲ့ Project ကာလအတွင်း အန္တရာယ်တွေကို ထပ်မံ ဖြည့်စွက်နေဖို့ လိုပါတယ်။ အန္တရယ်တွေကို ခဏလေး ရှောင်ဖယ်လိုက်ရုံနဲ့ အဲဒီအန္တရယ်က ပြီးပြတ် မသွားဘူးဆိုတာတော့ အမြဲ သတိပြုဖို့လိုပါတယ်။

အထက်က ဖော်ပြခဲ့တဲ့ နည်းစနစ်တွေကို အသုံးချပြီးတော့ Project အစီအစဉ်ကောင်းတစ်ခု ဆွဲလို့ ရသွားပါပြီ။ အစဉ်သတိချပ်နေဖို့က အစီအစဉ်ကို ဖြစ်ပေါ်တိုးတက်မှုတွေ အမြဲ စိစစ်ဖြည့်သွင်းနေဖို့နဲ့ အစီအစဉ်နဲ့ သုံးသပ်နေဖို့ပါပဲ။

Oct 14, 2008

ရိုက်ဖြစ်တဲ့ ဓာတ်ပုံ တချို့ (၇)



စင်္ကာပူမှာ အလုပ်လာရှာကြတဲ့ ရွှေမြန်မာများ အလုပ်မရခင် သွားကြတဲ့ နေရာတွေထဲက တစ်ခု။ ကွန်ရင်မယ်တော် ကျောင်းပါ။ Bugis ဘူတာ အနီးဝန်းကျင်မှာ တည်ရှိပြီးတော့ ရွှေမြန်မာများ အရောက်အပေါက်များရာ ပန်နီဆူလား ပလာဇာကနေ လမ်းလျှောက်မယ်ဆိုရင်လည်း မိနစ် ၂၀ ခန့်ကနေ အများဆုံး နာရီဝက်ခန့် လျှောက်မယ်ဆို ရောက်တဲ့ အကွာအဝေးမှာ တည်ရှိပါတယ်။ ကျောင်းဝင်းအတွင်းမှာတော့ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ခွင့် ပိတ်ပင်တားမြစ်ထားပြီး လာရောက် ဖူးမျှော် ကြည်ညို ဆုတောင်းကြသူတွေနဲ့ အစဉ်သဖြင့် စည်ကားနေတတ်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ကျောင်းဝင်းထဲ ၀င်လိုက်မယ်ဆိုရင် အ၀င်ဝနားမှာတင် အမွှေးတိုင်ထွန်း ဆုတောင်းနိုင်တဲ့ နေရာရှိတယ်။ အတွင်းရောက်လို့ ဗုဒ္ဓမြတ်စွာဘုရားနဲ့ ကွန်ရင်မယ်တော်တို့ကို ဦးချကန်တော့ပြီးပြီ ဆိုရင်တော့ ဘေးနားမှာ စာချပြီး ကံကြမ္မာဟောစာတမ်းလေးတွေ ထုတ်ယူနိုင်အောင် စာဗူးလေးတွေ ယူပြီး စာချလို့ ရတယ်။ အဲ စာချလို့ ကျလာတဲ့ တုတ်ချောင်းလေးပေါ်က တရုတ်လို ရေးထားတဲ့ ဟောစာတမ်းက ဘာကို ဆိုလိုတယ်ဆိုတာတော့ စာဗူးလေး ပြန်အပ်ပြီး ဟောစာတမ်းစာရွက်လေးတွေ လဲယူလို့ ရသလို၊ စာအုပ်နဲ့ ဖတ်လိုတဲ့ သူတွေကလည်း အလွယ်တကူ ဖတ်ရှုနိုင်စေဖို့ စာအုပ်လေးတွေ ထားထားပေးတာတွေ့ရပါတယ်။



ကွမ်ရင်မယ်တော်ကျောင်းနားက ဘုရားပန်းရောင်းတဲ့ ပန်းဆိုင်တစ်ခု။ Bugis Village ၀န်းကျင် တစ်နေရာ။



