Showing posts with label Translation. Show all posts
Showing posts with label Translation. Show all posts

Jun 7, 2009

ပန်းဝေဒနာ - ဦးမောင်သိန်း

မောင်လူအေး လက်ဆော့ထားတာပါ။ ရခိုင် ဂန္တ၀င် သီချင်း တစ်ပုဒ်ကို တတ်သလောက် မှတ်သလောက် ဗြိတိသျှလို ပြန်ထားတာပါ။ မူရင်း ဆိုလိုရင်းကို မထိမိဘူး ဆိုရင်တော့ မောင်လူအေးရဲ့ ဘာသာပြန် ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါကြောင်း...


ပန်းဝေဒနာ

ရေး - ဦးမောင်သန်း ဆို - ဦးမောင်သိန်း


ပန်းဝေဒနာ
Sick of flower (Flower is a word supersede for girl)


ရင်ကအချိုက်ကို ဖွင့်ပြောဖို့ ဆိုကေလေးသော့
Though I wanna speak out my love from bottom of my heart,

ခင်မင်မှု အတိုင်းအတာ ပျက်ပြယ်လားဖို့ ကြောက်လှပါရေ
I really scared it will fade friendship between us

တစ်ရက်မှာ ကြင်လာနိုး တစ်နိန့်မှာ ကြင်လာနိုး
Hoping to be received kindness by one day, or another day,

အလွမ်းမျိုး ကုဋေကုဋာ ပန်းဝေဒနာကို
Such millions of sorrow, longings of sick of flower

ရင်မှာ သိမ်းထား ကြိတ်မှိတ်ခံစား ခံစားရစော် ကြာဗျာယ်လေ
Keeping secret in my mind, feeling long time already

သူသိပါစီလေ သူသိပါစီလေ
Hope you to know, hope you to know

ကြည်လင်အီးမြ
Such clear & soft

ကိုယ့်ရင်ထဲက မေတ္တာတရား သစ္စာစကားတိကိုလေ...
My love and loyal words from deep inside my heart

နှစ်ပေါင်းများစွာ ကြာလာဗျာယ်လေ
It took so many years already

အထီးကျန်တစ်ကိုယ်တည်း အဆွေးသည်ရင်ထဲ
Being isolated, sorrowful in heart

အချိုက်ငတ်တေ အကြင်နာ အသည်းကို
For love-starving heart

အလိုမလိုက်ဘဲ ရင်ကွဲခံစော် အခါခါလေ...
Not indulgence and felt broken-hearted so many times

ပန်းဆိုကေ မြီမှာခ နွမ်းကြွီမြီကျ ကြွီရလီဖို့လေ
If my heart looks like a flower, it will fall down to the ground

စမ်းဆိုကေလေ့သော့ အပူမီးတောက် အသည်းလွှာအောက်မှာ ခန်းခြောက်လီဖို့ ထင်ရေ
If it looks alike to stream, it supposed to be dried under extremely hot and burnt heart...

အကြင်နာစမ်းရေ ကိုယ့်မေတ္တာမခန်းလီသမျှ
Until the stream of my love wont be dried out

နှလုံးသားအလိုကျ လိုက်လျောချင်ပါရေ
I wanna follow what my heart want to be

သူသိပါစီလေ သူသိပါစီလေ
Hope you to know, hope you to know

ကြည်လင်အီးမြ
Such clear & soft

ကိုယ့်ရင်ထဲက သစ္စာစကား မေတ္တာစကားတိကိုလေ
My love and loyal words from bottom of my heart



Jan 9, 2009

အကျင့်ကောင်း တစ်ခု မွေးမြူဖို့ နည်းလမ်း ၉ သွယ်

ရက်ပေါင်း သုံးဆယ် အတွင်း အမူအကျင့်ကောင်းလေးတွေ မွေးမြူရအောင်။

၁ ။ တစ်ကြိမ်မှာ အမူအကျင့် တစ်ခုသာ မွေးမြူပါ။

တစ်ကြိမ်မှာ အမူအကျင့် ၃ ခု (သို့) ၅ ခုထိ ပျိုးထောင်ချင်နေတာမျိုး ဖြစ်တဲ့အခါမှာ တစ်ခုချင်း အပေါ်မှာ အကျိုး သက်ရောက်မှု အားနည်း တတ်ပါတယ်။ တစ်လဆိုတဲ့ အချိန်အတွင်း မွေးမြူ ပျိုးထောင်လိုတဲ့ အမူအကျင့် တစ်ခုကို ရွေးချယ်ပြီး သေသေချာချာ စိုက်လိုက်မတ်တပ် လေ့ကျင့်ပျိုးထောင်ပါ။ နောက်ထပ် လေ့ကျင့် ပျိုးထောင်လိုတဲ့ အလေ့အကျင့်တွေကိုနောက်လ နောက်လတွေမှာ လေ့ကျင့်နိုင်ပါတယ်။


၂ ။ ကိစ္စရပ် သေးသေးလေးကနေ စတင်ပါ။

တစ်နေ့ကို ဆယ်မိနစ် စီကနေ အစပြုပါ။ အရမ်း လွယ်ကူ နေတယ်လို့ ထင်စရာ ရှိပါတယ်။ ဆယ်မိနစ် အတွက် ကိုယ်တိုင် လုပ်ကို လုပ်ဆောင် ဖြစ်တယ်လို့ အာမခံ နိုင်တဲ့အခါ နောက်ထပ် အချိန် တိုးယူ လေ့ကျင့်လို့ ရပါတယ်။


၃ ။ ဖွင့်ဟကြေငြာ ၍ တာဝန်ယူ ဆောင်ရွက်ပါ။

thepowerofless.com က ဖိုရမ်မှာ ပါဝင်ပါ။ မိမိကိုယ်ကို မိတ်ဆက်ပါ။ မိမိ တည်ဆောက် ပျိုးထောင်နေတဲ့ အမူအကျင့် အကြောင်း ထုတ်ဖော် ပြောကြားပါ။ သူငယ်ချင်း၊ မိသားစု၊ လုပ်ဖော် ကိုင်ဖက် စတဲ့ သူတွေကို ပေးသိပါ။ သင့်ဘလော့ပေါ်မှာ၊ MySpace မှာ၊ Facebook မှာ၊ twitter တို့လို နေရာတွေမှာ ထုတ်ဖော် ကြေငြာပါ။ (ဘလော်ဂါတွေ အတွက်တော့ ဘလော့ဂါ ပေါ်မှာ ဖွင့်ဟ ကြေငြာလို့ ရတာပေါ့ဗျာ။)


၎ ။ အစီအစဉ် ရေးဆွဲပါ။

ဘယ် အမူအကျင့်ကို မွေးမြူ ပျိုးထောင်နေတယ်၊ ဘယ်အချိန်ကနေ စတင်မယ်၊ နေ့စဉ်နေ့တိုင်း ဘယ်အချိန်မှာ လုပ်ဆောင်မယ်၊ အောင်မြင်ခဲ့ရင် မိမိကိုကိုယ် ပေးအပ်မဲ့ ချီးမြှင့်မှု၊ အဓိက ဖြစ်နိုင်တဲ့ အတားအဆီးတွေ ဖြစ်ပေါ်လာရင် ဘယ်လို ကျော်လွှားမယ် ဆိုတာတွေကို စာရွက်ပေါ်မှာ ချမှတ်ရေးသားပါ။ အောင်မြင်မှု ရသည်အထိ အဆင့်ဆင့် ရေးဆွဲပါ။


၅ ။ လုပ်ဆောင် ဖြစ်စေရေး အားပေးအားမြှောက် ပြုစေမဲ့ ကိစ္စရပ် များနဲ့ တွဲဆောင်ရွက်ပါ။

အစဉ်အမြဲ လုပ်နေကျ ကိစ္စရပ်များကို ရှာဖွေပါ။ အိပ်ယာထ၊ သွားတိုက်၊ ရေချိုး၊ မနက်စာစား၊ အလုပ်သွား၊ နေ့လည်စာစား၊ ညစာစား။ စတဲ့ ပုံမှန် လုပ်နေကျ ကိစ္စရပ်များနဲ့ တွဲဖက်ပြီး အစီအစဉ်ချ ဆောင်ရွက်ပါ။ အစီအစဉ်ချထားတဲ့ အတိုင်း နေ့စဉ် ဘာပြီးရင် ဘာလုပ်မယ် ဆိုတဲ့ အစဉ်အတိုင်း ဆောင်ရွက်ခြင်းဟာ ဒီအလေ့အထ ပိုမြဲစေဖို့ လွယ်ကူစေပါတယ်။


၆ ။ တသမတ်တည်း ဖြစ်ပါစေ။

ရက်မပျက်ပါစေနဲ့။ ရက် ၃၀ တိတိ တောက်လျှောက် လုပ်နိုင်စေဖို့ ကြိုးစားပါ။ တစ်ရက် ပျက်ကွက်ခဲ့ရင်တောင် နောက်ရက်တွေမှာ ဆက်လုပ်ပါ။ ပိုပြီး တသမတ်တည်း တဆက်တစပ်တည်း လုပ်နိုင်လေ အမူအကျင့် စွဲမြဲစေဖို့ ပိုလွယ်ကူစေလို့ပါပဲ။


၇ ။ တိုးတက်မှုကို သတင်းပို့ပါ။

နေ့စဉ်နေ့တိုင်း Challenge Forum ရဲ့ နေ့စဉ် Thread မှာ သတင်းပို့ပါ။ (မိမိ ဘလော့မှာလည်း တင်လို့ ရသလို၊ ဘလော့ပေါ်မှာ မရေးချင်ဘူး ဆိုလည်း ကိုယ်တိုင်ရေးမှတ်တမ်းမှာ ရေးချ မှတ်တမ်းတင် သတင်းပို့လို့ ရပါတယ်ဗျာ။ )


၈ ။ အားတင်းစိတ် မွေးပါ။

ရက်သတ္တပတ် တစ်ပတ်ချင်း မိမိကိုယ်ကို ဆုချီးမြင့်ပါ။ အမှန်စင်စစ်မှာ စစချင်း ရက်အနည်းငယ် အတွင်းမှာပဲ မိမိကိုယ်ကို ဆုချီးမြင့်ပါ။ နောက်တော့ တစ်ပတ်ချင်း တစ်ပတ်ချင်း ဆုချီးမြင့်ပါ။


၉ ။ အကောင်းမြင်စိတ် မွေးပါ။

မိမိကိုယ်ကို စိန်ခေါ်ထားတဲ့ စိန်ခေါ်မှု အောင်မြင်စေဖို့ အကောင်းမြင်စိတ် မွေးပါ။ မကောင်းမြင်စိတ်များ တွေးမြင်မိခဲ့ရင် ကြမ်းပိုးကို သတ်သလို ခြေမွပစ်ပါ။ အဲဒီ မကောင်းမြင်စိတ် အစား အကောင်းမြင်စိတ် ပြောင်းလဲပါ။ တကယ် အလုပ်ဖြစ်လာပါလိမ့်မယ်။

Original : 9 Rules To Form A Habit


Dec 17, 2008

Meeting Minutes ရေးကြမယ်...

