Aug 28, 2008

Moving to Next Step..

လကုန်ရင် အလုပ်ပြောင်းတော့မဲ့ အကြောင်း အယင်တစ်လက သူဌေးကို ပြောဖြစ်တယ်။ နှုတ်ထွက်စာ တင်တဲ့နေ့မှာပဲ သူဌေးက ခေါ်တွေ့တယ်။ ဘာအခက်အခဲ ရှိလို့လည်း။ ဘာအဆင်မပြေတာ ရှိလို့လည်း။ ပြေပြေလည်လည်ပဲ ပြန်ပြောပြ ဖြစ်ပါတယ်။ အဆင်မပြေတာ မရှိပါဘူး။ ဒီကုမ္ပဏီမှာ နေခဲ့ရတဲ့ အချိန်တွေ အတွင်း အစစ အရာရာ အဆင်ပြေပါတယ်။ ပြောင်းရခြင်းက ကျွန်တော် လုပ်ချင်တဲ့ လုပ်ငန်းပုံစံမျိုး ဖြစ်တာ တစ်ကြောင်းရယ်။ လခပိုကောင်းတာ တစ်ကြောင်းရယ်ကြောင့်ပါပေါ့။ ဘယ်လောက်တောင် ပိုပေးလို့လည်း မေးပါတယ်။ လက်ရှိလစာကို ၃၀ % ထပ်ပေါင်းထည့်ပေးတဲ့ ပမာဏပေးတယ်ပေါ့။ နောက်တစ်ချက် ထပ်မေးတယ်။ ဘယ်လို လုပ်ငန်းခွင်ကို ပြောင်းမှာလည်း။ သူက ထပ်ပြောပါတယ်။ ရှင်းရှင်း ပြောရရင်တော့ ဘယ်ကုမ္ပဏီကို ပြောင်းတာလဲ သိချင်တာတဲ့။ ဒီလို မေးရခြင်းရဲ့ အကြောင်းရင်းက အလုပ်ခန့်လွှာမှာ လက်မှတ်ထိုးစဉ်က သဘောတူညီချက်မှာ ရေးထားတာရှိတယ်။ ဒီကုမ္ပဏီကနေ အလုပ်ထွက်သွားပြီး အချိန် တစ်နှစ်အတွင်း ဒီကုမ္ပဏီနဲ့ လုပ်ငန်းတူ အခြားကုမ္ပဏီတစ်ခုသို့ ၀င်ရောက် လုပ်ကိုင်ခွင့် မရှိဘူးဆိုတဲ့ အချက်ပါဝင်တယ်။ မောင်လူအေးရှေ့က အလုပ်ပြောင်းသွားတဲ့ အခြားလူမျိုး ၀န်ထမ်းတစ်ဦးက လုပ်ငန်းတူ တွဲလုပ်နေတဲ့ မိတ်ဆွေကုမ္ပဏီ တစ်ခုကို ပြောင်းသွားတာမျိုး အဖြစ်မျိုး ရှိထားခဲ့ဖူးလေတော့ သူဌေးက မေးတာပါ။ ဆိုတော့ သူ့ကို ပြောပြရတယ်။ လက်ရှိ လုပ်နေတဲ့ လုပ်ငန်းတူကုမ္ပဏီကို မဟုတ်ပါဘူး။ ဆိုတော့ သူကလည်း သူ့ကုမ္ပဏီမှာ ဆက်လက် တာဝန်ထမ်းဆောင်ဖို့ ကျန်ရှိတဲ့ အချိန်အတွင်းမှာ လုပ်ဆောင်၊ စေချင်တာတွေ မှာကြားပေါ့။

