Jun 25, 2008

အလုပ်တွေပေါတဲ့ မြန်မာပြည်


ပြီးခဲ့တဲ့နှစ် ဝါဆို လပြည့်နေ့က မတွေ့တာ ကြာပြီဖြစ်တဲ့ တပည့် ကျောင်းသားဟောင်း တစ်ယောက် လာကန်တော့ ပါတယ်။ မာကြောင်း သာကြောင်း ထုံးစံအတိုင်း ပြောဆိုပြီးကြတဲ့ အခါကျတော့ သူ့အလုပ်အကိုင် အကြောင်း မေးမိပါတယ်။ သူက အဆင်ပြေပါတယ် လို့ပဲ ဖြေပါတယ်။ သေသေချာချာ ဆက်ပြီး မေးတော့မှ သူ့အလုပ်ဟာ အကြီး အကျယ် အောင်မြင်တဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်နေပါလား ဆိုတာ သိရပါတယ်။ သူ့လုပ်ငန်းက ပရိဘောဂ လုပ်ငန်းပါ။ စက်မှုဇုန် တစ်ခုမှာ စက် ယန္တရားတွေနဲ့ အလုပ်သမားပေါင်း ၁၅ဝ လောက်နဲ့ လုပ်နေတဲ့ လုပ်ငန်းကြီး တစ်ခု ဖြစ်ပါတယ်။ အင်္ဂလိပ် စကားပြော သင်တန်း လာတက်နေစဉ်က သူဟာ ကျောင်းသားပဲ ရှိပါသေးတယ်။ သူငယ်ချင်း သုံးလေးယောက်နဲ့ အတူ ကျောင်းပြီး ရင် နိုင်ငံခြား သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာတက်တာပါ။

ဒါပေမဲ့လို့ သွားဖို့ စိုင်းပြင်း နေဆဲမှာပဲ သူ့အဖေ မကျန်းမာ တာကြောင့် မသွားလိုက် ရပါဘူး။ သူငယ်ချင်း တွေကတော့ ဂျပန် ရောက်သူရောက်၊ တရုတ်တိုင်ပေ သွားသူ သွား၊ သင်္ဘော တက်သူတက်နဲ့ ထွက်ဖြစ် သွားကြပါတယ်။

သူကတော့ သူ့အဖေရဲ့အလုပ် ဖြစ်တဲ့ လက်သမား အလုပ်မှာပဲ ဝင်ကူ ရပါတယ်။ သူ့အဖေက အတော်လေး နာမည်ရတဲ့ လက်သမား ဆရာကြီး ဖြစ်ပါတယ်။ ရှေးခေတ်က တရုတ် လက်ဖက်ရည် ဆိုင်တွေက မှန်ဗီရိုကြီးတွေ၊ ရှိုးကေ့စ်တွေ တော်တော် များများဟာ သူ့အဖေရဲ့ လက်ရာတွေ များပါတယ်။ ဆက်တီ ကုလားထိုင် ခုံတွေ ဘာတွေ လည်း လုပ်ပါတယ်။ အစကတော့ တပည့်ဟာ လက် သမား အလုပ် ဘာမှ မတတ်ပါဘူး။ အဖေ မမာတာကြောင့် စာရင်းလေး ဘာလေး ကူလုပ်ရင်း အလုပ်သမား လေးငါးယောက်ကို စီမံ အုပ်ချုပ် ပေးရပါတယ်။