Meeting Minutes ဘာလို့ ရေးရတာလဲ။

လူအများစုဝေးပြီး လုပ်ကြတဲ့ အစည်းအဝေးများနဲ့ အစည်းအဝေးဆုံးဖြတ်ချက်များကို မှတ်တမ်းတင်ဖို့ Meeting Minutes ရေးရတယ်။ လူတွေဟာ မေ့လျော့တတ်တဲ့ သဘောသဘာဝ ရှိတာကြောင့် စာနဲ့ ပေနဲ့ ရေးသား မှတ်တမ်းတင်ထားခြင်း မရှိရင် နောက်မှာ မလိုလားအပ်တဲ့ သဘောထားကွဲလွဲမှုတွေ ရှိလာနိုင်တာကြောင့် Meeting Minutes ရေးဖို့ လိုအပ်တယ်။ အကြောင်းအမျိုးမျိုးကြောင့် Meeting မတက်ရောက်နိုင်တဲ့ သူများ အတွက်လည်း Meeting မှာ ဘာတွေ ဆွေးနွေးခဲ့ကြတယ်၊ ဘာတွေ ဆုံးဖြတ်ခဲ့ကြတယ်ဆိုတာ Meeting Minutes နဲ့ အသိပေးနိုင်ပါတယ်။


Meeting Minutes ကို ဘယ်သူရေးသလဲ။

အစည်းအဝေးတိုင်းမှာ Meeting Minutes ရေးဖို့ တစ်ဥင်္ီးဦးကို သတ်သတ်မှတ်မှတ် တာဝန် ပေးလေ့ရှိတယ်။ အစည်းအဝေးတိုင်းမှာ ဒီတစ်ယောက်တည်းပဲ ဖြစ်နိုင်သလို လူအများ အလှည့်ကျ ရေးမှတ်ခြင်းမျိုးလည်း ဖြစ်နိုင်တယ်။



Meeting Minutes ထဲ ဘာတွေပါသလဲ။


Meeting တစ်ခု မစခင်မှာ အစည်းအဝေး အစီအစဉ် ဆွဲရတယ်။ အဲဒီ အစီအစဉ်ထဲမှာ Meeting မှာ ဘာတွေ ထည့်သွင်း ဆွေးနွေးမယ်ဆိုတာ အသေးစိတ် ထည့်သွင်း ရေးဆွဲဖို့ လိုတယ်။ Meeting Minutes တစ်ခုမှာ ပုံမှန်အားဖြင့် ဒီအချက်အလက်တွေ ပါလေ့ပါထရှိတယ်။

• Meeting ကျင်းပရာ အချိန်၊ နေ့ရက်နဲ့ နေရာ
• တက်ရောက်ကြသူများ အမည်နဲ့ တာဝန် စာရင်း
• တက်ရောက်ရန် ပျက်ကွက်ကြသူများ
• အယင် အစည်းအဝေးက ရရှိခဲ့တဲ့ သဘောတူညီချက်များ၊ ယခင် Meeting Minutes များထဲကနေ ထပ်မံ ပေါ်ထွက်လာတဲ့ ဆွေးနွေးရမဲ့ အချက်များ။
• အစီအစဉ်မှာ ပါတဲ့ တစ်ချက်ချင်း အတွက် အဓိက ဆွေးနွေးခဲ့တဲ့ အချက်နဲ့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်။
• နောက်တစ်ကြိမ် ကျင်းပမဲ့ အစည်းအဝေး အချိန် နေ့ရက် နဲ့ နေရာ
• Meeting Minutes ပြုစုသူရဲ့ အမည်



သတိပြုသင့်တာတွေ


Meeting Minutes ကို Meeting မကျင်းပမီ သက်ဆိုင်ရာ ပုဂ္ဂိုလ်များဆီကို Email နဲ့ ပို့ပါ။ ဒါမှ သူတို့ Meeting တက်ရောက်ဖို့ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်လို့ရမယ်။


နောက်ဆုံးကျမှ ပေါ်ပေါက်တတ်တဲ့ အရေးပေါ်ကိစ္စ ၀ိစ္စများ ရေးမှတ်ဖို့ အစီအစဉ်ရဲ့ နောက်ဆုံးမှာ AOB (Any Other Business) (အခြားအကြောင်းအရာများ…) ဆိုတာ ထည့်ထားပါ။


Meeting Minutes မှတ်တမ်းတင်မှု တိုတိုနဲ့ ဆိုလိုရင်းကို ထိမိပါစေ။ မလိုအပ်တာတွေ ရှုပ်ပွနေအောင် လိုက်မှတ်စရာ မလိုပါ။ ပြောသမျှ၊ ဆွေးနွေးကြသမျှ ရေးမှတ်ချင်တယ် ဆိုရင်တော့ အသံသွင်းစရာ ကက်ဆက် (ဒါမှမဟုတ်) Mp3 လို တစ်ခုခု ဆောင်ထားဖို့ လိုပါတယ်။


တက်ရောက်သူများထဲက တစုံတယောက်ကို ကိစ္စတစ်ခုခု လုပ်ဆောင်ခိုင်းတဲ့ ကိစ္စဆိုရင် “ACTION” လို့ ရေးမှတ်ပါ။ ဒီလို မှတ်သားခြင်း အားဖြင့် နောက် မီတင်ရောက်တဲ့ခါ Action Points တွေချည်းပဲ ရွေးပြီး မှတ်သား သွားဖို့ လွယ်ကူစေပါတယ်။


အကယ်၍ သူငယ်ချင်းဟာ စာရိုက် မြန်တဲ့သူတစ်ဦးဆိုရင် Meeting လုပ်နေစဉ်မှာ ချက်ချင်း ရေးထုတ်ပါ။ ဒါမှမဟုတ် Meeting ပြီးပြီးချင်း ရေးထုတ်ပါ။ Meeting ပြီးတဲ့ အချိန်ကနေ စောစော ရေးထုတ်နိုင်လေ ပိုပြီး တိကျမှု ရှိလေပါပဲ။


Meeting Minutes ရေးဖို့ကြုံတဲ့ခါ ဖတ်နိုင်အောင် ဘာသာပြန် ထားခြင်းပါ။ Meeting Minutes ကို ဘယ်သူရေးရမယ်လို့ မူသေ သတ်မှတ်ထားတာ မရှိပါဘူး။ တကယ် ပုံစံကျတဲ့ ကုမ္ပဏီတွေမှာတော့ Meeting ထဲ ပါဝင်ဆွေးနွေးသူတွေထဲက မဟုတ်ဘဲ သတ်သတ် တစ်ယောက် Meeting ကျင်းပရာ နေရာမှာ ရှိနေစေပြီး ရေးမှတ်စေလေ့ ရှိတယ်။ တချို့ ကုမ္ပဏီတွေမှာ အင်ဂျင်နီယာတွေ ကိုယ်တိုင် ရေးတယ်။ တချို့ ကုမ္ပဏီတွေမှာ မန်နေဂျာတွေ ကိုယ်တိုင် ရေးတယ်။ ဆိုတော့ မည်သူမဆို မီတင်မိနစ် ရေးဖို့ ကြုံလာနိုင်ပါတယ်။ အဲလို ကြုံလာတဲ့ခါ ဘယ်က စရမယ်မှန်း မသိဖြစ်ရင် တော်တော် ဆိုးပါတယ်။


Meeting Minutes များ ရေးကြီးခွင်ကျယ် လုပ်နေတယ်ကွာ ဘာခက်တာလိုက်လို့ ဆိုပြီး ပြောချင်တဲ့ သူငယ်ချင်းများ ရှိပါလိမ့်မယ်။ အယင် ကိုယ့်ဆီမှာ ရှိနေပြီးသား သူများ ပြုစုထားတဲ့ Meeting Minutes တစ်ခုခုကို မှီငြမ်း လိုက်ရုံပေါ့လို့ ပြောချင်ပါလိမ့်မယ်။ မှန်ပါတယ်။ ဒါက Meeting Minutes ဆိုတာ ဘာကို ခေါ်မှန်း သိထားသူတွေ အတွက် လွယ်ပါတယ်။


မောင်လူအေး စတင် ကြုံရစဉ်က Meeting Minutes ဆိုတာ ဘာမှန်းမသိပါဘူး။ အစည်းအဝေးမှတ်တမ်းလို့ ပြောရင် သိဦးမယ်။ Meeting Minutes ဆိုတော့ ဘာကို ဆိုလိုမှန်း မသိဘူး။ ဆိုတော့ လိုက်သာမှတ်ထားတယ်။ မှတ်ထားတဲ့ စာတွေသာ ရှိတယ်။ ဘယ်ကနေ စရမယ်မှန်း မသိဘူး။ တိုင်ပတ်တာ ပေါ့ဗျာ။ ဆိုတော့ အဲလိုမျိုး ကြုံလာနိုင်တဲ့ သူငယ်ချင်းများ အတွက်ရော၊ မောင်လူအေး ကိုယ်တိုင်ဖတ်ဖို့ အတွက်ရော ဘာသာပြန်ထားခြင်းပါဗျာ။ အထူးသဖြင့်တော့ ရန်ကုန်ကနေ စင်္ကာပူ ထွက်လာတဲ့ သူငယ်ချင်းများ အတွက် သိထားရင် ပိုကောင်းတဲ့ အချက် တစ်ခုပေါ့။ ဟိုမှာ တုံးက အစည်းအဝေးမှတ်တမ်း ရေးတာ ချောနေတာပဲ။ ဒီလည်း ရောက်ရော Meeting Minutes ရေးပါ ဆိုတော့ တိုင်ပတ်ရော ဆိုတာ မောင်လူအေးမှ အစစ်။


မသိသေးတဲ့ သူငယ်ချင်းများ ဂျန်န၀ါရီ နောလစ်ဂ်ျ ပေါ့ဗျာ… နော… သိပြီးသား သူငယ်ချင်းတွေ အတွက်တော့လည်း ပြန်နွှေးတာပေါ့… :-)

Original Page

Related Posts...


Nov 13, 2008

Essential Documents to Manage Your Projects

အတွေ့အကြုံရင့်ကျက်တဲ့ Project Manager တစ်ယောက်နဲ့ စကားစမြည် ပြောဆို ကြည့်မယ်ဆိုရင် Project တစ်ခုကို အောင်အောင်မြင်မြင် ကိုင်တွယ် နိုင်စေဖို့ရာ ဆောင်ရန်၊ ရှောင်ရန် အချက်တွေ၊ အကြံဥာဏ်တွေ အမြောက်အမြား ပေးနိုင်ပါတယ်။ သူတို့ပေးတဲ့ အကြံဥာဏ် အားလုံးရဲ့ အနှစ်သာရကတော့ ဆုံးရှုံးမှု အနည်းဆုံးနဲ့ သတ်မှတ်ထားတဲ့ အချိန် သတ်မှတ်ထားတဲ့ ရင်းနှီးမြုပ်နှံမှု ပမာဏအတွင်းမှာ Project ပိုင်ရှင် လိုချင်တဲ့ ရလဒ်တွေ ပေးအပ်နိုင်ဖို့အတွက် မိမိကိုယ်တိုင် အပါအ၀င် Project မှာ ပါဝင် လုပ်ဆောင် ကြသူများကို ဘယ်လို စီမံ ခန့်ခွဲမယ် ဆိုတာပဲ ဖြစ်တယ်။

အမှတ်တမဲ့ ကြည့်ရင် ခက်တယ်လို့ ထင်စရာ မရှိပါဘူး။ သို့ပေမဲ့ အချို့အချို့သော အကြောင်း ခြင်းရာများကြောင့် လူ တော်တော်များများရဲ့ အမြင်မှာ Project Management ဟာ အလွန်တရာမှ ခေါင်းစားတဲ့ ၀န်ထုပ်ဝန်ပိုး တစ်ခုလို့ ထင်မှတ်စရာ ဖြစ်နေပါတယ်။ "အစီအစဉ်တွေ၊ စာရင်းဇယားတွေ ဆွဲပြီး အချိန် ဖြုန်းမနေပါနဲ့ဗျာ" ဆိုတာက တမျိုး၊ "Project မျှော်မှန်းချက်တွေ လျှောက်ရေးပြီး အချိန်ကုန် ခံမနေပါနဲ့ အဲဒါတွေ ပြီးအောင် လုပ်ရမယ်ဆိုတာ ကျုပ်တို့ အားလုံး သိထားပြီးသားပါ" ဆိုတာက တဖုံ အခါများစွာ ကျွန်တော်တို့ ပြောသံ ကြားရတတ်ပါတယ်။

ဒါ့ကြောင့် ဘယ်လိုမျိုး Project ကိုပဲ ဖြစ်ဖြစ် အောင်အောင်မြင်မြင် စီမံခန့်ခွဲနိုင်စေဖို့ နံပတ် ၁ ဖြတ်လမ်းနည်းကတော့ "မဖြစ်မနေ တည်ဆောက်ပြုစုရမဲ့ အတိုချုပ် စာရွက်စာတမ်း အချို့ကို နားလည်သဘောပေါက်ဖို့နဲ့ Project သက်တမ်း ကာလတလျှောက် မှန်မှန် ပြန်လည် သုံးသပ်သွားဖို့ပဲ" လို့ ဆိုချင်ပါတယ်။