တကယ်တမ်း အလုပ်ပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်က ဒီမျှပါပဲ။ သို့ပေမဲ့ ဒီလုပ်ငန်းစဉ်ကို တကယ်လုပ်ဆောင်ဖို့ အတွက် ရှေ့ကကြိုတင် ပြင်ဆင်ရတဲ့ အဆင့်တွေက တော်တော်များပါတယ်။ တစ်အချက် ဒီအလုပ်ကနေ ပြောင်းတော့မယ်လို့ စတင် ရည်ရွယ်တာနဲ့ မိမိရဲ့ ကိုယ်ရေးရာဇ၀င်ကို စတင် ပြင်ဆင်ရပါတယ်။ မိမိကိုယ်ကို ချရောင်းတဲ့ ကြော်ငြာစာရွက်လို့ ပြောရင်လည်း ရတဲ့ ကိုယ်ရေးရာဇ၀င် စာမျက်နှာကို ၀ယ်ယူသူ (တနည်း) အလုပ်ခေါ်တဲ့ အလုပ်ရှင် ဖတ်လိုက်တာနဲ့ အလုပ်ခန့်ချင်အောင် ရေးသားဖို့လိုပါတယ်။ ဘယ်လိုရေးရတယ်၊ ဘယ်လို ရေးရင် ပိုအဆင်ပြေတယ် ဆိုတာကို ထွေထွေထူးထူးပြောနေစရာ မလိုပါဘူး။ ဘာပဲလိုလို Google ထဲမှာပဲ Resume Sample ဆိုပြီးသာ ရိုက်ပြီးရှာလိုက်၊ မဖတ်ချင်မှ အဆုံး များပြားလှတဲ့Resume Sample တွေ မှီငြမ်းကိုးကားစရာတွေ ချည်းပါပဲ။ ဒါက မဖြစ်မနေ လုပ်ရမဲ့ နံပတ် (၁) အချက်ပါ။

ဒုတိယအဆင့် အနေနဲ့ လုပ်ရမှာက အလုပ်ရာထူးနေရာ ရှာဖွေရမှာပါပဲ။ လောလောဆယ် မောင်လူအေး နေထိုင်နေတဲ့ ပတ်ဝန်းကျင်နဲ့ ယှဉ်ပြောရရင် ၂ နည်းပဲ ရှိပါတယ်။ သတင်းစာပေါ်ကနေ ရှာရင်ရှာ၊ မရှာချင်ရင် အင်တာနက် ပေါ်ကနေရှာ။ သတင်းစာပေါ်ကနေ ရှာတဲ့နည်းက မြင်သာထင်သာရှိတယ်၊ မျက်စိနဲ့ တန်းခနဲ တွေ့ရတယ်၊ ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပတ်၊ အီးမေးလ်နဲ့ ဖက်စ်နံပတ်တွေ တိုက်ရိုက် အလွယ်တကူ မြင်လွယ်တဲ့အတွက် ပိုမြန်တယ် ထင်နိုင်ပါတယ်။ သို့ပေမဲ့ မောင်လူအေး အနေနဲ့ဆိုရင်တော့ ဗုဒ္ဓဟူးတစ်ရက်၊ စနေတစ်ရက် နှစ်ရက် တစ်ရက် ပြား ၈၀ အကုန်ခံပြီး ၀ယ်ရမှာကို ပိုက်ဆံ နှမြောတာက တစ်ကြောင်း၊ သတင်းစာက မနက်စောစော ၀ယ်ရင်ဝယ်၊ မ၀ယ်လို့ကတော့ ညနေဖက် အလုပ်ပြန်တဲ့ အချိန်ဆို ဆိုင်တွေမှာ သတင်းစာ မရှိတော့တာက တစ်ကြောင်းကြောင့် မ၀ယ်ဖြစ်ပါဘူး။ နောက်တစ်နည်း ဖြစ်တဲ့ အင်တာနက်ပေါ်က ရှာတဲ့နည်း။ သူလည်း အလုပ်ခေါ်တဲ့ ဆိုက်တွေ မှတ်ထားရမယ်။ ကိုယ့် အလုပ်အကိုင်နဲ့ ထပ်တူညီတဲ့ အလုပ်တွေ ရှာရဦးမယ်။ အင်မတန်မှ ပျင်းစရာကောင်းပါတယ်။ ချက်တင်ပြောရတာ၊ ရုပ်ရှင်ကြည့်ရတာလောက် စိတ်ဝင်စားစရာ မကောင်းဘူး ဆိုရင် ပိုမှန်မယ်ထင်ပါတယ်။ ဆိုတော့ အဲဒီလိုလည်း မရှာချင်ဘူး။ အိုကေ နောက်ဆုံး အလွယ်ဆုံး တစ်နည်း ရှိပါတယ်။ အလုပ်ခေါ်တဲ့ ကြော်ငြာတွေ တင်တဲ့ ၀ဗ်ဆိုက်တွေမှာ Job Alert Email က Subscribe လုပ်ထားလိုက်ပါ။ တစ်နေ့တစ်နေ့ မမြင်ချင်မှ အဆုံး Email Alert တွေ ပို့ပေးပါလိမ့်မယ်။ မောင်လူအေးဆိုရင် JobsDB, JobStreet, JobCentral, JenJob, ExpactJobs, နဲ့ BestJobsSingapore ဆိုက်တွေမှာ Subscribe လုပ်ထားလိုက်တာ တစ်နေ့တစ်နေ့ အီးမေးလ်စစ်လိုက်တာနဲ့ သူတို့ ပို့ထားနှင့်တဲ့ အလုပ်ကြော်ငြာတွေ တပုံတခေါင်းတွေ့ရတတ်ပါတယ်။ အဲဒီထဲက ကိုယ်နဲ့ အဆင်ပြေတဲ့ အလုပ်လေး ကလစ်တစ်ချက် နှိပ်ပြီး သွားကြည့်ရုံပါပဲ။

ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်တော့ တွေ့ပါပြီ။ ဘယ်လို လျှောက်မလဲ။ များပြားလှစွာသော အလုပ်ကြော်ငြာတဲ့ ဆိုက်တွေမှာ အလုပ်ကြော်ငြာ စာမျက်နှာမှာ တစ်ပါတည်း ကလစ်နှိပ်လျှောက်ထားလို့ ရအောင် စီစဉ် ပေးထားပါတယ်။ Quick Apply ဆိုတဲ့ ခလုပ်လေးတွေ ထည့်ထည့်ပေးထားတတ်ပါတယ်။ အဲဒီခလုပ်လေးကို တစ်ချက်နှိပ်ပြီး လျှောက်ရုံပါပဲ။ တကယ်တမ်း အဲဒီလို လျှောက်တဲ့အခါ အလုပ်ပြန်ခေါ်တဲ့ နှုံးနည်းတာ တွေ့ရပါတယ်။ အဲဒီ Quick Apply နဲ့ လျှောက်တဲ့ အလုပ်လျှောက်လွှာတွေ အလုပ်ရှင်ဆီကို ကြော်ငြာ ၀ဗ်ဆိုက်ကနေ ပို့ပေးပါတယ်။ အကယ်၍ ခန့်ထားခဲ့တယ်ဆိုရင် အလုပ်ခေါ်တဲ့ ကုမ္ပဏီက ကြော်ငြာဝဗ်ဆိုက်ကို ၀န်ဆောင်ခပေးရပါတယ်။ ဒါက ရန်ကုန်က TTS တို့၊ DEVICE တို့၊ ES တို့နဲ့ လုပ်ငန်း သဘောချင်းတူတူပါပဲ။ ဆိုတော့ ကိုယ်တိုင်လာရောက် လျှောက်ထားတဲ့ လျှောက်လွှာနဲ့ ကြော်ငြာဝဗ်ဆိုက်ကနေ လာတဲ့ လျှောက်လွှာဆိုရင် ကိုယ်တိုင်တင်တဲ့ လျှောက်လွှာကို အလုပ်ရှင်တွေ ပိုစိတ်ဝင်စားတဲ့ သဘောရှိပါတယ်။ ဆိုတော့ မောင်လူအေးက ပေးထားတဲ့ အီးမေးလ်လိပ်စာလေးကို ကူးပါတယ်။ ကိုယ်ပိုင် ဂျီမေးလ်ထဲမှာ ကော်ပီပွားပါတယ်။ ပြီးနောက် သက်ဆိုင်ရာ ကိုယ်ရေးအချက်အလက် ဖိုင်ကို Attach လုပ်ပြီး ပို့လိုက်ရုံပါပဲ။