စနေ၊ တနင်္ဂနွေလို လူသွားလူလာများတဲ့ နေ့မျိုးတွေမှာ တွေ့ရတတ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ကြေးရောင် ဖြစ်စေအောင် လိမ်းခြယ်သပြီး တကယ့် ကြေးရုပ်ပုံစံမျိုး မလှုပ်မယှက် ရပ်နေပြတာမျိုးပါ။ လမ်းသွားလမ်းလာတွေက ရပ်ကြည့်ပြီး သဘောကျရင် ဓာတ်ပုံတွဲရိုက်တာမျိုး၊ ဆုချခဲ့တာမျိုး ပိုက်ဆံတွေ ရတတ်ပါတယ်။ ပုံစံတစ်မျိုးကို မိနစ် အနည်းငယ်ကြာရပ်ပြပြီးရင် နောက်တစ်မျိုး ပြောင်းတယ်။ ဓာတ်ပုံရိုက်ခဲ့တဲ့နေ့ကတော့ ဓာတ်ပုံရိုက်ပြီး မကြာဘူး မိုးရွာမလို ဖြစ်လာတာနဲ့ ကြေးရုပ်လည်း ကြေးရုပ်မလုပ်နိုင်တော့ဘဲ သုတ်သုတ် သုတ်သုတ်နဲ့ အထုပ်လေး သိမ်းပြီး ပြန်သွားတာ တွေ့ရပါတယ်။ မိုးရွာရင် သူလိမ်းထားတာတွေနဲ့ မလွယ်ဘူးလေ။



စင်္ကာပူနိုင်ငံက ဆိုက္ကားဂိတ်တစ်ခု။ ကွန်ပျူတာနဲ့ အီလက်ထရွန်းနစ် ပစ္စည်းတွေ ရောင်းတဲ့ ဆင်းလင်း စကွဲယားနားက မီးပွိုင့်တစ်ခု



Go Green! Go Green! လို့လျှောက်လျှောက် အော်တတ်ပြီးတော့ လျှပ်စစ်စွမ်းအင်တွေကို အလဟဿလုပ်ထားတဲ့ အလှဆင် ရေပန်းတစ်ခု

ယခင်...
ရိုက်ဖြစ်သော ဓာတ်ပုံများ (၅)
ရိုက်ဖြစ်သော ဓာတ်ပုံများ (၄)
ရိုက်ဖြစ်သော ဓာတ်ပုံများ (၃)
ရိုက်ဖြစ်သော ဓာတ်ပုံများ (၂)
ရိုက်ဖြစ်သော ဓာတ်ပုံများ

Oct 13, 2008

အချစ်ဆိုသည်မှာ...

ပုံကို ဒီက ယူပါတယ်

သူမြင်မှာစိုး၊
ခိုးခိုး၍ကြည့်၊
မသိစိတ်ထဲ၊
စွဲမြဲခိုင်မာ၊
မေတ္တာတရား၊
သစ္စာထားဖြစ်၊
အချစ်တဲ့လား…
ငယ်ငယ်က ကဗျာရူးရူးပြီး ရေးတတ်စ လက်စမ်း လျှောက်ရေးတဲ့ လေးလုံးစပ် ကဗျာလေးပါ။ နောက်ဆုံးမှာ အချစ်တဲ့လား… ဆိုတာနဲ့ ဆုံးထားတဲ့ အတွက် အချစ်ဆိုတာကို မောင်လူအေး တစ်ယောက် နားမလည် သေးဘူးလို့ ပြောလို့ရမယ် ထင်ပါတယ်။ အဲလို နားမလည်တော့ အချစ်ဆိုသည်မှာ ဆိုတာကို ရေးစရာ မလိုတော့ဘူး ပေါ့နော်။ ဒေါ်တူး… :D