စာတမ်း ၁ - Project ၏ လုပ်ငန်းဆောင်တာများ (Project Charter)

သာဓကအားဖြင့် Project တစ်ခု စစချင်းမှာ စာတစ်မျက်နှာစာ ရှိတဲ့ Project လုပ်ငန်းဆောင်တာများ လို့ ခေါ်တဲ့ စာတမ်းကို စတင်ပြုစုဖို့ လိုပါတယ်။ သင်နဲ့ သင့် Project ပိုင်ရှင် တို့ရဲ့ အခြေခံ Project ရည်မှန်းချက်များကို နားလည် သဘောပေါက်စေဖို့ အထောက်အကူပြုပါတယ်။ ဒါမှ မဟုတ်ရင် သင် ဘယ်ကို သွားနေတယ် ဆိုတာ မသိဘဲ သင် အဲဒီ ပန်းတိုင်ကို ဘယ်လို ရောက်အောင် သွားမလဲ။ သင်ကိုယ်တိုင်ပဲ သင့် အလုပ်ရှင်ဖြစ်တယ်လို့ မှတ်ယူထားဖို့ လိုပါတယ်။

ဒီအချက်အလက်ကို ရနိုင်ဖို့ သင့်အလုပ်ရှင်နဲ့ တွေ့တဲ့ အစည်းအဝေးမှာ ဒီ မမေးမဖြစ် မေးခွန်းသုံးခု မေးရပါလိမ့်မယ်။
  • Project ရဲ့ ရည်မှန်းချက်က ဘာလဲ
  • Project ရဲ့ ရလဒ်တွေ၊ လွှဲအပ်ပေးရမှာတွေက ဘာတွေလဲ
  • ဒီ Project ကို လုပ်ဆောင်ရခြင်းရဲ့ အဓိက စီးပွားရေး အကြောင်းရင်းက ဘာလဲ
အစည်းအဝေးပြီးတာနဲ့ Project နဲ့ဆိုင်တဲ့ အဲဒီမေးခွန်းတွေရဲ့ အဖြေကို ပရောဂျက်ရဲ့ လုပ်ငန်းဆောင်တာများ စာတမ်းထဲမှာ ထည့်သွင်း ရေးသားပြီးတော့ သင့်အလုပ်ရှင်ဆီကို Email နဲ့ ပို့ပြီး အတည်ပြုချက် ရယူပါ။
ဒါဆို Project တစ်ခုရဲ့ အဓိက အကျဆုံး ကိစ္စရပ်တစ်ခု ပြီးမြောက်အောင်မြင်သွားပြီလို့ ဆိုနိုင်ပါတယ်။ သင်နဲ့ သင့်အလုပ်ရှင်တို့ ဘယ်ပန်းတိုင်ကို သွားနေကြတယ်ဆိုတာ နှစ်ဦးနှစ်ဘက် နားလည် သဘော ပေါက်သွား ကြပါပြီ။

ဒီအဆင့်အောင်မြင်ဖို့ သင်သုံးလိုက်ရတဲ့ အချိန်ပမာဏကို ကြည့်မယ်ဆိုရင် အစည်းအဝေး တစ်ကြိမ် (ဒါမှမဟုတ်) နှစ်ကြိမ် လောက် တက်ရမယ်၊ စာတမ်း ချရေးဖို့ အချိန် မိနစ် သုံးဆယ်လောက် သုံးရမယ်။ ခပ်သေးသေး Project အတွက် စုစုပေါင်း ကြာချိန် နှစ်နာရီပဲ ထားပါတော့။ ဘယ်လောက်မှ ကြီးလေးတဲ့ ၀န်ထုပ်ဝန်ပိုး ကိစ္စ မဟုတ်ပါဘူး။

စာတမ်း ၂ - Project အစီအစဉ် (Project Plan)

ဒီကနေ စပြီး Project အစီအစဉ်ခေါ်တဲ့ ဒုတိယ စာတမ်းကို တည်ဆောက်ရပါတော့မယ်။ ဒီစာတမ်းထဲမှာ ပြီးမြောက်အောင် ဆောင်ရွက်ရမဲ့ ကိစ္စတွေရယ် (လုပ်ကွက်လို့လည်း ခေါ်တတ်ကြတယ်)၊ ဘယ်သူက တာဝန်ယူရမယ် ဆိုတာရယ်၊ ဒီလုပ်ငန်း လုပ်ဆောင်ဖို့ ကုန်ကျမှုနဲ့ ကြာမြင့်ချိန်ရယ် ပါဝင်ပြီး နောက်ဆုံးမှာ ဘယ်နေရာမှာ ဘာတွေ လွဲမှား ဆောင်ရွက်နိုင်တယ် ဆိုတာ သုံးသပ်တဲ့ အန္တရာယ်ဖြစ်မှု သုံးသပ်ချက် တို့ပါဝင်ပါတယ်။

စာတမ်း ၃ - ဖြစ်ပေါ်တိုးတက်မှု အစီရင်ခံစာ (Progress Report)

အပတ်စဉ် (ဒါမှမဟုတ်) လစဉ် ပုံမှန်အားဖြင့် လုပ်ငန်း ပြီးမြောက်မှု အစီရင်ခံစာ ပြုစုပြီး အလုပ်ရှင်ထံကို ပေးပို့ဖို့ လိုပါတယ်။ ဘယ်လုပ်ကွက်၊ ဘယ်လုပ်ငန်းတွေ ဘယ်အချိန်မှာ ပြီးစီးတယ်၊ (ရင်းမြစ်) ဘယ်လောက် သုံးစွဲထားတယ် ဆိုတာကို အလုပ်ရှင် အနေနဲ့လည်း သိချင်ကြတယ်။ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အခက်အခဲ တစုံတရာ တွေ့တိုင်းမှာ သူတို့ ဘယ်နေရာမှာ ၀င်ပြီး ကူညီ ဖြေရှင်းပေးနိုင်မလဲ ဆိုတာလည်း သိလိုကြတယ်။ အဓိက လုပ်ရမှာ ကတော့ အချက်အလက်ကို အစဉ်သဖြင့် စုဆောင်းထားရှိပြီး ပုံမှန် ဖြစ်ပေါ်တိုးတက်မှု အစီရင် ခံစာ ပေးပို့နိုင်စေဖို့ပါပဲ။

အဆုံးသတ် အတွေးလေး တစ်ခု

Project တစ်ခု စီမံခန့်ခွဲနိုင်ဖို့ မရှိမဖြစ် စာတမ်းများတော့ ဖော်ပြခဲ့ပြီးပါပြီ။ လက်တွေ့ အောင်မြင်စေရေး သော့ချက်ကတော့ Project လုပ်ငန်းဆောင်တာများ၊ Project အစီအစဉ်နဲ့ ဖြစ်ပေါ်တိုးတက်မှု အစီရင်ခံစာ စတဲ့ စာတမ်းတွေ ပြုစု နိုင်စေဖို့ အတွက် အချက်အလက်များကို နားလည် သဘောပေါက်နေစေရေးပါပဲ။ ဒီအချက်တွေက သင့် Project အောင်မြင်စေဖို့ အထောက်အကူ ပြုလိမ့်မယ်လို့ ယူဆပါတယ်။


Original Version

Related Posts

Nov 10, 2008

PROJECT MANAGEMENT BASIC

Project တစ်ခု ကိုင်တွယ်တော့မယ်ဆိုရင် ကြီးကြီး သေးသေး၊ ဖော်ပြထားတဲ့ အချက်နဲ့ တကယ်လုပ်ရမဲ့ အချက် ကွဲပြား ခြားနားမှုများ နဲ့ ဖော်ပြပါ အချက်အလက်များ နောက်ကွယ်မှာ ရှိနေတဲ့ ထည့်သွင်း တွက်ချက်ရမဲ့ အရေးကြီး အချက်အလက် တွေကို နားလည် သဘော ပေါက်ထားဖို့ လိုတယ်။ အောင်မြင်တဲ့ Project Management ဆိုတာတွေ ထဲမှာ Project အဖွဲ့ရဲ့ ရုန်းကန် လှုပ်ရှားရတာတွေ၊ အခက်အခဲ ပြဿနာတွေ၊ အားနည်း ချို့ယွင်းချက်တွေကို ဖော်ပြတာ အင်မတန် နည်းပါးပါတယ်။ စာရေးသူ Herbert Lovelace ကတော့ ဒီ အဖြစ်အပျက်ကို ပြင်ဆင် ချက်ပြုတ်ချိန်မှာ ညစ်ပေနေသမျှ စားသုံးသူတွေကို ပြတဲ့ခါ သန့်ရှင်းသပ်ရပ် လှပနေတတ်တဲ့ မီးဖိုဆောင်နဲ့ တူတယ်လို့ ဆိုစမှတ် ပြုပါတယ်။

Project ကို ဘယ်လို စီမံ ခန့်ခွဲရမယ်ဆိုတာကို စာအုပ်ကြီး အတိုင်းပဲ နားလည်ထားမယ် ဆိုရင်ကို ဘယ်သူ့အတွက်ပဲ ဖြစ်ဖြစ် အထောက်အကူ ပြုပါလိမ့်မယ်။ ဒါပေမဲ့ အောင်မြင်တဲ့ Project Manager တစ်ယောက် ဖြစ်ဖို့ Project မှာ ပါဝင် ပတ်သက်နေတဲ့ လူ အများအပြားရဲ့ လိုအပ်ချက်တွေ၊ အဓိကကျတဲ့ အခက်အခဲ ပြဿနာတွေ၊ Project အောင်မြင် ထမြောက်တယ်လို့ မဆိုနိုင်ခင်မှာ ရှင်းလင်း ဖော်ဆောင်ရမဲ့ အချက်အလက်တွေကို နားလည် သဘောပေါက်ထားဖို့ လိုပါတယ်။ ကျွန်မ အတွေ့အကြုံအရ ပြောရရင် Project Management ဆိုတာသည် အယင်က လုပ်ခဲ့တဲ့ Project တွေကနေ ရခဲ့တဲ့ အတွေ့အကြုံတွေ၊ အတွေးအမြင်တွေရဲ့ အထွတ်အထိပ် ဖြစ်ပြီးတော့ အခြေအနေနဲ့ လိုက်လျောညီထွေ ပြုပြင် လုပ်ဆောင်သွားရခြင်းလို့ ဆိုချင်ပါတယ်။ Project တစ်ခု သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ချောမွေ့အောင်မြင်စေဖို့ အထောက်အကူပြုစေမဲ့ ပြန့်ပြောကြွယ်ဝတဲ့ လမ်းညွှန်ချက်တွေလည်း ရှိနေပါတယ်။


၁ ။ သတ်မှတ်ဖော်ထုတ်ခြင်း။

Project တစ်ခု မစတင်မီမှာ အခက်အခဲ၊ Project မျှော်မှန်းချက် စတာတွေ တိတိပပ သတ်မှတ်ဖော်ထုတ်ပါ။ Project ရဲ့ ရည်မှန်းချက်၊ မျှော်မှန်းချက်ကို စာရွက်နဲ့ ချရေးပြီး ပါဝင်ဆောင်ရွက်သူ အားလုံး ဖတ်ရှုနားလည် သဘောပေါက်အောင် လုပ်ထားခြင်းဟာ အကောင်းဆုံး နည်းလမ်းပါပဲ။ နောက်ပြီးတော့ စည်းဝေးပွဲ အခမ်းအနားမှာ Project ရည်မှန်းချက် အပေါ်မှာ အဖွဲ့သား အားလုံးရဲ့ သဘောတူညီချက်ကို ရယူပါ။ ဒီလုပ်ဆောင်ချက်က Project ပိုင်ရှင်ရဲ့ ရည်ရွယ်ချက်နဲ့ လိုအပ်ချက်တွေ အားလုံးကို Project ကာလ တလျှောက်လုံး ဖော်ထုတ် ပြသဖို့ လိုတဲ့ အချိန်တိုင်းမှာ အထောက်အကူ ပြုနေမှာ ဖြစ်ပြီးတော့ Project အဖွဲ့တွင်း ကြုံတွေ့ရနိုင်တဲ့ အရင်းအမြစ်၊ ပစ္စည်းပစ္စယများ နဲ့ ဦးစားပေး အစီအစဉ်နဲ့ ပတ်သက်တဲ့ ၀ိဝါဒ ကွဲပြားမှုတွေကို ဖြေရှင်းရာမှာလည်း အထောက်အပံ့ ဖြစ်စေပါတယ်။