အဲဒီလို လုပ်ရင်းက စာအုပ် အဟောင်းဆိုင်တွေမှာ တွေ့ရတတ်တဲ့ ပရိဘောဂ ဒီဇိုင်းစာအုပ်လေးတွေ၊ Home ဆိုတဲ့ မဂ္ဂဇင်းလေးတွေ တွေ့ ရင်ဝယ်ပြီး စုပါတယ်။ ဒီဇိုင်း နမူနာ လေးတွေကို အတုယူပြီး လက်သမား ဆရာတွေကို လုပ်ခိုင်းပါတယ်။ တစ်ခါ တစ်ခါ စာအုပ်ထဲက သူ နားမလည်တဲ့ စာတွေ ယူလာပြီး ဖတ်ခိုင်းလေ့ ရှိပါ တယ်။ အဲဒီလိုနဲ့ပဲ လေးငါးနှစ် အတွင်း မှာ သူ့လုပ်ငန်းလေး တော်တော် နာမည်ရလာပါတယ်။ လွှတိုက်၊ ရွေဘော်ထိုး စတဲ့ လုပ်ငန်းတွေကို စက်နဲ့ လုပ်တဲ့အထိ တိုးတက် လာပါတယ်။ ဟိုတယ်တွေ ထွန်းကားတဲ့ခေတ် ရောက်လာတော့ သူ့လုပ်ငန်း တစ် ဟုန်ထိုး ကြီးထွား လာပါတယ်။ မြို့ထဲ မှာ လုပ်လို့ မရတော့တာကြောင့် စက် မှုဇုန်မှာ ထွက်ပြီး လုပ်ရပါတယ်။ လုပ်ငန်း အားလုံးလောက် နီးနီး စက်ယန္တရား တွေနဲ့ လုပ်ပါတယ်။ မြို့ထဲမှာ ပရိ ဘောဂဆိုင်ကြီး တစ်ဆိုင်လည်း ဖွင့်ပါ တယ်။ စက်ရုံရော၊ ဆိုင်ပါ အလုပ် သမား စုစုပေါင်း ၁၅ဝကျော်ရှိတယ်လို့ သိရပါတယ်။

ဂျပန်သွားတဲ့ သူ့သူငယ်ချင်းက မြို့ထဲရှိ ပရိဘောဂဆိုင်မှာ မန်နေဂျာ လုပ်နေပြီး၊ သင်္ဘော တက်သွားတဲ့ သူငယ်ချင်းကတော့ စက်ရုံမှာ မန်နေဂျာ ဖြစ်နေပါတယ်။ တရုတ် တိုင်ပေသွားတဲ့ သူငယ်ချင်း ကတော့ ပြန်မလာ တော့ဘူး။ အဆက်ပြတ်နေ တယ်လို့ သူက ပြောပြပါတယ်။ သူပြန်သွားတော့ ဒီခေတ် လူငယ် တွေရဲ့အကြောင်းကို ဆက်ပြီး စဉ်းစား နေမိပါတယ်။

လွန်ခဲ့တဲ့ နှစ်၂ဝ လောက်က လူငယ်တွေ နိုင်ငံခြားသွား ဖို့ ကြိုးပမ်းခဲ့ကြသလို၊ ဒီခေတ်လူငယ် တွေလည်း ကြိုးပမ်း နေကြတာပါပဲ။ ပြောခဲ့တဲ့ တပည့်လည်း နိုင်ငံခြား သွားဖို့ ကြိုးပမ်းခဲ့တာပါပဲ။ ဒါပေမဲ့ သူ့အတွက် ကံဆိုးတာလား၊ ကံ ကောင်းတာလား မသိသူ၊ နိုင်ငံခြား မထွက်လိုက် ရပါဘူး။ ဒါပေမဲ့ အခုတော့ သူဟာ အတော်အသင့် အောင်မြင်တဲ့ လုပ်ငန်း ရှင်တစ်ယောက် ဖြစ်နေပါပြီ။ မြန်မာ ပြည်မှာ လုပ်စရာတွေ အများကြီးရှိပါ တယ်။ ခေတ်လူငယ်တွေရဲ့အမြင်နဲ့ ဆိုရင် နေရာတိုင်းမှာ တိုးချဲ့လုပ်နိုင် တာတွေ ချည်းပါပဲ။ တပည့်လူငယ်သာ ရည်ရွယ်တဲ့ အတိုင်း နိုင်ငံခြား ထွက်ဖြစ် ခဲ့ရင် ဟိုမှာအလုပ်ကြမ်းတွေလုပ်ပြီး ပြန်လာတဲ့ အခါ ကျတော့ ဘာမှလုပ်စရာမရှိဘဲ ပွဲစားယောင်ယောင်၊ ဘာ ယောင်ယောင်နဲ့ ဖြစ်နေမှာ သေချာပါ တယ်။ အခုတော့ ဂျပန်ပြန်၊ ကမ္ဘာ လှည့် ပြန်လာသူတွေ ကိုတောင် အလုပ်ပေးထားနိုင်တဲ့ လုပ်ငန်းရှင်လေး တစ်ယောက် ဖြစ်နေပြီလေ။ မြန်မာ ပြည်မှာ လုပ်စရာတွေ အင်မတန်ပေါ ပါတယ်။