မောင်လူအေးလျှောက်စဉ်တုံးကတော့ အလုပ်ကြော်ငြာဆိုက်တွေကနေ ပို့တဲ့ ကြော်ငြာတွေထဲက ကိုယ်နဲ့ ကိုက်ညီမှု အရှိဆုံး အလုပ်အကိုင် ငါးခုလောက်ပဲ သေချာ လျှောက်ပါတယ်။ အလုပ်ချိန်ပြင်ပ ကိုယ်ပိုင်အချိန်ထဲမှာ လျှောက်တာ ဖြစ်တဲ့အတွက် စိတ်လိုလက်ရ စိတ်ကြိုက်ဖြစ်တဲ့အထိ မွမ်းမံပြင်ဆင်မှုတွေ လုပ်လို့ရပါတယ်။ တစ်နေ့ကို အီးမေးလ်လေး ၅ စောင်တည်း ပို့တာဖြစ်တဲ့အတွက်လည်း ဘာမှ အပန်းတကြီးလုပ်နေစရာ မလိုအပ်ပါဘူး။ ပုံမှန် အင်တာနက် သုံးတဲ့ အချိန်ထဲက ၁၅ မိနစ်လောက် သုံးလိုက်ရင်ကို ကိုယ်လျှောက်ချင်တဲ့ အလုပ်ငါးခု လျှောက်ထားပြီးပါတယ်။ ရံဖန်ရံခါမှာ ကြုံရတတ်တာက အလုပ်ကြော်ငြာ ဆိုက်တွေမှာ ခန့်ထားမဲ့ ရာထူးသာ ပါဝင်ပြီး၊ လျှောက်ထားရမဲ့ ကုမ္ပဏီရဲ့ အီးမေးလ်လိပ်စာ မပါတာမျိုး ကြုံရတတ်ပါတယ်။ အဲလို အခြေအနေမျိုးမှာ အကယ်၍သာ ခေါ်ယူတဲ့ ရာထူးရဲ့ လိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့ ကိုယ့်မှာ ရှိနေတဲ့ ကျွမ်းကျင်မှုနဲ့ ကွက်တိကျနေတဲ့ အခါမျိုးမှာ အီးမေးလ်လိပ်စာ မပါဝင်တဲ့ အတွက် အခွင့်အလမ်း ဆုံးရှုံးရတာမျိုး မဖြစ်ရအောင် နည်းလေး နှစ်ခုရှိပါတယ်။ တစ်နည်းက အလုပ်ခေါ်စာ စာမျက်နှာမှာ ကုမ္ပဏီနာမည် ပါဝင်ခဲ့မယ်ဆိုရင် ကုမ္ပဏီနာမည်ကို ကော်ပီလုပ်လိုက်ပါ။ အဲဒီနောက် နောက်စာမျက်နှာ တစ်ခုဖွင့်ပြီး Google ထဲမှာ ရိုက်ပြီး ရှာကြည့်ပေးပါ။ စင်္ကာပူ ကုမ္ပဏီအတော်များများမှာ ကိုယ်ပိုင် ၀ဗ်ဆိုက်တွေ ရှိနေတတ်ပြီး၊ Google ထဲမှာ အလွယ်တကူပဲ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ အချို့သော ကုမ္ပဏီတွေကတော့ ၀ဗ်ဆိုက်လိပ်စာ ရှိမနေတာမျိုး ကြုံရတတ်ပေမဲ့ အနည်းဆုံး ကုမ္ပဏီများ ကြော်ငြာလေ့ ရှိတဲ့ GreenBook လိုမျိုး ကြော်ငြာ စာမျက်နှာမှာ လိပ်စာ ရှိနေတတ်ပါတယ်။ အကယ်၍များ ကံကောင်းခဲ့မယ်ဆိုရင် ဆက်သွယ်ရန် အီးမေးလ်လိပ်စာ အပြင်၊ ဆက်သွယ်ရန် ပုဂ္ဂိုလ်ရဲ့ အမည်ပါ ပါဝင်နေတတ်တာကြောင့် ကော်ပီကူးပြီး လျှောက်ထားရုံပါပဲ။

အလုပ်လျှောက်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးပြီဆိုပါတော့။ မိမိ လျှောက်ထားတဲ့ အလုပ်အကိုင်နဲ့ မိမိရဲ့ သက်ဆိုင်ရာ လုပ်ငန်း ကျွမ်းကျင်မှုအရ အချိန်တစ်ခုအတွင်းမှာ ကုမ္ပဏီတစ်ခုခုကနေ ပြန်လည် ဆက်သွယ်လာပါလိမ့်မယ်။ ဆက်သွယ်လာတဲ့ အချိန်နဲ့ မိမိအားလပ်မဲ့ အချိန်တစ်ခုခု ချိန်ဆပြီး အင်တာဗျူး အချိန်ကို သတ်မှတ်လိုက်ပါ။ အဲဒီနောက်တော့ အင်တာဗျူးသွားဖြေ ပေါ့ဗျာ။ အဲဒီ အင်တာဗျူးမှာ အများဆုံး မေးတတ်တာတော့ ကိုယ်က ပိုတောင်းထားတဲ့ လစာကို ဘာအတွက် မင်းကို ပိုပေးရမလဲ ဆိုတဲ့ မေးခွန်းပါပဲဗျာ။ အဲဒီမေးခွန်းကို အသေအချာ ပီပီပြင်ပြင်ဖြေနိုင်မယ်ဆိုရင်တော့ အလုပ်အကိုင်ရဖို့ အများစု သေချာပြီပေါ့ဗျာ။