တကယ်က တက်ဂိမ်းဆိုတာ သူများတွေ ပျော်ပျော်ပါးပါး တက်ကြတာတွေ ရူးချင်ယောင်ဆောင်ပြီး လိုက်လိုက် ဖတ်နေခဲ့စဉ်က တော်တော်လေး ဖတ်လို့ ကောင်းတယ်ဗျ။ ဖတ်မဲ့သာ ဖတ်တာ ဖတ်ပြီး ကော်မန့်လေးများ သွားရေးလိုက်မိလို့ ကိုယ့်ကို ပြန်တက်နေမှ ဟုတ်ပေ့ဆိုပြီး တက်ဂိမ်းပို့စ်တွေကို ဖတ်ပြီး သဘောကျရင်တောင်မှ ကွန်မန့် မပေးဘဲ တိတ်တိတ်လေး ထထပြန်ခဲ့တာ များတယ်။ ခုတော့လည်း ဘယ် တတ်နိုင်မလဲပေါ့နော။ မရေးမချင်းလည်း စီဘောက်မှာ အော်လိုက် ဂျီတော့မှာ လာပြောလိုက် ဆိုတော့ ရေးမှပဲ အေးမှာပါလေ။ ဟ ဟ ဟ

ကဲ စမယ်ဗျာ။

အဟမ်း အဟမ်း

အချစ်ဆိုတာ လူနဲ့ တပါတည်း မွေးဖွားလာတယ်လို့ ပြောမယ် ဆိုရင်တောင် နည်းနည်း လွဲမယ်ထင်တယ်။ အုဝဲ ဆိုပြီး အော်သံပေးပြီး လူ့လောကကို ဒါပဲကွ ဆိုပြီး ခြေချ ရောက်မလာခင် ကတည်းက မွေးဖွားလာမဲ့ သားသမီးလေးကို မိခင် ဖခင်တို့က ကောင်းမွန် ချောမွေ့စွာ မွေးဖွားနိုင်စေရေး အချစ်စိတ်နဲ့ ဂရုတစိုက် စောင့်ရှောက်ခဲ့ရတယ် မဟုတ်ပါလားဗျာ။ ဆိုတော့ အချစ်ဆိုတာ ကျွန်တော်တို့ မမွေးခင်ကတည်းက ရှိနေတာပါပေါ့။

အဲ… မွေးဖွားလာပြီးတဲ့ နောက်မှာလည်း ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်ကနေ လူဖြစ်အောင်ကျွေး၊ မှက်ခြင်ယင် မသန်းရအောင် ဂရုစိုက်ရ ပြန်တယ်ဗျ။ ဆိုတော့ မွေးဖွားပြီးနောက် လူလားမြောက်တဲ့ အထိလည်း အချစ်ဆိုတာကြီးက ကျွန်တော်တို့နဲ့ တတွဲတွဲ ပါလာပြန်တယ်ဗျ။

အရွယ် ရောက်လာပြန်တော့လည်း သားသမီး ကောင်းရာ မွန်ရာရောက်အောင် တိုးတက်ကြီးပွားအောင် ဖခင် မိခင်တို့က ပဲ့ပြင်ဆုံးမ သွန်သင် ကြရပြန်တယ်။ အဲဒီတော့ အရွယ်ရောက်တဲ့ အထိလည်း အချစ်နဲ့ မကင်းပြန်ဘူး။ အရွယ်တွေရောက် အိမ်ထောင်ရက်သားကျ (အိမ်ထောင်ကို ရက်သားလောက်သာ ကျတယ်လို့ မဖတ်ပါရန်) တဲ့ အထိလည်း မိဘက သားသမီးတွေ အဆင်မှ ပြေပါ့မလား၊ အချစ်စိတ်နဲ့ ပူပန်ပြီး သားသမီး ကောင်းမွန် အဆင်ပြေရင်လည်း အချစ်စိတ်နဲ့ ပျော်ရွှင် ၀မ်းမြောက် ကြရသလောက် သားသမီးများ အဆင်မပြေခဲ့ရင်လည်း ဘယ်လိုများ အဆင်ပြေမလည်း ရှာကြံတွေးတော ကူညီရ လုပ်ဆောင် ပေးရတာလည်း အချစ်ပဲမလားဗျာ။

ပြောမယ်ဆိုရင် မျက်စိနှစ်လုံး ပိတ် နတ်ပြည်ကို မသွားချင်ဘဲ သွားရတဲ့ အထိတောင် သားသမီးတွေ ငါ မရှိရင် ဘယ်လို နေခဲ့ကြမလဲ။ စိုးရိမ်ကြ ပူပန် ကြတာလည်း အချစ်ကြောင့် ဖြစ်ပေါ်လာတာပဲ မလားဗျာ….