လူထုစိန်ဝင်း


(ဇွန် လ ၁၇၊ ၂၀၀၈) ထုတ် အခွင့်အလမ်း ဂျာနယ် အမှတ်စဉ် ၁၄၀ ပါ စာရေးဆရာ လူထုစိန်ဝင်းရဲ့ ဆောင်းပါးကို ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။

************************************************************************************

နိုင်ငံခြားထွက်တယ် ဆိုတာနဲ့ ပတ်သက်ပြီး အယူအဆတွေ၊ အမြင်တွေ အမျိုးမျိုး ရှိတတ် ကြပါတယ်။ နိုင်ငံခြားထွက် အလုပ်လုပ်ခြင်းအားဖြင့် ဘာတွေ ရလာမလဲ။ သေချာတာတော့ ပိုက်ဆံ နည်းနည်း ရရာကနေ ပိုက်ဆံ များများရတဲ့ နေရာကို သွားရောက် အလုပ်လုပ်ကြ တာပါ။ စထွက် လာစဉ်က မျှော်လင့်ချက် တစ်ခွဲသားနဲ့ပေါ့။ ဥပမာ စင်္ကာပူဆိုရင် တစ်လ လုပ်ခလစာ ၁၈၀၀ ရမယ်။ ၁၈၀၀ ကို ၈၃၀ နဲ့ မြှောက်လိုက်ရင်.... တစ်လတာ နေထိုင် စားသောက် စားရိတ်က (ရန်ကုန်မှာ နေစဉ်က ရန်ကုန် ကုန်ကျမှုနဲ့ နှိုင်းပြီးတော့... ) တစ်လ ၃ သိန်းဆို သုံးစမ်းပါလေ့။ ကျန်တာ ခြိုးခြိုးခြံခြံ ချွေချွေတာတာနဲ့ ဆိုရင် ကျန်တဲ့ ပိုက်ဆံ အိမ်ပြန်ပို့ တစ်လကို ဆယ်သိန်းနဲ့ တစ်နှစ်ဆိုရင်.... ဆိုတာမျိုး ဆောက်ခဲ့တဲ့ လေထဲက တိုက်အိမ်တွေ အများအပြား။ အမှန်တကယ် ထွက်လာကြတဲ့အခါ ကုန်ကျမှုက အိမ်ခန်းငှားခတင် တစ်လ စင်္ကာပူ ၃၀၀ (မြန်မာငွေ ၂ သိန်းကျော်...) တစ်နေ့ အလုပ်သွားရတာ အမ်အာတီ စီးတာတင် အသွားအပြန် (စင်္ကာပူငွေ) ၄-၅ ကျပ်- မြန်မာငွေနဲ့ဆို ၄ ထောင်ကျော်... ရန်ကုန်မှာ အင်းစိန်၊ ဆူးလေ အသွားအပြန် တက်စီ ငှားစီးလို့ရတဲ့ ပမာဏ၊ တစ်လတာ တစ်လတာ အိမ်ပြန်ပို့တာနဲ့ အလျင်မီအောင် မနည်းသုံးနေကြရ။ ဒါက စင်္ကာပူနိုင်ငံက မြန်မာနိုင်ငံသား အလုပ်သမား အများစု ကြုံဆုံနေကြရတဲ့ ဘ၀။