၂ ။ အစီအစဉ်ချမှတ်ခြင်း။

ဘာတွေ လုပ်ရမယ် ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို အစီအစဉ်ချတာပါပဲ။ ကိစ္စရပ် တစ်ခုချင်းစီအတွက် အစီအစဉ်ချတဲ့ နေရာမှာ သိပ်မခက်ခဲပေမဲ့လို့ Project အဖွဲ့သား အားလုံး သဘောတူညီမှု ရရှိစေမဲ့ အစီအစဉ် ချမှတ် လုပ်ဆောင်ရာမှာတော့ အတော်အတန် ပိုမို ခက်ခဲ ပါလိမ့်မယ်။ အစီအစဉ်ချမှတ်ခြင်းရဲ့ တစိတ်တဒေသ အနေနဲ့ ဘယ်သူက ဘာတွေ ပြီးအောင် ဆောင်ရွက်ရမယ်ဆိုတာရယ် သူရဲ့ ဒီပရောဂျက်မှာ ပါဝင်ပတ်သက်တဲ့ အခန်းကဏ္ဍက ဘာ ဆိုတာရယ်ကို စာရွက်ပေါ်မှာ ရေးချ လက်မှတ်ရေးထိုးခိုင်းပါလို့ အကြံပြုလိုပါတယ်။ လူတွေ အနေနဲ့ လုပ်ဆောင်ချက် တစ်ခုမှာ သူ့ရဲ့ အခန်းကဏ္ဍက ဘာဆိုတာကို တိတိပပ သိထား နားလည်ထားရင် လုပ်ဆောင်ချက် အထမြောက် အောင်မြင်စေဖို့ ပိုမို အားသွန်ခွန်စိုက် ဆောင်ရွက်လေ့ရှိတတ်တယ်။ ကျွန်မတို့ လုပ်ငန်းထဲမှာတော့ ကန်ထရိုက်နဲ့ ညှိနှိုင်းဆောင်ရွက်တဲ့ ကိစ္စတွေမှာ Project အတွင်း ဘာတွေ လုပ်ဆောင်ရမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်ကို ထည့်သွင်း ရေးဆွဲထားတဲ့ လုပ်ဆောင်ရမဲ့ အခန်းကဏ္ဍ သဘောတူညီချက် စာတမ်းကို အသုံးပြုပါတယ်။ ဒီစာတမ်းကို သုံးခြင်းကြောင့် Project အဆုံးမသတ်ခင်မှာ Project တွင်း တာဝန်ဝတ္တရားများ၊ ပြီးမြောက်ရမဲ့ ကိစ္စရပ်များ၊ အချိန်သတ်မှတ်ချက်များ ကို ပြတ်ပြတ်သားသား ရေးဆွဲနိုင်ပါတယ်။ နောက်ထပ် သတိထားရမဲ့ တစ်ချက်ကတော့ သင်ဟာ စနစ်တစ်ခု ထည့်သွင်း အသုံးချဖို့ ရည်ရွယ်ခဲ့လို့ အကယ်၍ အဲဒီစနစ်ကို သူများ နားလည်အောင် ရှင်းမပြနိုင်ဘူးဆိုရင် အဲဒီစနစ်ကို မသုံးတာ ကောင်းတယ်။


၃ ။ လက်တွေ့အသုံးချခြင်း

အစဉ်သဖြင့် ရှုပ်ထွေးတတ်တယ် ဆိုတာ သတိရပါ။ လက်တွေ့ အသုံးချခြင်းကို ရိုးရှင်းနိုင်သမျှ ရိုးရှင်းအောင် ဆောင်ရွက်ပြီး၊ အကယ်၍ မအောင်မြင်ခဲ့ရင် မူလအတိုင်း ပြန်ရှိနေစေအောင် နည်းဗျူဟာချ လုပ်ဆောင်ပါ။ မထင်မှတ်ဘဲ တွေ့လာရတဲ့ ရလဒ်တွေအပေါ် သင် ဘယ်လို ကိုင်တွယ် ဖြေရှင်းသလဲ ဆိုတဲ့ ကိစ္စက အောင်မြင်မှုနဲ့ ကျရှုံးမှုကို နှစ်ခုစလုံး ဖြစ်သွားစေနိုင်ပါတယ်။ အရေးကြီးတဲ့ အဆုံးအဖြတ် မရေမရာ တာမျိုး၊ အဖြေ မထွက်တာမျိုး ဖြစ်စေပြီး Project အဖွဲ့ကို အချိန်ပို လုပ်ဆောင်ခိုင်းခြင်းမျိုးနဲ့ Project အဖွဲ့ စိတ်ဓာတ်ပျက်ပြားအောင် မလုပ်မိပါစေနဲ့။ အဖွဲ့သား အားလုံး သတင်းအချက်အလက် မပြတ်စေဖို့နဲ့ Project အတွက် တာဝန်ရှိနေတယ်ဆိုတာ သိအောင်ဆောင်ရွက်ပါ။ အချိန်နဲ့ တပြေးညီ ပြီးမြောက်မှုကို အဟန့်အတား ဖြစ်စေမဲ့ မမျှော်လင့်ထားတဲ့ ကိစ္စတွေ ဖြစ်လာခဲ့ရင် နောက်ပြန်ဆုတ်ဖို့လည်း မတုံ့နှေးစေဖို့ လိုပါတယ်။


၎ ။ ပြန်လှန်သုံးသပ်ခြင်း

ဒါက တန်ဖိုး အရှိဆုံးကိရိယာ တစ်ခုပဲ။ Project တစ်ခုပြီးသွားတဲ့ နောက်ပိုင်းကျမှ ဘယ်နေရာလေးကို ဘယ်လိုလေး လုပ်လိုက်ရမှာ၊ အဲလိုလေး ပြောင်းလုပ်လိုက်ရင် ကောင်းမှာ ဆိုတာမျိုးတွေ တပုံတပင် သိရတတ်ပါတယ်။ Project ကာလ အတွင်းမှာ အဲဒီ ကိစ္စတွေကို မှတ်တမ်း အနေနဲ့ စုဆောင်း ထည့်သွင်းထားရင် ပိုပြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ဒီမှတ်စုလေးကို Project ပြီးဆုံးသွားတဲ့ နောက်မှာ ဘယ်ကိစ္စရပ်တွေ လုပ်ဆောင်ချက်တွေကို ဘယ်လို အဆင့်မြှင့်တင်ဖို့ လိုအပ်တယ်ဆိုတာ ပြန်လည် သုံးသပ်နိုင်စေဖို့ အသုံး ချနိုင်ပါတယ်။ Project အပြီးမှာ ပြုလုပ်တဲ့ တုံ့ပြန်မှု ပေးနိုင်မှာ သေချာတဲ့ အဖွဲ့သား အားလုံး တက်ရောက်တဲ့ Project အဖွဲ့ အစည်းအဝေးမှာ ပါဝင် ပတ်သက်သူ အားလုံးဆီက တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေ ရနိုင်ပါတယ်။


ကောက်ချက်ချခြင်း

Project Manager တွေဟာ စနစ် ပုံစံကျတဲ့ နည်း ဥပဒေများကို သင်ယူ လေ့လာထားရပါမယ်။ ရှေ့က လုပ်ဆောင်ဖူးတဲ့ သူများ အခြား အတွေ့အကြုံ ရင့်ကျက်တဲ့ Project Manager များထံမှ အကူအညီတွေ ရယူပြီး လက်တွေ့ အသုံးချ ရပါမယ်။ အရှင်းဆုံး ပြောရရင် ကိုယ်တိုင် ၀င်ရောက် လုပ်ကိုင်ခြင်းထက် Project Management နဲ့ အစီအစဉ်ချခြင်း အတွက် အကျွမ်းတ၀င် ရှိလာစေမဲ့ တခြား နည်းလမ်း မရှိပါဘူး။ အောင်မြင်တဲ့ Project တစ်ခု ဖြစ်စေဖို့ အသုံးပြုတဲ့ စတင်တဲ့ အချိန်မှာ သုံးတဲ့ နည်းဥပဒေသ (ဒါမှမဟုတ်) စံ နမူနာများက လွဲရင် ချွေးထွက်တဲ့ ပင်ပန်းမှု၊ အသင်းအဖွဲ့နဲ့ ဆောင်ရွက်မှု၊ ကြိုးပမ်း အားထုတ်မှုနဲ့ ကိုယ်တိုင် ပါဝင် ဆောင်ရွက်မှုတွေက အစားထိုးမရတဲ့ အရင်းအနှီးတွေပဲ။ အထက်က အချက်လေးချက်ကို အသုံးချပြီးတော့ သင်ကြုံ ရနိုင်တဲ့ အခက်အခဲ၊ ပြဿနာ အရေအတွက် ပမာဏကို လျော့ကျအောင် ဆောင်ရွက်နိုင်ပါတယ်။

စာရေးသူ မီရှဲလ် (Michele Webb)သည် ကိုယ်ပိုင်အင်တာနက် စာမျက်နှာ ပိုင်ဆိုင်ပြီး အမျိုးသမီး အင်တာနက် စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ အသင်းတော်တော်များများမှာ အဖွဲ့ဝင် ဖြစ်ပြီးတော့ အမေရိကန် ပြည်ထောင်စု၊ နီဗားဒါးပြည်နယ် လပ်စ်ဗေးဂတ်စ်မှာ သူမရဲ့ ခွေး၂ကောင်နဲ့ နေထိုင်ပါတယ်။ မီရှဲလ်ကို ဆက်သွယ်ဖို့ အီးမေးလ်လိပ်စာက news@ebooksnstuff.com ဖြစ်ပြီး သူ့အင်တာနက် စာမျက်နှာက www.ebooksnstuff.com ဖြစ်ပါတယ်။

Original Version

Related Posts


For Furthur Reading...

ဒီပို့စ်ရဲ့ Comment မှာ ကိုအောင်က ဒီလို ရေးသွားပါတယ်။

"ဟေ့လူ။ Project Management ကို စိတ်ဝင်စားရင် O'REILLY က ထုတ်တဲ့ Head First PMP စာအုပ်ကို ဖတ်ကြည့်။ 4shared.com မှာ pdf download လုပ်လို့ရတယ်။ PM အကြောင်းရှင်းတာ အလွန်လွယ်ပြီး အလွန်ထိမိတယ်။ ..... "

အဲဒီအတွက် မောင်လူအေး သွားရောက် မွှေနှောက်ပြီး သကာလ Download လုပ်၊ လိုအပ်သူများ လွယ်လင့်တကူ ကူးယူနိုင်စေဖို့... Hosting တစ်ခုမှာ ပြန်တင်ပြီး ပြန်ဝေမျှ လိုက်ပါတယ်ဗျာ... အောက်က ပုံလေးကို ကလစ်လုပ်ပြီး Download လုပ်နိုင်ပါကြောင်း...

ဝေမျှပေးတဲ့ ကိုအောင် ကိုလည်း ကျေးဇူးပါဗျာ...