ဆိုတော့ကာ အချစ်ဆိုတာ……. လူသားဘ၀ တစ်လျှောက်လုံး ကင်းလို့ မဖြစ်တဲ့ ကိစ္စ လို့ ဆိုရင်….
ကဲ ပြီးပြီနော် ဒေါ်တူး….

အဲလောက်နဲ့သာ ရပ်လိုက်လို့ ကတော့ သေချာပါတယ် မေတ္တာပို့မှာ သေချာ သလောက်ပဲ… ဟ ဟ ဟ

မောင်လူအေး တော်တော်လိမ္မာတယ် ထင်တယ်ပေါ့ မိဘမေတ္တာနဲ့ ပတ်သက်တဲ့ အချစ်အကြောင်းပဲ ရေးသွားတယ်… ဒါမျိုးတော့ ဘယ်ရမလဲနော…

ကဲ မေတ္တာပို့မှ ကင်းလွတ်ရေး နည်းနည်းတော့ လေထပ်ရှည်မှ ရမယ်လေ…

မူလတန်း ကျောင်းသား ဘ၀ ချောတယ်လို့ သူငယ်ချင်းတွေ ပြောကြတဲ့ ကောင်မလေးအိမ်ရှေ့က ဖြတ်လျှောက်ရင်း ခြေဖျား၊ လက်ဖျားတွေ အေးစက်လို့ ခြေလှမ်းတွေ ပျက်နေပေမဲ့လို့ တစ်နေ့ကို အနည်းဆုံး သုံးကြိမ် ဖြတ်ဖြတ် လျှောက်ဖြစ်အောင် လျှောက်တာလည်း အချစ်လို့ ခေါ်မယ်ထင်တယ်…

သူများတွေက စာမေးပွဲအတွက် စာတွေ သည်းသည်းမည်းမည်း ကြည့်နေကြတဲ့ အချိန် ငါးကျပ်ဖိုး သုံးလုံးတန် ဘာလီ သကြားလုံးလေးတွေ တစ်ဆယ်ဖိုး ၀ယ်ပြီး သူသုံးလုံး ကိုယ်သုံးလုံးဆိုပြီး သွားသွားပေးပြီး သူကတော့ စားမစားမသိ… ကိုကတော့ ကိုယ်စားဖြစ်တဲ့ ဘာလီသကြားလုံး အခွံလေးတွေကို စာအုပ်ကြားညှပ်ပြီး ဆယ်စုနှစ် တစ်စုစာလောက် သိမ်းသိမ်း ထားမိတာလည်း အချစ်ကြောင့်ပဲ ဖြစ်မယ်ထင်တယ်လေ…

အလုပ်မရှိ အလုပ်ရှာ မိုးတွေ တ၀ုန်းဝုန်းရွာနေတဲ့ ကြားက စက်ဘီးကို ငှားပြီး ကူးစရာ ရှိရှိ မရှိရှိ အလွန်တရာမှ စာကြိုးစားတဲ့ အထာနဲ့ စာအုပ်ကို မိုးရေတွေ စိုနေတဲ့ ကြားက သွားငှားရတာလည်း အချစ်ပဲ ဖြစ်မယ် ထင်တယ်…