နိုင်ငံခြားထွက်ခြင်းသည် မှန်ကန်တဲ့ အဖြေတစ်ခုလား။ အခု လောလောလတ်လတ် နာဂစ်ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ စင်္ကာပူကို ရွှေမြန်မာ အလုပ်သမားများတထောကြီး လှိမ့်ဝင်လာကြတာ တွေ့ရတယ်။ အလုပ်သမားက များပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းတဲ့ အလုပ်အပြောင်းအရွှေ့အေးတဲ့ အချိန်ကာလဆိုတော့ အချို့ အလုပ်မရဘဲ ပြန်ကြရသူတွေ ရှိတယ်။ အေးဂျင့်နဲ့ လာသူတွေကလည်း အချို့ အဆင်ပြေတယ်၊ အချို့ အဆင်မပြေဘူး ဆိုတာတွေ နည်းပေါင်းစုံ ကြားနေကြရတယ်။ သေချာတာ တစ်ခုက အဆင်ပြေသည် ဖြစ်စေ အဆင်မပြေသည်ဖြစ်စေ မိမိနိုင်ငံမဟုတ်တဲ့ အတွက် မိမိသည် ပထမဦးစားပေး လူတန်းစား စာရင်းထဲ မပါတာ သေချာတယ်။ အခက်အခဲ အမျိုးမျိုးကြားမှာ လူမျိုးခြားတွေကြားထဲ အနှိမ်ခံပြီး အလုပ်လုပ်ရဖို့ အရေး သိန်း လေးဆယ်လောက် ရှိတဲ့ ငွေပမာဏကို အထုပ်ထုပ်ပြီး ကိုယ်ထွက်ရမဲ့ အလှည့်ရောက်ဖို့ စောင့်နေကြရသူတွေ အများကြီးလို့ ကြားသိရပါတယ်။

Brain Drain တို့၊ Human Resource တို့ ဆိုတဲ့ စကားလုံးတွေ ထည့်သုံးရင် အရမ်း စာလေးသွား ပါလိမ့်မယ်။ အရေးကြီးတာက နိုင်ငံခြားထွက်သည် ဖြစ်စေ၊ နိုင်ငံခြား မထွက်သည်ဖြစ်စေ အချိန်တစ်ခုမှာ မိမိနိုင်ငံမှာ ကိုယ်ပိုင်လုပ်ငန်း လုပ်နိုင်စေမဲ့ ပညာရပ်မျိုး ကျွမ်းကျင်မှုမျိုးနဲ့ အသက်မွေး ၀မ်းကျောင်းပြုနိုင်အောင် ကြိုးစားမယ် ဆိုရင် နိုင်ငံခြားပဲ နေနေ၊ မြန်မာပြည်မှာပဲ လုပ်လုပ် အချိန်တစ်ခုမှာ အလုပ်ဖြစ်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာမှာ အမှန်ပါပဲ။ နိုင်ငံခြားတော့ ထွက်လိုက်ပါတယ်။ အချိန်ကာလတစ်ခု အထိ ကြိုးစား ပိုက်ဆံစုခဲ့တယ်။ ပြန်လည်းလာရော ပိုက်ဆံက လွဲပြီး ဘာမှ ပြန်ပါမလာရင်တော့ ရှာလာတဲ့ ပိုက်ဆံ သုံးလို့ ကုန်သွားတဲ့ အချိန်မှာ နိုင်ငံခြား နောက်တစ်ခေါက် ထပ်ထွက်နေရဦးမှာပါ။ နိုင်ငံခြားက ရှာလာတဲ့ ပိုက်ဆံသည် ရင်းနှီးစားသောက်ရန် အတွက်ပါ။ ရင်းနှီးစားသောက်ရန် အတွက်လို့ ဆိုတဲ့အတွက် ကိုယ်မြန်မာပြည်ပြန်သွားတဲ့အခါ ဘာလုပ်ငန်းနဲ့ ရင်းနှီးလုပ်ကိုင်စားသောက်မလဲ။ အိုင်တီပညာရှင်က အိုင်တီလုပ်ငန်းနဲ့ ဆက်လက် အသက်မွေးပြီး၊ အင်ဂျင်နီယာက ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အသက်မွေးခဲ့ရင်တော့ ပြောစရာမရှိပါ။ သို့ငြားလည်း ပညာရပ်များသည် အချိန်နဲ့ တပြေးညီ ပြောင်းလဲ တိုးတက်နေတဲ့ အတွက် ပြောင်းလဲလာတဲ့ နည်းပညာများနဲ့ အညီ မျက်ခြေမပြတ် ထိတွေ့မှုရှိနေမှသာလျှင် တစ်ချိန် ပြန်သွားတဲ့ အချိန်မှာ ရင်းနှီးလုပ်ကိုင် စားသောက်ဖို့ အဆင်ချောပါလိမ့်မယ်။