အလုပ်အင်တာဗျူးပြီးတဲ့နောက် ခန့်ထားမဲ့ ကုမ္ပဏီနဲ့ ကိုယ်နဲ့ ခန့်အပ်မယ်ဖြစ်ကြောင်း သဘောတူညီချက် ရပြီးပြီဆိုရင်တော့ နောက်ထပ်လုပ်စရာရှိတာ Work Pass လျှောက်ထားရေးပါ။ စင်္ကာပူနိုင်ငံမှာ အလုပ် လာလုပ်နေကြတဲ့ မြန်မာများထဲမှာ အတွေးအခေါ် လွဲနေတာ တစ်ခု ဒီနေရာမှာ ရှိနေပါတယ်။ လက်ရှိ S-pass ဖြစ်စေ၊ EP ပဲ ဖြစ်စေ ကိုင်ဆောင်ထားသူ တစ်ဦးဟာ နောက် S-pass တစ်ခု လျှောက်ထားလို့ ရမရ ဆိုတဲ့ ကိစ္စ၊ MOM ရဲ့ Statement တွေအရ လက်ရှိ Work Pass တစ်ခုခု ကိုင်ဆောင်ထားသူ တစ်ဦးဟာ နောက်ထပ် Work Pass တစ်ခုကို လက်ရှိ အလုပ်အကိုင် လုပ်ကိုင်နေဆဲ ကာလမှာပဲ လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားတဲ့ လျှောက်လွှာကို ကိုင်တွယ် သုံးသပ် ချထားပေးဖို့ စုစုပေါင်း ကြာမြင့်ချိန်ဟာ အများဆုံး ရက်သတ္တ တစ်ပတ်သာ ဖြစ်ပြီး၊ ရံဖန်ရံခါမှာ မနက်ခင်းက လျှောက်လွှာတင်တာ ညနေမှာ Approved ဖြစ်တဲ့ အထိ မြန်ဆန် တတ်ပါတယ်။ Approved ဖြစ်သွားပြီဆိုရင် ခန့်အပ်တဲ့ ကုမ္ပဏီကနေ IPA လို့ခေါ်တဲ့ In-Principle Approved Letter တောင်းဖို့ လိုပါတယ်။ Approved Letter လက်ထဲရောက်ပြီးတဲ့ နောက်မှာတော့ လက်ရှိလုပ်နေတဲ့ ကုမ္ပဏီကို အလုပ်ခန့်လွှာမှာ ပါတဲ့ သဘောတူညီချက် အတိုင်း တစ်လဖြစ်စေ၊ တစ်ပတ်ဖြစ်စေ ကြိုတင်ပြီး အလုပ်ကနေ ထွက်တော့မှာ ဖြစ်ကြောင်း အသိပေးပြောကြားရပါမယ်။ လက်ရှိ ကုမ္ပဏီကနေ နှုတ်ထွက်လွှာ (Resignation Approved Letter) ကို ယူပြီး Ministry Of Manpower မှာ သွားရောက်ပြီး ယခင် Pass ကို ပြန်အပ်၊ နောက်ထပ် Pass အသစ်ရဲ့ Approved Letter ကို ပေးအပ်တဲ့အခါမှာ MOM မိမိရဲ့ Passport မှာ အဲဒီ Pass လွှဲပြောင်းတဲ့ နေ့နဲ့ တံဆိပ်တုံးတစ်ခု ထုပေးပါလိမ့်မယ်။ Pass အသစ် ပြောင်းခြင်းဟာ ယခင် Pass လျှောက်ထားစဉ်က အချိန်ကနေ သက်တမ်း ၂ နှစ် အတွင်းမှာပဲ ရှိနေသေးတယ်ဆိုရင် ဆေးစစ်ချက် ကင်းလွတ်ခွင့်ရရှိပြီး ဆေးထပ်စစ်ဖို့ မလိုတော့ပါဘူး။ MOM မှာ Pass Card ပြား တန်ဖိုး ပေးသွင်းပြီးတဲ့ နောက်မှာတော့ ၃ ရက်ကနေ တစ်ပတ် အတွင်း Tanjong Pager မှာ ရှိတဲ့ Workpass Division မှာ ကဒ်ပြား အသစ် သွားရောက်ထုတ်ယူနိုင်ပြီ ဖြစ်ပါတယ်။