Oct 18, 2008

Regarding to Project Management

မောင်လူအေး မနေ့က စပြီး ကုမ္ပဏီက ပရောဂျက်တစ်ခု စပေးတယ်။ ဒီကုမ္ပဏီကို ရောက်တာ 2 လသက်တမ်း အတွင်းမှာ အယင်က Ang Mo Kio နားက စာသင်ကျောင်းလေး တစ်ခု ဆောက်လုပ်ရေးကို ကိုင်တွယ်ခိုင်းပါတယ်။ တကယ်တော့ ခုလက်ရှိ လုပ်နေရတဲ့ အဲဒီ စာသင်ကျောင်းလေးကလည်း မပြီးသေးဘူး။ မနေ့ကမှ စပြီး အစည်းအဝေးတစ်ခု သွားတက်ရတယ်။ လက်ရှိ Sentosa နဲ့ Vivocity ကြားမှာ ဆောက်နေတဲ့ Resorts World Sentosa Site ထဲက တစ်ပိုင်းမှာပေါ့။ Site က အမှန်တကယ်တမ်း အင်မတန်ကြီးတယ်။ အဲဒီ Site ကြီးကို အပိုင်းပိုင်းခွဲပြီး 2009 နိုဝင်ဘာမှာ အပြီးဆောက်မယ်လို့ ဆိုတယ်။ တကယ်တမ်း အဲဒီ ပရောဂျက် စနေခဲ့တာ 2007 နှစ်ကုန်ပိုင်းကတည်းကပါ။ မောင်လူအေးတို့ လုပ်ငန်းက Second Phase မှာမှ စရတာဆိုတော့ အခုနေမှ စ၀င်ရမှာ ဖြစ်တယ်။ အဲဒီတော့ Site မှာပျော်တဲ့ မောင်လူအေး Site ထဲ ပြန်ရောက်သွားတယ်။

ဒါက Resorts World Sentosa ရဲ့ တည်ဆောက်ပြီးရင် ဖြစ်လာမဲ့ ပုံပါ။

တကယ်တမ်း မောင်လူအေး ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲ စ၀င်ကတည်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ စ၀င်ခဲ့တာပါ။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ရဲ့ အနေအထားက မြောက်မြားလှစွာသော ညှိနှိုင်း ဆောင်ရွက်မှုပေါင်း သောင်းခြောက်ထောင်နဲ့ နိစ္စဒူဝ လုံးထွေး သတ်ပုတ်နေရတဲ့ လုပ်ငန်းခွင် ဖြစ်ပါတယ်။ အသက် ၂၀ စွန်းစွန်းမှာ မောင်လူအေး Site ထဲ စ၀င်တော့ ရှေ့ကရောက်နှင့် နေကြပြီးတဲ့ Senior ကြီးများရဲ့ ဖေးမဆွဲခေါ်မှုနဲ့ အလွန်တရာမှ အဆင်ပြေချောမွေ့ခဲ့တယ်။

Site ဆိုတဲ့ သဘောသဘာဝက နေ့စဉ်နဲ့ အမျှ ပြဿနာတွေ ရှိတယ်။ ပြင်ဆင်မှု ပြောင်းလဲမှုတွေလည်း အနာမတဂ္ဂ ဆိုတော့ ကနေ့ တစ်မျိုး တပ်ဆင်ထားခဲ့တယ်။ နောက်နေ့ကျ ဒါမျိုး မဟုတ်တော့ ပြန်ဘူး။ ခဏခဏကို ပြောင်းတယ်။ အဲလို ပြောင်းလဲမှု ကြုံတဲ့အခါ အယင်သတ်မှတ်ထားတာကို လက်မှတ်ထိုးထားခဲ့ရင် ပြင်ဆင်မှုအတွက် အခကြေးငွေ ပြန်ရပြီးတော့ မထိုးထားခဲ့မိလို့ကတော့ အတော်ကို စကားပြောရပါတယ်။

အဲဒီ အထဲမှာမှ များပြားလှသော လုပ်ငန်းလုပ်ဆောင်တဲ့ အဖွဲ့ငယ်လေးတွေ အစုလိုက် အစုလိုက်ဆိုတော့ ပိုင်ရှင် ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ ညှိရ၊ အချင်းချင်း ညှိရ၊ အတော်လေး စိတ်ညစ်ရတယ်။ ကဲ စိတ်ညစ်တယ်ပြောရင် ဘာလို့လုပ်နေသေးလဲ ပြောစရာ ရှိပါတယ်။ အဲလို ညှိနှိုင်းတိုင်ပင်မှု အခက်အခဲလေးတွေ ရှိတဲ့နေရာတိုင်းမှာ ညှိနှိုင်းလို့ တိုင်ပင်လို့ အဆင်ပြေချောမွေ့သွားရင် အင်မတန်မှ ပျော်စရာ ကောင်းပါတယ်။

ဒီအဆောက်အဦကြီး အမြန်ဆုံးနဲ့ အကောင်းဆုံး ပြီးမြောက်ရေး ဆိုတဲ့ တူညီတဲ့ ရည်ရွယ်ချက် တစ်ခုတည်းနဲ့ အားလုံးက လုပ်ဆောင်နေကြတဲ့ အတွက် ညှိနှိုင်းတိုင်ပင် ငြင်းခုန်ကြတယ်ဆိုတာဟာ အားလုံးက ရည်ရွယ်ချက် ကောင်းလေးတွေနဲ့ ပါပဲ။ တူညီတဲ့ ရည်ရွယ်ချက်ကို မူတည်ပြီး ပြိုင်ဆိုင် ငြင်းခုန်ကြရင်း ပြေလည်သွားပြီဆိုရင် ရတဲ့ ပီတိဟာ ဘာနဲ့မှ မတူပါဘူး။ ၁၀၀ တန်တဲ့ အန္တိမရည်မှန်းချက်ကြီး အောင်မြင် ပြီးမြောက်ဖို့အတွက် ၁၀ တန် အကြောင်းအရာလေးတစ်ခု ဖြတ်ကျော် အောင်မြင်သွားတာပါပဲ။ ရံဖန်ရံခါမှာ ဖြစ်ပေါ်လာတဲ့ ညှိနှိုင်းမှုက အကျပ်အတည်းဘက်ကို ဦးတည်သွားပြီဆိုရင် အဲဒီနေရာကနေ ထွက်ကို ပြေးချင်လောက်အောင် စိတ်ထဲ ဖြစ်တတ်ကြတယ်။

အခါများစွာပဲ Site ထဲမှာ ပြဿနာတက်ပြီ ဆိုရင် မောင်လူအေးတို့ အော်ဆိုနေကျ သီချင်းလေး တစ်ပုဒ်ရှိတယ်။ တစ်ခါတလေတော့လည်း အဝေးဆုံးကို ထွက်ပြေးသွားချင်ပေမဲ့လည်း ကိုယ့်ရဲ့ စိတ်တွေ အမြဲတမ်း မင်းဆီမှာပဲ …. ဆိုတဲ့ သီချင်း အပိုင်းလေးပေါ့…

တော်ပြီ… ဒီ Site ပြီးရင်တော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲ မလုပ်တော့ဘူး။ အလုပ်ပြောင်းတော့မယ်ကွာ ဆိုတဲ့ အတွေးမျိုး မပေါ်ဘဲနဲ့တော့ ဘယ်ဆောက်လုပ်ရေး လုပ်ငန်းမှ လက်စသတ် ပြီးသွားလေ့ မရှိဘူး။ ဒါပေမဲ့ အဲဒီအတွေးတွေက ကိုယ်တွေ ကျားကုတ်ကျားခဲ ညှိနှိုင်းတိုင်ပင် ငြင်းခုန်ပြီး တည်ဆောက်ထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းပြီးသွားတဲ့ နောက်မှာ အဲဒီ အဆောက်အဦးကို ကြည့်ပြီး ရလာတဲ့ ပီတိကပဲ အဲဒီ အတွေးတွေကို ချေဖျက်ပြီးသား ဖြစ်သွားပါလေရောဗျာ။ နောက်တစ် Site စတော့မယ် မင်းမပါတော့ဘူးလား မေးစရာကို မလိုလောက်အောင် တစ် Site မပြီးသေးဘူး နောက်တစ် Site အတွက် ဆာဗေးစဆင်း တိုင်းထွာတွက်ချက် လုပ်ကြတဲ့ အခါမှာလည်း ငြင်းဆန်မှုမရှိဘဲ အလိုက်သင့်ပါနေုပြန်ရော။ အဲဒီအတွက်လည်း Site ထဲပျော်တဲ့ Site ပျော် အင်ဂျင်နီယာများ ဆိုက်ထဲကနေ အခြား အဲယားကွန်းအပြည့်တပ်ထားတဲ့ ရုံးခန်းထဲ ထိုင်လုပ်ရမယ့် အလုပ်သာ ပေးလို့ကတော့ တီကောင်ကို ဆားနဲ့ ပက်သလို တွန့်လိမ် တွန့်လိမ်နဲ့ ပြဿနာတွေ ပြည့်နှက်နေတဲ့ Site ထဲပဲ ပြန်ခြေချချင် နေကြတာပါပဲ။

အယင်ရောက်နှင့်နေတဲ့ Senior တွေက ကူညီဆွဲခေါ်တာ အတော်လေး ကောင်းတဲ့ အတွက်သာ မောင်လူအေးအနေနဲ့ အတော်လေး အဆင်ပြေ ချောမွေ့ခဲ့ခြင်း ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်လမ်းညွှန်၊ Project Management ဆိုပြီး စာအုပ်စာတမ်းတွေလည်း မဖတ်ခဲ့ရ။ မသင်ခဲ့ရလေတော့ အတော်လေး ကသိကအောင့် နိုင်ခဲ့တယ်။ အဲဒီတော့ Project Management ဆိုတဲ့ ဗိုလ်လို ရေးထားတဲ့ စာလေးတွေ ရှာဖတ်ဖြစ်တယ်။ ရှာဖတ်ဖြစ်တော့လည်း တစ်ခေါက်ဖတ်လိုက်ပြီးရင် ခဏပဲ မှတ်မိပြီး ခဏနေရင် မေ့မေ့ ပျောက်ပျောက် ဖြစ်သွားလေ့ရှိပါတယ်။ အဲလို ဖြစ်မသွားစေချင်လို့ ကိုယ်ဖတ်ထားတဲ့ စာလေးတွေကို မြန်မာပြန်ပြီး ဘလော့ထဲ တင်ထားရင် ကိုယ်တိုင်လည်း ပြန်ဖတ်ဖို့ ရသလို ဖတ်ချင်သူများလည်း လာရောက် ရှာဖွေ ဖတ်ရှုနိုင်မယ်လို့ တွေးမိတယ်။ အဲလို တွေးမိခြင်းရဲ့ အစခြေလှမ်းအနေနဲ့ Project Planning ကို စတင် ဘာသာပြန်လိုက်ပါတယ်။ အော်ရီချင်တယ် ဗားရှင်းကို ဖတ်ချင်ရင်တော့ ဒီမှာ သွားရောက် ဖတ်ရှုနိုင်သလို ပီဒီအက်ဖ်နဲ့လိုချင်သပ ဆိုရင်လည်း ဒီနေရာလေးမှာ ရယူနိုင်ပါတယ်ဗျာ။ မူရင်း စာရေးသူက Duncan Haughey, PMP ဖြစ်ပါတယ်။ အကြောင်းအရာ အနေနဲ့ ကောင်းမွန်တယ်ဆိုရင် မူလစာရေးသူရဲ့ အရေးအသား ကောင်းခြင်းကြောင့် ဖြစ်ပြီး ဖတ်လို့ နားရှုပ်မယ်ဆိုရင်တော့ မောင်လူအေးရဲ့ ဘာသာပြန် ညံ့ဖျင်းမှု ကြောင့်သာ ဖြစ်ပါကြောင်း။

***********************************************************************************************

လုပ်ငန်းအစီအစဉ် ချမှတ်ခြင်း နည်းစဉ်တစ်ခုချင်းလမ်းညွှန်

အောင်မြင်သော Project တစ်ခု၏ အဓိကသော့ချက်သည် အစီအစဉ်ချမှတ်ခြင်းပဲ ဖြစ်တယ်။ ဘယ်လိုမျိုး Project ကိုပဲ ကိုင်တွယ်တာပဲဖြစ်ဖြစ် အစကနဦး လုပ်ဆောင်ရမဲ့ အချက်က အစီအစဉ်ချမှတ်ခြင်းပဲ။ ရံဖန်ရံခါမှာ လုပ်ငန်းစတင်လိုဇောနဲ့ ဒီအဆင့်ကို လျစ်လျူရှုထားခဲ့တတ်ကြတယ်။ ဒီအတွက်လည်း အချိန်ကုန်၊ ငွေကုန် သက်သာပြီး အခက်အခဲအမြောက်အမြားကို လျော့နည်းစေတဲ့ Project အစီအစဉ်ရဲ့ အသုံးတည့်ပုံတန်ဖိုးကို လူအတော်များများ သတိမပြုမိတတ်ကြဘူး။ ဒီဆောင်းပါးပါ အချက်အလက်တွေဟာ ပရောဂျက် အစီအစဉ်ချမှတ်ခြင်းအတွက် ရိုးစင်းပြီး လက်တွေ့ကျတဲ့ အချက်လေးတွေနဲ့ စုစည်းထားတယ်။ ဒီဆောင်းပါးကို ဖတ်ပြီးတဲ့နောက်မှာ နောက်ထပ် ကိုင်တွယ်ရမဲ့ Project တွေအတွက် အသုံးတည့်မဲ့ ပြည့်စုံခိုင်လုံတဲ့ Project အစီအစဉ်ချမှတ်နည်းကို ရရှိပါလိမ့်မယ်။