အများစုသော ပြည်ပရောက် ရွှေမြန်မာများ (မောင်လူအေး အပါအ၀င်) က ရောက်တဲ့နေရာ၊ ကျရာတာဝန်တွေ ထမ်းရွက်ပြီး နောက်ထပ် ရှေ့ဆက်သွားဖို့ မတွေးနိုင်ကြဘူး။ မတွေးနိုင်ကြတာသည်လည်း သူတို့ချည်းရဲ့ အပြစ်မဟုတ်ပါဘူး။ အလုပ်တွေက ပင်ပန်း၊ ရတဲ့ အချိန်သည်ပင်လျှင် ရွှေဆိုတာမျိုး ရသမျှ အချိန်လေးအတွင်းမှာ အတင်း ကုတ်ကပ်လုပ်ရင်းနဲ့ ပိုက်ဆံစုဖို့ချည်းပဲ လုံးပမ်းနေကြရင်း အနာဂတ်ကို မေ့နေကြတာပါ။ နေထွက်ကနေ၀င် အချိန်တော်တော်များများက လုပ်ငန်းခွင်ထဲမှာ။ ဘယ်ကလာ အခြားအချိန်ရှိရမလဲ။ သို့ကလို နေရင်း နေရင်းနဲ့ တစ်ရက်က တစ်လ၊ တစ်လက တစ်နှစ်၊ တစ်နှစ်ကနေ လေး၊ငါးဆယ်နှစ်ဆိုတဲ့ အချိန်တွေ ဖြတ်သန်းခဲ့ပြီးတဲ့ ကအချိန်မှာ ရှာလိုက်၊ ရလိုက်၊ သုံးလိုက်နဲ့ သံသရာ စက်ဝန်းထဲက မထွက်နိုင်ဘဲ တ၀ဲလည်လည်နဲ့ ရသုံးကုန်၊ရသုံးကုန် ချည်းထပ်ကာ အလုပ်လုပ်ရတဲ့ ခန္ဓာကိုယ်သည်သာ ကြံရည်စက်ထဲ ထည့်ကြိတ်လိုက်တဲ့ ကြံဖတ်များသဖွယ် အနှစ်တွေ ကုန်ကုန်ကုန်ရင်း နောက်ဆုံး တစ်သက်တာ အလုပ်သမား ဘ၀နဲ့ ကျင်လည်ခဲ့ကြရသူများ မိမိတို့ ရှေ့တွင်ပင် အမြောက်အမြားရှိနေတာ တွေ့မြင်နေရပါတယ်။

ဆိုတော့ကာ ဘာလုပ်ကြရမလဲ။ ကျွန်တော်တို့ တွေးဖို့လိုပါမယ်။ ပြည်ပထွက်လာခြင်းသည် ကျွန်တော်တို့ရဲ့ အန္တိမ ရည်မှန်းချက် မဟုတ်သေး။ အိမ်အပြန် ခရီးအတွက် ကျွန်တော်တို့မှာ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ကြဖို့ လိုနေပြီ။ ဘာတွေပြင်ဆင်ကြမယ်၊ ဘာတွေ ဘယ်လို လုပ်မယ်ဆိုတာ ကတော့ သူငယ်ချင်းတို့ လျှောက်နေတဲ့ လမ်းကြောင်းနဲ့ အဓိက မူတည် သက်ဆိုင်ပါလိမ့်မယ်။ ဆရာလူထုစိန်ဝင်းပြောသလို မြန်မာပြည်မှာလည်း လုပ်စရာတွေ အများကြီးပါ။ မြန်မာပြည်မှာ အလုပ်သမားဘ၀သည်သာ ၀င်ငွေနည်းလို့ ပြည်ပထွက် အလုပ်လုပ်ကြရပေသည့် အလုပ်ရှင် အနေနဲ့သာ အလုပ်လုပ်မယ်ဆို အခွင့်အလမ်းတွေ ရှိနေဆဲပါ။ ဘာတွေ ဘယ်လောက်ပဲ ကောင်းတယ်ဆိုဆို၊ ဆိုးတယ်ပြောပြော လူဦးရေ သန်း၆၀ နေထိုင်နေတဲ့ ကျွန်တော်တို့ မြန်မာပြည်မှာ လုပ်စရာ အလုပ်တွေ တပုံကြီးရှိနေတာ ပုံပြင်မဟုတ်ပါဘူး။