စာသင်ခန်းပြင်ပမှာ သောင်းကျန်းခဲ့သမျှ စာသင်ခန်းထဲ ၀င်ခါနီး ရေစင်နားလေးသွား၊ ကနေ့ ငါ ဘယ်လိုနေရပါ့မလဲ တွေး၊ အော် မနေ့က သူငါ့ကို ကောထားတာပဲ ဆိုတာ ပြန်သတိရ… အခန်းထဲ ၀င်တော့မှ ထမင်း ခုနစ်ရက်လောက် မစားထားရတဲ့ မျက်ခွက်နဲ့ ညှိုးလျလျလေး သူမှ ပြန်မချစ်ရင် မတ်တပ်ကယ်လဲလို့ သေပွဲဝင်ရပါတော့မယ် ဆိုတဲ့မျက်ခွက်မျိုးကို တမဟုတ်ချင်း ပြောင်းနိုင်ခဲ့တာလည်း အချစ် ဖြစ်မယ်ထင်တယ်…

လဗ်အစ်ဆ်ဝမ်း ဘစ်အစ်လျူးရှင်း ဟောင်းရှုပ်ထရိုင်း တူဖော်ဂတ် ဘတ် သဲအစ်ဆ် ဆမ်းသင်း လဖ်အင် မိုင်ဟဒ်…. ဆိုပြီး ငါးပိသံနဲ့ စင်ပေါ်တက်ဟဲရဲလောက်တဲ့ အထိ တွန်းအားပေးခဲ့တာလည်း အချစ်ဆိုတဲ့ ဒင်းပဲ ပေါ့…

ကဲ ကဲ…

လျှောက်ရေးရရင် ပေါက်ကရ ပွေးခဲ့သမျှတွေ ပေါ်ကုန်တော့မှာပဲ…

ကဲ စကားအတည်ရေးကြစို့…

အချစ်ဆိုတာ ခံစားတဲ့သူရဲ့ ခံစားချက်ပေါ် မူတည်ပြီး အဓိပ္ပာယ် ဖွင့်ဆိုကြပုံတွေ ကွဲပြားခြားနားစေတဲ့ ခုထိလည်း ပြည့်စုံအောင် အဓိပ္ပာယ် ဖွင့်ဆိုနိုင်ခြင်း မရှိသေးတဲ့ နာမ်တစ်ခုပေါ့… တချို့က အချစ်ဆိုတာ ရယူ ပိုင်ဆိုင်ခြင်းလို့ ဆိုကြတယ်။ တချို့က စွန့်လွှတ် အနစ်နာခံခြင်းသည်သာ အချစ်လို့ ဆိုပြန်တယ်။ အဲ.. အချို့ကတော့ ကမ္ဘာကြီးရဲ့ မရှိမဖြစ် မြေ၊ ရေ၊ လေ၊ မီး ဒြပ်စင်လေးမျိုးရဲ့ နောက်က ထပ်တွဲရမဲ့ ပဉ္စမမြောက် ဒြပ်စင်လို့ တင်စားကြပြန်ပါတယ်။ အကျယ်ကို ရှုလိုက ဒီမှာ ကြည့်ပါ။

တကယ်တော့ အချစ်မရှိလို့ လောကကြီး ဖြစ်တည်နိုင်စွမ်း မရှိတာတော့ အမှန်တရားပါ။ သို့ပေမဲ့ အချစ်တစ်ခုတည်းနဲ့ ပြီးပြည့်စုံပြီလား။ ဒီမေးခွန်းက တော်တော်လေး အငြင်းပွားဖွယ်ရာ ကိစ္စပါ။ သူကျွန်တော့်ကို ချစ်သည် ဖြစ်စေ၊ မချစ်သည် ဖြစ်စေ ကျွန်တော်ကတော့ ချစ်နေမှာပါပဲ… အချစ်ဆိုတာ ချစ်နေဖို့ပဲ အရေးကြီးပါတယ် ဆိုတာကတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ လိုက်ဆိုလို့ ကောင်းတဲ့ သံစဉ်ချို သီချင်းလေး တစ်ပုဒ်ထဲကပေါ့…. ကျွန်တော်ကတော့ အချစ်ဆိုတာ မရှိလို့ မဖြစ်ဘူးဆိုတာ လက်ခံသလို အချစ် တစ်ခုတည်းနဲ့လည်း ဘာမှ လုပ်မရဘူး ဆိုတာကိုလည်း လက်ခံတယ်လို့ ပြောချင်ပါတယ်…