အဆင့် ၁ Project ရည်မှန်းချက်များ

Project တစ်ခုမှာ ပါဝင်ရင်းနှီးမြှုပ်နှံတဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ လိုအပ်ချက်များ ပြည့်စုံစေမယ်ဆိုရင် Project ဟာ အောင်မြင်တယ်။ ရင်းနှီးမြှုပ်နှံသူများထဲမှာ Project နဲ့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပတ်သက်နေတဲ့ မည်သူကိုမဆို ဆိုလိုတယ်။ ဒါကြောင့် ပထမအဆင့်မှာ မိမိပါဝင်ကိုင်တွယ်မဲ့ Project မှာ ရင်းနှီးမြှုပ်နှံသူတွေက ဘယ်သူတွေလည်း ဆိုတာသိအောင်လုပ်ရမယ်။ Project တစ်ခုရဲ့ ရင်းနှီးမြှုပ်နှံသူတွေကို သိအောင်လုပ်ရတာ အမြဲတမ်း လွယ်ကူလေ့တော့ မရှိဘူး။ အထူးသဖြင့် တဆင့်ခံ ပါဝင်ပတ်သက်နေတဲ့ သူတွေဆို ပိုဆိုးတာပေါ့။ ရင်းနှီးမြုပ်နှံသူတွေကို သာဓက အနေနဲ့ ပြောရရင်

• Project Sponsor
• Project ရဲ့ သဘောတူညီထားတဲ့ လွှဲအပ်ရမဲ့ အရာတွေကို လက်ခံမဲ့သူ
• Project ရလာဒ်တွေကို အသုံးပြုမဲ့ သူများ
• Project မန်နေဂျာ နှင့် Project အဖွဲ့

ရင်းနှီးမြှုပ်နှံသူတွေဘယ်သူတွေလဲဆိုတာကို သိပြီးတဲ့နောက်မှာ နောက်တစ်ဆင့်က သူတို့ရဲ့ လိုအပ်ချက်တွေကို စာရင်းပြုရမယ်။ အကောင်းဆုံးနည်းလမ်းကတော့ ရင်းနှီးမြှုပ်နှံသူနဲ့ လူတွေ့ ဆွေးနွေးခြင်းပဲ ဖြစ်တယ်။ တကယ်အကျိုးသက်ရောက်မှုရှိတဲ့ အမှန်တကယ်လိုအပ်ချက်တွေကို စုစည်း စာရင်းလုပ်နိုင်ဖို့ အချိန်ယူပြီး တွေ့ဆုံဆွေးနွေးပါ။ ရံဖန်ရံခါမှာ မြှုပ်နှံသူက လုပ်ငန်းနဲ့ တိုက်ရိုက် မပတ်သက်တဲ့အမှန်တကယ် အကျိုးသက်ရောက်မှုလည်း မရှိတဲ့ အချက်တွေကိုလည်း ပြောလိမ့်မယ်။ ဒီ အချက်တွေကို အရေးပါမှုနည်းတဲ့ အချက်များ အဖြစ်မှတ်သားထားနိုင်တယ်။ ဒီလို တွေ့ဆုံ ဆွေးနွေးမှုတွေ ပြီးတဲ့နောက်မှာ လိုအပ်ချက်များကို ဦးစားပေး အစဉ်အလိုက် စီထားတဲ့ ရိုးရှင်းလွယ်ကူတဲ့ စာရင်းတစ်ခု ပြုစုပါ။ ဒီ ဦးစားပေး အဆင့်အလိုက် စာရင်းက နေပြီးတော့ လွယ်လင့်တကူ ဖြတ်ကျော်အောင်မြင်နိုင်မဲ့ ရည်မှန်းချက်များ အဖြစ် ပြန်လည် တည်ဆောက်ပါ။ ဒီအဆင့်ကို လုပ်ဆောင်ဖို့ SMART Principle (Smart Principle များကို ထပ် ဘာသာပြန် ပါဦးမယ်။) များအရ သုံးသပ်ပြီး လုပ်ဆောင်ပါ။ ဒီနည်းလမ်းအရ ရည်မှန်းချက်တစ်ခု အောင်မြင်တိုင်းမှာ အလွယ်တကူ သိရှိစေနိုင်တယ်။ ရိုးစင်းရှင်းလင်းတဲ့ ရည်မှန်းချက်များ စာရင်းပြုပြီးနောက်မှာ အဲဒီရည်မှန်းချက်တွေကို ပရောဂျက် အစီအစဉ်မှာ ထည့်သွင်းမှတ်တမ်းတင်ပါ။ Project မှာ ရင်းနှီးမြှုပ်နှံသူများရဲ့ လိုအင်များ မျှော်လင့်ချက်များကိုလည်း ထည့်သွင်းရေးသားမယ်ဆိုရင် ပိုပြီး အသုံးတည့်ပါလိမ့်မယ်။ ဒါဆိုရင် Project အစီအစဉ် ချမှတ်ခြင်းရဲ့ အခက်ခဲဆုံး အဆင့်ကို ကျော်လွန်ပြီးမြောက်ခဲ့ပြီဖြစ်ပါတယ်။ ဆက်လက်လုပ်ဆောင်ရမဲ့ အချက်ကတော့ Project ရဲ့ ပေးအပ်ရမဲ့ ရလာဒ်များကို လေ့လာရမှာပဲ ဖြစ်တယ်။

အဆင့် ၂ Project ၏ လွှဲအပ်ရမဲ့ ရလာဒ်များ

အဆင့် ၁ မှာ ပြုစုထားတဲ့ ရည်မှန်းချက်များကို အသုံးပြုပြီး အဲဒီရည်မှန်းချက်များ အထမြောက် အောင်မြင်စေဖို့ Project ရဲ့ လွှဲပြောင်းပေးအပ်ရမဲ့ အကြောင်းအရာများ စာရင်းပြုစုပါ။ အချက် တစ်ချက်ချင်းအတွက် ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ လွှဲအပ်ရမယ်ဆိုတာကိုပါ တိတိကျကျ ပြုစုပါ။ Project ရဲ့ လွှဲပြောင်းပေးအပ်ရမဲ့ ခန့်မှန်းလွှဲအပ်ရမဲ့ နေ့စွဲကိုလည်း ထည့်သွင်းပါ။ နောက်တစ်ဆင့်ဖြစ်တဲ့ Project အချိန်ဇယား ရေးဆွဲတဲ့အခါ ပိုမိုတိကျသေချာတဲ့ လွှဲပြောင်းပေးအပ်ရမဲ့ နေ့ရက်များကို ထည့်သွင်းရပါမယ်။

အဆင့် ၃ ပရောဂျက်အချိန်ဇယား

အဆင့် ၂ မှာ ပြုစုပါရှိတဲ့ လွှဲပြောင်းပေးအပ်ရမဲ့ အချက်တစ်ချက်ချင်းစီအတွက် လုပ်ဆောင်ရမဲ့ လုပ်ငန်းဆောင်တာများ စာရင်းပြုစုပါ။ အချက်တစ်ချက်ချင်းစီအတွက် အောက်ပါအချက်များ ပါဝင်ပါလိမ့်မယ်။

• လုပ်ငန်းဆောင်တာများ ပြီးမြောက်ဖို့ လိုအပ်တဲ့ အားစိုက်ထုတ်မှုများ (ဘယ်နှစ်နာရီ (သို့) ဘယ်နှစ်ရက်)
• လုပ်ငန်းဆောင်တာများ လုပ်ဆောင်မဲ့ အရင်းအမြစ်များ

လုပ်ငန်းဆောင်တာများ လုပ်ဆောင်ဖို့ လိုအပ်တဲ့ အားစိုက်ထုတ်မှုများ စာရင်းပြုပြီးတဲ့နောက်မှာ လွှဲပြောင်းပေးအပ်ရမဲ့ အချက်တစ်ချက်ချင်းစီအတွက် လိုအပ်တဲ့ အားစိုက်မှုများနှင့် ပိုမိုတိကျတဲ့ လွှဲအပ်မဲ့ နေ့ရက်တို့ကို ထုတ်နှုတ်တွက်ချက်နိုင်ပါလိမ့်မယ်။ လွှဲပြောင်းပေးအပ်ရမဲ့ စာရင်းများ အခန်းကဏ္ဍကို ပိုမိုတိကျတဲ့ လွှဲပြောင်းပေးမဲ့ နေ့စွဲများနှင့် ပြင်ဆင်သတ်မှတ်ပါ။ အစီအစဉ်ချမှတ်ခြင်းရဲ့ ဒီအဆင့်မှာ Microsoft Project လိုမျိုး Software မျိုးနဲ့ Project အချိန်ဇယားကို ရေးဆွဲနိုင်ပါတယ်။ အခြားသော အခမဲ့ရရှိနိုင်တဲ့ နမူနာပုံစံများနဲ့လည်း ရေးဆွဲနိုင်ပါတယ်။ လွှဲအပ်ရမဲ့ အချက်များ၊ လုပ်ငန်းဆောင်တာများ၊ ကြာမြင့်ချိန်များ နဲ့ ဒီလုပ်ငန်းဆောင်တာတွေကို ဘယ်သူတွေက လုပ်ဆောင်မယ်ဆိုတဲ့ အရင်းအမြစ်များ အားလုံးကို ထည့်သွင်းရေးဆွဲပါ။

ဒီနေရာမှာ အများအားဖြင့် တွေ့ရတတ်တဲ့ အခက်အခဲတစ်ခုက Project Sponsor က ပေးထားတဲ့ လွှဲအပ်ရမဲ့ နေ့နဲ့ မိမိ ရေးဆွဲထားတဲ့ ခန့်မှန်း လွှဲအပ်နိုင်မဲ့ နေ့တို့က မတူညီ ကွဲပြားနေတာပဲ ဖြစ်ပါတယ်။ ဒီလို အဖြစ်မျိုး ကြုံလာခဲ့မယ်ဆိုရင် Project Sponsor နဲ့ ချက်ချင်း ဆက်သွယ် ဆောင်ရွက်ပါ။ ဒီ အခြေအနေမှာ ရွေးချယ်နိုင်တဲ့ နည်းလေးတွေက

• Project အဆုံးသတ်နေ့ရက်ကို ပြန်လည် ညှိနှိုင်းခြင်း ( ကြန့်ကြာပါမယ်)
• အရင်းအမြစ် (လူအင်အားစသည်) ထပ်တိုးခန့်ထား သုံးစွဲခြင်း ( ကုန်ကျမှု မြင့်မားလာပါမယ်။)
• Project ရဲ့ လုပ်ကွက် လျှော့ချခြင်း (လွှဲပြောင်းပေးအပ်ရမဲ့ အချက်လျော့သွားပါမယ်။)

တို့ပဲ ဖြစ်ကြပါတယ်။

အထက်ပါ အချက်များထဲက တစ်ခုခုကို ရွေးချယ်ပြီး Project အချိန်ဇယားကို ချိန်ညှိပါ။

အဆင့် ၄ အထောက်အကူပြုအစီအစဉ်များ

Project အစီအစဉ် ချမှတ်ခြင်း နည်းစဉ်ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ဒီအပိုင်းကို ထည့်သွင်းရေးဆွဲ ရပါမယ်။ Project အစီအစဉ်ထဲမှာလည်း တိုက်ရိုက် ထည့်သွင်းရေးဆွဲနိုင်ပါတယ်။