ကျွန်တော်တို့ ဘာလာရှာတာလဲ။ ကျွန်တော်တို့ လိုချင်တာ ကျွန်တော်တို့ ရခဲ့ပြီလား။ ဘယ်အချိန် အတိုင်းအတာလောက်ကြာရင် ရလိမ့်မယ်လို့ မျှော်မှန်းထားသလဲ။ ကိုယ့်နိုင်ငံ ကိုယ်ပြန်ရင်ရော ဘာတွေ လုပ်ကြမလဲ။ ကိုယ်လုပ်ချင်တာတွေ လုပ်ခွင့်ရဖို့ ကျွန်တော်တို့ ဘယ်လို Resource တွေ လိုမလဲ။ ဒါတွေကို ဘယ်လိုရှာပြီး ဘယ်လို အသုံးချမလဲ။ ပြည်ပ မရောက်ခင်တုံးက ပြည်ပထွက်ဖို့ ကြိုးစားခဲ့ကြသလို၊ ပြည်ပကို ရောက်ပြီးတဲ့နောက်မှာ ပြည်တော်ပြန်ဖို့ စီစဉ်ကြရမယ်။ ဒါမှသာလျှင်လည်း မိမိတို့ မျှော်မှန်းတဲ့ အန္တိမ ပန်းတိုင်ကို လျှောက်လှမ်းနိုင်ပြီး ပြည်ပထွက်ခြင်းသည်လည်း အနှစ်သာရရှိတဲ့ ပြည်ပထွက်ခွာခြင်းလို့ မည်မှာဖြစ်ပါကြောင်း။

ဆက်လက်တွေးခေါ်ဖို့ ဝေမျှခြင်းပါ။

13 comments:

  1. နိုင်ငံခြားထွက်မှ ၊ ရေခြားမှာ အလုပ်လုပ်မှ ရည်ရွယ်ချက်အောင်မြင်အောင်လုပ်နိုင်တာမဟုတ်ပါဘူး၊
    ရှိတဲ့နေရာမှာလည်း အကောင်းဆုံးဖြစ်အောင် အရင်ဆုံး ဖန်တီးကြည့်စေချင်တယ်။ ရင်းနှီးတဲ့ ၀န်းကျင်မှာတောင် အကောင်းဆုံးကို မဖန်တီးနိုင်ဘူးဆိုရင် သူစိမ်းနေရာမှာ ဘယ်လိုဖန်တီးကြမလဲဆိုတာ အရင်စဥ်း စားဖို့ လိုမယ်လို့ ထင်ပါတယ်။

    ReplyDelete
  2. အခုတော့အလုပ်ရှာနေဆဲပဲ အလုပ်ရသေးဘူးဗျ အလုပ်ရလို့နေဖြစ်ရင်တော့ အင်းးးးး ပြင်ဆင်ရမယ်ပေါ့ ကျေးဇူးတင်ပါတယ်ဗျာ ဆက်လက်တွေးတော ပြင်ဆင်နိုင်အောင် ညွှန်ပြထားတာလေးကို

    ReplyDelete
  3. Its like you learn my thoughts! You seem to understand
    so much about this, such as you wrote the ebook in it or something.
    I feel that you can do with a few percent to

    pressure the message home a little bit, however other than that,

    this is magnificent blog. A great read. I

    will certainly be back.

    Here is my blog post http://w3gyanguru.com/index.php?do=/blog/62110/spanish-property-market-in-2011-good-or-bad

    ReplyDelete
  4. This is very interesting, You're a very skilled blogger. I've joined your feed and

    look forward to seeking more of your great post.
    Also, I have shared

    your web site in my social networks!

    Feel free to visit my weblog; 50-87-72-80.unifiedlayer.com

    ReplyDelete
  5. Hello there, I discovered your blog by the use of Google

    at the same time as searching for a similar topic, your web site got here up, it appears good.
    I've bookmarked it in my google bookmarks.

    Here is my blog post - http://www.scribblymate.com/blogs/entry/How-To-Rent-Legally-Registered-Holiday-Homes-2013-05-16

    ReplyDelete
  6. An attention-grabbing dialogue is worth comment. I

    believe that it is best to write extra on this matter, it might not be a taboo topic but generally persons are not sufficient to talk on such topics.
    To the next. Cheers

    Here is my web site: costa blanca strolls

    ReplyDelete

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

BAY OF HUNTERS