ကဲ… ဆိုတော့ဗျာ…. အချစ်မရှိလို့ မဖြစ်တဲ့ ကမ္ဘာကြီးမှာ အချစ်ကို အခြေတည်ပြီး သာယာလှပတဲ့ ပျော်ရွှင်ဖွယ်ရာ ဘ၀တစ်ခု တည်ဆောက် နိုင်မှသာလျှင် အဓိပ္ပာယ်ပြည့်ဝသော အချစ်တစ်ခု ဖြစ်နိုင်မယ်လို့ ယူဆပါတယ်…

ကဲ ဒေါ်တူးရေ… ရေးဆိုလို့တော့ ရေးချလိုက်ပြီဗျာ… နော…

Oct 7, 2008

Changing Of Holidays & DV2010

စင်္ကာပူရောက် သူငယ်ချင်း ဘလော်ဂါအပေါင်း သူတော်ကောင်းတို့။ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ပျော်ရွှင်စရာ သတင်းကောင်းဝေမျှလိုပါတယ်။ များမကြာမီမှာ ကျရောက်တော့မဲ့ ဒီပါဝါလီ ရုံးပိတ်ရက်ဟာဖြင့် ယခင်နှစ် ရုံးပိတ်ရက်များ ထုတ်ပြန်ကြော်ငြာရာမှာ အောက်တိုဘာလ 28 ရက် (အင်္ဂါနေ့)လို့ ဖော်ပြ ထားခဲ့ပေမဲ့လို့ သက်ဆိုင်ရာ အိန္ဒိယ ဘာသာရေး ပြက္ခဒိန်များနဲ့ ညှိနှိုင်း၊ တွက်ချက်လိုက်တဲ့ခါကျတော့ အောက်တိုဘာလ 27 ရက် (တနင်္လာနေ့) ကျရောက်နေတာမို့လို့၊ 28/10/2008 ကနေပြီးတော့ 27/10/2008 ကို ပြောင်းလဲလိုက်တယ်လို့သိရပါတယ်။ ဒါကြောင့်မို့ တစ်နှစ်တာ ရက်များအတွင်း ရှားပါးလှစွာသော 3 ရက်ဆက်တိုက် ရုံးပိတ်ရက်ကို ပျော်ရွှင်စွာ ဖြတ်သန်းကြနိုင်စေဖို့ လက်တို့လိုက်ရပါတယ်။ ယမန်နှစ်က ရုံးပိတ်ရက်များ ကြေငြာချက်ကို ဒီနေရာမှာ ဖတ်ရှုနိုင်ပြီး၊ ပြင်ဆင်ချက်ကိုတော့ ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

နောက်သတင်းထူးလေး တစ်ခုကတော့ ရန်ကုန်မြို့က အင်တာနက် ကဖေးဆိုင်တွေမှာ ခါတော်မီ လုပ်စားနိုင်စေဖို့ (အဲလေ…) ၀န်ဆောင်မှု ပေးနိုင်ဖို့ အမေရိကန်ဗီဇာ ကံစမ်းမဲ 2010 ကတော့ အောက်တိုဘာ 2 ရက်နေ့ကနေ စတင်ပါပြီ။ အောက်တိုဘာလ 2 ရက်နေ့ကနေ နိုဝင်ဘာလ 31 ရက်နေ့ အထိ လျှောက်လွှာများ တင်သွင်းလျှောက်ထားနိုင်ပြီး အကယ်၍များ ပေါက်ခဲ့မယ်ဆိုရင်တော့ နောက်နှစ် နှောက်နှစ်မှာ အန်ကယ်ဆမ်ဆီကို ပြောင်းရွှေ့သွားရောက် နေထိုင်နိုင်မှာ ဖြစ်တဲ့အတွက် ရတဲ့ အခွင့်အရေး လက်လွှတ်မခံဘဲ လျှောက်ထားနိုင်စေဖို့ ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာ ဖတ်ရှု၊ လေ့လာ လျှောက်ထားနိုင်ပါတယ်။

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...