လူစွမ်းအားအရင်းအမြစ် အစီအစဉ်

Project မှာ ဦဆောင်ဦးရွက် လုပ်ဆောင်မဲ့ လူတစ်ဦးချင်း နှင့် အဖွဲ့အစည်းအလိုက် အမည်နာမများကို ထည့်သွင်းရေးဆွဲပါ။ တစ်ဦးချင်း တစ်ဖွဲ့ချင်းစီအတွက် Project ရဲ့ သူတို့ရဲ့ အခန်းကဏ္ဍနဲ့ လုပ်ဆောင်ရမဲ့ တာဝန်ဝတ္တရားများကို ဖော်ပြပါ။

ထပ်မံ၍ Project ကို ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ လူအရေအတွက်နဲ့ ကျွမ်းကျင်မှုများကို ဖော်ပြပါ။ အရင်းအမြစ်တစ်ခုစီအတွက် အသေးစိတ် လုပ်ငန်းစတင်ရက်၊ ခန့်မှန်း ကြာမြင့်ချိန်၊ လုပ်ငန်းပြီးမြောက်စေဖို့ လုပ်ဆောင်မဲ့ နည်းစနစ်တို့ကို ပါဝင်အောင် ထည့်သွင်းပါ။ အဲဒီအချက်အလက်တွေ အားလုံးပါဝင်တဲ့ စာရင်းတစ်စောင် ပြုစုပါ။

ဆက်သွယ်မှု အစီအစဉ်

Project နှင့် ပတ်သက်၍ ဘယ်သူတွေဆီကို ဘယ်လိုနည်းနဲ့ ဆက်သွယ် သတင်းပို့ရမယ်ဆိုတာတွေ ပါဝင်တဲ့ စာရင်းတစ်ခု ပြုစုပါ။ အသုံးအများဆုံး စနစ်ကတော့ Project ဘယ်လို လည်ပတ်နေကြောင်း ရရှိဖြစ်ပေါ်နေတဲ့ ထူးခြားဖြစ်စဉ်များနဲ့ နောက်လာမဲ့ အချိန်ပိုင်းအတွက် ဘာတွေ လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်း အချက်တွေ ပါဝင်တဲ့ အပတ်စဉ် (သို့) လစဉ် ဖြစ်ပေါ်တိုးတက်မှု အစီရင်ခံစာပဲ ဖြစ်တယ်။

အန္တရာယ် ကြီးကြပ်ကိုင်တွယ်မှု အစီအစဉ်

အန္တရာယ် ကြီးကြပ် ကိုင်တွယ်မှုသည် Project ကြီးကြပ်ကွပ်ကဲမှုရဲ့ အဓိကကျတဲ့ အစိတ်အပိုင်း ဖြစ်တယ်။ ရံဖန်ရံခါမှာ မျက်စိလျှမ်းပြီး ကျော်သွား တတ်ကြပေမဲ့လို့ Project အတွင်းမှာ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတွေ အများကြီး ရှိနေပြီးတော့ ဆိုးရွားတဲ့ ထိခိုက်မှုဖြစ်လာခဲ့ရင် ဘယ်လိုကိုင်တွယ်မယ်ဆိုတာ ဖော်ပြထားဖို့ လိုပါတယ်။

ပုံမှန် Project တစ်ခုရဲ့ ပတ်သက်တဲ့ အန္တရာယ်တွေထဲက အချို့မှာ

• အချိန်နဲ့ ကုန်ကျမှု ခန့်မှန်းချက်များက အလွန်အမင်း အကောင်းမြင်ထားခြင်း
• သုံးစွဲသူရဲ့ သုံးသပ်မှုနဲ့ တုံ့ပြန်မှု လုပ်ငန်းစဉ် အလွန်နှေးကွေးခြင်း
• မမျှော်လင့်တဲ့ ငွေကြေးပြတ်တောက်မှုများ
• အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရား ရှင်းလင်းပြတ်သားမှု မရှိခြင်း
• မြှုပ်နှံသူရဲ့ ပါဝင်မှု ရအောင် မကြိုးစားနိုင်ခြင်း နှင့် သူတို့ရဲ့ လိုအပ်မှုကို ရှင်းရှင်းလင်းလင်း နားမလည်ခြင်း
• Project စတင်ပြီးချိန်မှ မြှုပ်နှံသူက ၎င်းတို့ရဲ့ လိုအပ်ချက်တွေ ပြောင်းလဲခြင်း
• Project စတင်ပြီးတဲ့ နောက်မှ မြှုပ်နှံသူက လိုအပ်ချက် အသစ်တွေ ထပ်တိုးခြင်း
• အဓိပ္ပာယ်ကောက်လွဲခြင်းများ၊ စံသတ်မှတ်ချက် ပြဿနာနှင့် ထပ်ထပ်လုပ်နေရခြင်း တို့ဖြစ်စေတဲ့ ဆက်သွယ်ဆောင်ရွက်မှုအားနည်းခြင်း
• အရင်းအမြစ် သတ်မှတ်ချက်များ ချို့ယွင်းခြင်း

အန္တရာယ်များကို အန္တရာယ် ဖြေရှင်းနည်းစဉ်အတိုင်း လိုက်ပါဆောင်ရွက်နိုင်တယ်။ သိထားတဲ့ အန္တရာယ်ဖြစ်စေတဲ့ အချက်တွေကို အန္တရာယ်ဖြစ်စေတဲ့ အချက်စာရင်းမှာ ထည့်သွင်းထားပြီး ဖြစ်ပေါ်လာခဲ့ရင် ဘယ်လို ဖြေရှင်းမယ် ဆိုတာကိုပါ ရေးသွင်းထားပါ။ အဲဒီလို အန္တရာယ်မျိုး နောက်ထပ် ဖြစ်ပေါ်မှု မရှိစေအောင် ဘယ်လို ကာကွယ်မယ် ဆိုတာကိုပါ ထည့်သွင်းပါ။ အန္တရာယ်ဖြစ်မှု စာရင်းကို အစဉ်အမြဲ စောင့်ကြည့်လေ့လာနေဖို့လိုအပ်ပြီး နောက်ထပ် ဖြစ်ပေါ်လာတတ်တဲ့ Project ကာလအတွင်း အန္တရာယ်တွေကို ထပ်မံ ဖြည့်စွက်နေဖို့ လိုပါတယ်။ အန္တရယ်တွေကို ခဏလေး ရှောင်ဖယ်လိုက်ရုံနဲ့ အဲဒီအန္တရယ်က ပြီးပြတ် မသွားဘူးဆိုတာတော့ အမြဲ သတိပြုဖို့လိုပါတယ်။

အထက်က ဖော်ပြခဲ့တဲ့ နည်းစနစ်တွေကို အသုံးချပြီးတော့ Project အစီအစဉ်ကောင်းတစ်ခု ဆွဲလို့ ရသွားပါပြီ။ အစဉ်သတိချပ်နေဖို့က အစီအစဉ်ကို ဖြစ်ပေါ်တိုးတက်မှုတွေ အမြဲ စိစစ်ဖြည့်သွင်းနေဖို့နဲ့ အစီအစဉ်နဲ့ သုံးသပ်နေဖို့ပါပဲ။

May 22, 2008

နိုင်ငံတကာ ဇီဝမျိုးနွယ်စိတ်များ နေ့ ( ၂၀၀၈ ခုနှစ် မေလ ၂၂ရက်)

ဘွန်း မေ ၂၂ ၂၀၀၈

ကမ္ဘာ့လူဦးရေတိုးတက်လာတာနဲ့ အမျှ စားနပ်ရိက္ခာ ဈေးတိုးမြင့်လာမှုနဲ့ ရာသီဥတု ပြောင်းလဲမှု၏ တိုးမြင့်လာသော တွန်းအား တွေကို ရင်ဆိုင်လာရပါတယ်။ နိုင်ငံတကာ ဇီဝမျိုးနွယ်စိတ်များ နေ့ဖြစ်တဲ့ ဒီနေ့ကျင်းပခြင်းက တိုးမြင့်လာတဲ့ ကမ္ဘာ့လူဦးရေအတွက် သေချာခိုင်မာတဲ့ အစားအစာရင်းမြစ် ရရှိစေရန် အတွက် ကမ္ဘာ့ ဇီဝမျိုးကွဲတွေကို ဘယ်လို ထိန်းသိမ်း ကာကွယ်ရမယ်၊ စီမံခန့်ခွဲရမယ် ဆိုတဲ့လိုအပ်မှုတွေကို ပိုမို ဖိအားပေးပါလိမ့်မယ်။

"သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ဆက်နွယ်မှုအရ လယ်ယာလုပ်ငန်းက ဇီဝမျိုးကွဲတွေထိမ်းသိန်းရေးအတွက် တိုးမြှင့်လုပ်ဆောင်နိုင်ပါလိမ့်မယ်။ သို့ပေမဲ့ အပင်တစ်မျိုးတည်းကို မြေယာဧက မြောက်မြားစွာစိုက်ပျိုးခြင်း၊ ပိုးသတ်ဆေးပမာဏ အလွန်အမင်း သုံးစွဲခြင်း တို့ကြောင့်လယ်ယာလုပ်ငန်းသည်ပင်လျှင် ဇီဝမျိုးကွဲများအတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် လယ်ယာလုပ်ငန်းထုတ်လုပ်နှုံးသည် သဘာဝရင်းမြစ်ကြွယ်ဝမှုနဲ့ သဘာဝပတ်ဝန်းကျင်၏ ဇီဝမျိုးကြွယ်ဝမှုအပေါ် တိုက်ရိုက်မှီတည်နေတယ် ဆိုတဲ့ အချက်ကလည်း ရှင်းလင်း ပြတ်သားမှု မရှိသေးပါဘူး" မေလ ၃၁ ရက်မတိုင်ခင် ဂျာမဏီနိုင်ငံ ဘွန်းမြို့မှာ ကျင်းပတဲ့ ဇီဝမျိုးကွဲများဆိုင်ရာ ညီလာခံ တက်ရောက်သူများရဲ့ ကိုးကြိမ်မြောက် အစည်းအဝေး ဥက္ကဌဖြစ်သူ ဂျာမဏီနိုင်ငံ သဘာဝပတ်ဝန်းကျင် ၀န်ကြီး ဆစ်ဂမာ ဂပ်ဘရီယယ်က ပြောကြားပါတယ်။

"ကမ္ဘာ့ ဇီဝမျိုးကွဲများ ကာကွယ်စောင့်ရှောက်ရေးဟာ ကမ္ဘာ့ အစားအစာရင်းမြစ်အတွက် အရေးအကြီးဆုံးဖြစ်တယ်" ဇီဝမျိုးကွဲများဆိုင်ရာ ညီလာခံ၏ အမှုဆောင် အတွင်းရေးမှုး အာမက် ဂျော့ဂါ့ဖ်က ပြောပါတယ်။ "လက်ရှိ မျိုးတုံးပျောက်ကွယ်နှုံးအတိုင်း ဆက်ရှိနေမယ်ဆိုရင် အခုရာစုနှစ် အလယ်မှာ ရှိလာမယ်လို့ ခန့်မှန်းကြတဲ့ ကမ္ဘာ့လူဦးရေ သန်းကိုးထောင်အတွက် အစာရေစာ လုံလောက်အောင် ထောက်ပံ့နိုင်ဖို့ ခဲယဉ်းတယ်။ ရာသီဥတု ပြောင်းလဲမှုက ပြောင်းလဲလာတဲ့ သဘာဝအခြေအနေအောက်မှာ ဘယ်အပင်မျိုးစိတ်၊ ဘယ်သက်ရှိမျိုးစိတ်တွေ အသက်ရှင်ကျန်ရစ်မလဲ ဆိုတဲ့ မရေရာ မသေချာမှုကို ဖန်တီးနေတဲ့အတွက် ဇီဝမျိုးကွဲများတည်ရှိမှုဟာ အနာဂတ်မှာ ပိုပြီး ရှုပ်ထွေးနက်ရှိုင်းလာစရာ ရှိတယ်" လို့သူကဆက်ပြောပါတယ်။