ဒီတော့ကာ လက်ရှိ စင်္ကာပူမှာ အလုပ်လုပ်နေကြသူများ အနေနဲ့ အလုပ်အကိုင် အသစ်ပြောင်းရွှေ့မှုအတွက် မလိုလားအပ်တဲ့ သို့လော သို့လော အတွေးတွေနဲ့ ပြောင်းရမလို၊ မပြောင်းရမလို ဖြစ်တာမျိုး၊ မိမိမှာ ဒီထက် ပိုမိုတဲ့ ခံစားခွင့်တွေ ရနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေရက်နဲ့ ဘာဖြစ်မယ်မှန်း မသိဘဲ စိုးရိမ်ကြောင့်ကြတွေ ကနေ ကင်းလွတ်ပြီး အလုပ်သစ်ကို စိတ်သစ်လူသစ်နဲ့ ပြောင်းရွှေ့ဖို့အရေးဟာ နှောင့်နှေးကြံ့ကြာနေရတာမျိုး ဖြစ်နေစရာ မလိုအပ်တော့ပါဘူး။

သို့ကလို၊ သို့ကလို အားထုတ်ကြိုးပမ်းပြီး သကာလ ၂၀၀၈ ခုနှစ် စက်တင်ဘာလ တစ်ရက်နေ့မှာတော့ မောင်လူအေး တစ်ယောက် စိတ်သစ်၊ လူသစ်နဲ့ ပတ်ဝန်းကျင် အသစ်မှာ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ အားမွေးရင်း … ညီအစ်ကို မောင်နှမတွေလည်း ကြိုးစားနိုင်စေဖို့ ဝေမျှလိုက်ရပါကြောင်း။

9 comments:

  1. Nice Post!!! get some knowledge from that...Cheer up bro!!! :)

    ReplyDelete
  2. thanks for sharing this post. If we have contract bond, how can i apply the next job during probation period?

    ReplyDelete
  3. Yes. You can apply another job. After getting the new job, you can discuss about the contract with current employer. Approval of Spass is not related with whether you have contract with the current employer or not.

    Thanks for reading.

    ReplyDelete
  4. Thank you so much for your reply. I'm now applying jobs. But In aggreement letter, if i cancel the contract, they will send black list to MOM and other employer. How can I discuss with the current employer.
    I'm apologize for troubling you.
    Thanks again.

    ReplyDelete
  5. In this kind of situation, you may need to discuss with your employer. Read your previous agreement properly how does it mentioned in agreement... After reading properly, if there is penalty, you surely need to discuss with your employer.

    Thanks for keeping interest on my post.

    ReplyDelete
  6. Simply want to say your article is as astonishing.
    The

    clearness in your post is simply cool and i can assume you

    are an expert on this subject. Well with your permission let me to grab
    your feed to keep

    updated with forthcoming post. Thanks a million and please carry on
    the gratifying work.

    My web page :: khyentseyeshe.com

    ReplyDelete
  7. Very good written post. It will be beneficial to anybody who utilizes it,
    as well as yours truly :).

    Keep up the good work - for

    sure i will check out more posts.

    My web-site: http://Www.Agryd.com/

    ReplyDelete

Your comment encouraged Mgluaye to write new posts in blog. It will be appreciated to write something about the post you have read...

Thank you

သူတို့ဖျက်ကြလေပြီ

Unicode Version မောင်လူအေးတို့ ဘီအိုအိပ်ချ် ရုံးတည်ရာ လှိုင် ၂ ရပ်ကွက်၊ ရတနာမွန် အိမ်ယာအတွင်းက လမ်းများမှာ ယခု ရက်သတ္တပတ်အတွင်...