"ဥပမာ အန်ဒီးဒေသက လယ်သမားတွေက အပူ၊ အအေး ဒဏ်ကြောင့် သီးနှံအထွက်လျော့ကျလာမှုကို ကာကွယ်ဖို့ အာလူးမျိုးစိတ်ကွဲ အများအပြားကို စိုက်ပျိုးကြမယ်။ သီးနှံမျိုးစိတ် ဘယ်လောက် ရနိုင်သလဲ ဆိုတာက သူတို့ရဲ့ အသက်ရှင်ရပ်တည်မှုကို အထောက်အကူပြုပါလိမ့်မယ်။"

လယ်ယာစိုက်ပျိုးမှုသမိုင်း နှစ်တစ်သောင်းကျော်မှာ သီးနှံမျိုးစိတ်ပေါင်း ၇၀၀၀ ကျော် စားပင်အဖြစ်စိုက်ခဲ့ကြတဲ့ အထဲက ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ အစားအစာထဲမှာ အများဆုံးပါဝင်တာက အမျိုးပေါင်း ၃၀ လောက်ပဲရှိပါတယ်။ အသက်ရှင် ရပ်တည်ရေးအတွက် မျိုးစိတ်အနည်းငယ်အပေါ်မှာပဲ မှီခိုနေကြတယ် ဆိုတာကိုက ကျရှုံးမဲ့ လမ်းစဉ်ဖြစ်နေတယ်။ လို့ ကုလသမဂ္ဂအတွင်းရေးမှုး ဘန်ကီမွန်းက IBD ကိုပေးပို့တဲ့ သူ့ရဲ့ သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။

ဘွန်းမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ တက်ရောက်ကြတဲ့ကိုယ်စားလှယ်တွေက လယ်ယာ စိုက်ပျိုးရေးလုပ်ငန်း အတွက် ဇီဝမျိုးစိတ်ကြွယ်ဝမှု နဲ့ လယ်ယာလုပ်ငန်းအပေါ်မှာ နိုင်ငံတွေအနေနဲ့ ပိုပြီး ထာဝစဉ်ညီ တည်တံ့နိုင်ရေး နည်းလမ်းတွေကို ဦးတည်နိုင်မဲ့ နည်းလမ်းများ ရှာဖွေဖော်ထုတ်နိုင်ရေး ညီလာခံရဲ့ ကြိုးစား အားထုတ်မှုကို ပြန်လည်သုံးသပ်ခဲ့ကြတယ်။ အစိုးရကိုယ်စားလှယ်များဟာ အစိုးရမဟုတ်တဲ့ အဖွဲ့အစဉ်းတွေနဲ့ တွဲပြီး ၂၀၁၀ခုနှစ်မှာ ဇီဝမျိုးကွဲပျက်သုဉ်းမှုကို နောက်ပြန်လည်စေရေး ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှု ရည်မှန်းချက်ကို ပိုပြီးနီးစပ်အောင်မြင်စေရေး လုပ်ဆောင်ရန်အချက်များ ဆုံးဖြတ်ချက်များ ချခဲ့ကြတယ်။ ခန့်မှန်းတွက်ချက်မှုအရ လူသားတွေကြောင့် ဇီဝမျိုးနွယ်ပြုန်းတီးမှုဟာ သဘာဝအလျောက်ဖြစ်တဲ့ ပြုန်းတီးမှုထက် အဆ တစ်ရာ တစ်ထောင် လောက်အထိရှိတယ်။

"လယ်ယာစိုက်ပျိုးရေး နဲ့ သဘာဝရင်းမြစ်များထိမ်းသိမ်းစောင့်ရှောက်ရေးတို့အတွက် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးကွဲများ ယုတ်လျော့လာမှု ကို သိသိသာသာ လျော့ကျစေမဲ့ အတူတကွ လက်တွဲဆောင်ရွက်နိုင်မဲ့ နည်းလမ်းများ ရှာဖွေရမယ်" လို့ မစ္စတာ ဂပ်ဘရီယယ်လ်က ပြောပါတယ်။ "ဘွန်းမြို့က နောက်ထပ်ရက်အနည်းငယ်အတွင်းမှာ ၁၉၁ နိုင်ငံက ကိုယ်စားလှယ်တွေ ဖြေရှင်းကြရမဲ့ ရည်မှန်းချက်အလွန် ကြီးမားတဲ့ တာဝန်ဝတ္တရားတစ်ခုဖြစ်ပါတယ်" လို့ သူကထပ်ဖြည့်ပြောတယ်။ ဒီနေ့နောက်ပိုင်းမှာ ဂျာမဏီနိုင်ငံ သဘာဝပတ်ဝန်းကျင် ၀န်ကြီး၊ ကုလသမဂ္ဂ အတွင်းရေးမှုး၊ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှုး ဂျက်ကီး ဒီယော့ဖ်၊ လယ်ယာသိပ္ပံနဲ့ နည်းပညာဖွံ့ဖြိုးရေး နိုင်ငံတကာ သုံးသပ်မှု အဖွဲ့(IAASTD) မှ Robert Watson တို့ရဲ့ မှတ်ချက် တွေကို ကိုယ်စားလှယ်တွေ နားဆင်ကြရပါလိမ့်မယ်။

မစ္စတာဂျော့ဂါ့ဖ်က "လက်ရှိကမ္ဘာလုံးဆိုင်ရာ အစားအစာ အကျပ်အတည်း ကို ရင်ဆိုင်နိုင်ဖို့ ရေရှည်အဓိက ပန်းတိုင်ကိုရောက်စေဖို့ ပတ်ဝန်းကျင်ဂေဟစနစ်ကို ကာကွယ်ဖို့နဲ့ ထောက်ကူဖို့ လယ်ယာ လုပ်ငန်း အလေ့အထတွေကို စုစည်းဖို့လို့တယ်" လို့ဆိုပါတယ်။

"ကျွန်တော်တို့ ရဲ့ သဘာဝရင်းမြစ်တွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်မယ်ဆိုရင် အစားအစာ ရင်းမြစ်အတွက်လည်း အာမခံချက်ရှိပါမယ်။ ရေအရင်းအမြစ်တွေကို အကျိုးရှိရှိ အသုံးပြုဖို့ လိုပါတယ်။ မှန်ကန်တဲ့ ဓာတ်မြေသြဇာ အချိုးအစား အသုံးပြုဖို့လိုပါတယ်။ မြေဆီလွှာတွေကို ထိမ်းသိမ်းဖို့လိုတယ်။ တောတောင်တွေနဲ့ စိမ့်မြေတောတွေကို အမြဲ ထိတွေ့ နေဖို့လိုတယ်။ "

ရာသီဥတု ပြောင်းလဲမှု၊ ရောဂါပိုးမွှား သို့မဟုတ် စီးပွားရေး လှုပ်ခတ်မှု တွေကို ခုခံပေးနိုင်တဲ့ အမျိုးအစားနဲ့ မျိုးစိတ်ပေါင်းမြောက်မြားစွာ စုပေါင်းစိုက်ပျိုးတဲ့ အရွယ်အစားသေးတဲ့ လယ်ယာလုပ်ငန်းတွေအတွက် ဇီဝမျိုးစိတ်တွေ ထိမ်းသိမ်းရေးဟာ အဓိက အရေးအကြီးဆုံးဖြစ်တယ်။ လို့ မစ္စတာ ဂျော့ဂါ့ဖ်က ပြောပါတယ်။

ဒီနှစ်ဟာ နိုင်ငံတကာဆိုင်ရာ အာလူးစိုက်ပျိုးရေးနှစ်ဖြစ်တယ်။ ပီရူးက လယ်သမားတွေက အပူ၊ အအေး ဒဏ်ကြောင့် သီးနှံအထွက်လျော့ကျလာမှုကို အာလူးမျိုးစိတ်ကွဲ အများအပြားကို စိုက်ပျိုးကြခြင်းဖြင့် ခုခံကြတယ်။ သီးနှံမျိုးစိတ်ဘယ်လောက်ရနိုင်သလဲဆိုတာက သူတို့ရဲ့ အသက်ရှင်ရပ်တည်မှုကို အထောက်အကူပြုပါလိမ့်မယ်။"

"ဇီဝမျိုးကြွယ်ဝမှုဟာ လူသားအများအပြားအတွက် မျှတတဲ့ အာဟာရကို ပေးစွမ်းဖို့လည်း အဓိက အထောက်အကူပြုပါလိမ့်မယ်။ မှန်ကန်တဲ့ အစားအစာ ရရှိရေးနဲ့ စိုက်ပျိုးမှုကြားမှာ မှန်ကန်တဲ့ မျှခြေရရှိစေရေးအတွက် လူတွေကို ပိုမိုများပြားပြည့်စုံတဲ့ အစားအစာ ရရှိစေဖို့ အထောက်အကူပြုပါတယ်။ ကျွန်ုပ်တို့ရဲ့ အာဟာရဖြည့်တင်းမှုဟာ မြေလွှာပေါ်မှာ မှန်ကန်တဲ့ အစားအစာကြွယ်ကြွယ်၀၀ရရှိစေရေးပေါ်မှာ အခြေတည်ရမယ် ဆိုတဲ့ အယူအဆကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာဖို့လိုပါတယ်။"

ဇီဝမျိုးစိတ်ညီလာခံကနေပြီးတော့ နိုင်ငံများဟာ လယ်ယာစိုက်ပျိုးရေး ထုံးတမ်းစဉ်လာတွေကို အခြေခံပြီး လုပ်ဆောင်နေကြတယ်။ အကယ်စင်စစ်မှာတော့ မြေဆီလွှာ ထိမ်းသိမ်းကာကွယ်ရေး၊ ညစ်ညမ်းမှုနဲ့ မှန်ကန်ပြည့်ဝတဲ့ အစားအစာ အာဟာရ ရရှိစေရေး ညီလာခံအောက်မှာ လမ်းစဉ်တွေ အများအပြားရှိတယ်။


ဇီဝမျိုးစိတ်များဆိုင်ရာ ညီလာခံ (CBD)

ဇီဝမျိုးစိတ်များ ဆိုင်ရာ ညီလာခံသည် မျိုးဗီဇများအသုံးချမှုအကျိုးအမြတ်များ အညီအမျှခွဲဝေရရှိစေရေးနဲ့ (သဘာဝပတ်ဝန်းကျင်) ထိမ်းသိမ်းရေးနဲ့ ဇီဝမျိုးစိတ်များ ထာဝစဉ်ညီ အသုံးချရေး နိုင်ငံတကာ သဘောတူညီမှုစာချုပ်ဖြစ်ပြီး ၁၉၉၂ ခု ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရို မြို့မှာ ပြုလုပ်တဲ့ မြေကမ္ဘာ ထိပ်သီး အစည်းအဝေးမှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၉၁ နိုင်ငံနဲ့ CBD သည် မြေကမ္ဘာပေါ်မှာ သက်ရှိတည်တံ့စေရေးအတွက် နိုင်ငံတွေကြားမှာ တကမ္ဘာလုံးနီးနီး ကတိပြုခဲ့ကြတဲ့ စာချုပ်ဖြစ်တယ်။ CBD က လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ချက်များ၊ နည်းပညာ နဲ့ အလေ့အထကောင်းများ ဖလှယ်မှု နဲ့ အချိန်ပြည့်နဲ့ စီးပွားရေး လုပ်ငန်းများ၊ အမျိုးသမီး အဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ နဲ့ ပုဂ္ဂလိက တစ်ဦးမချင်းပါဝင် ဆောင်ရွက်သူများ၊ အပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ တက်ကြွတဲ့ ပါဝင်ဆောင်ရွက်မှုများ သိပ္ပံသုတေသနလုပ်ငန်းတွေက တဆင့် ရာသီဥတုပြောင်းလဲလာမှု အန္တရာယ်အပါအ၀င် ဇီဝမျိုးနွယ်တွေနဲ့ ဂေဟစနစ်လုပ်ဆောင်ချက်တွေအပေါ် ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေကို အသိပေးဖို့ လုပ်ဆောင်တယ်။

ညီလာခံ အတွင်းရေးမှုးရုံးက မွန်တရီယယ်မှာ တည်ရှိပါတယ်။

မူရင်း





BAY OF HUNTERS